တစ်ညနေခင်းမှာ ဆေးရုံခန်းတစ်ခုရဲ့ ကုတင်ပေါ်မှာ အဖိုးကြီးတစ်ယောက်ဟာ သေခါနီး မြောနေတယ်။ အခန်းထဲကို ရောက်လာတဲ့ ယူနီဖေါင်းဝတ်ထားတဲ့ စစ်သားလေးတစ်ယောက်ကို သူနာပြုဆရာမက အနားက ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး အဖိုးကြီးရဲ့ ကုတင်ဘေးမှာ ထိုင်ခိုင်းလိုက်တယ်။ ရဲဘော်လေးကို ကြည့်ရတာ ခရီးဝေးက လာခဲ့လို့ ထင်တယ် အတော်လေး ပင်ပန်းနွမ်းနယ်နေပုံရတယ်။
ရဲဘော်ဟာ ကုလားထိုင်မှာ ထိုင်ရင်း အဖိုးကြီးရဲ့ လက်ကို တယုတယ ဆုပ်ကိုင်လိုက်တယ်။ နောက်ပြီး အဖိုးကြီးရဲ့ နားအနားကပ်ပြီး စကားတွေ တိုးတိုးလေး ပြောနေတယ်။ ညပိုင်း ရောက်လာလို့ သူနာပြုဆရာမက တလှည့် စောင့်ကြည့်ပေးမယ် သူ့ကို ခနနားလိုက်ပါလို့ ပြောတယ်။ ဒါပေမဲ့ သူက ခေါင်းခါပြပြီး အဖိုးကြီးကို စကားတိုးတိုး ဆက်ပြောနေတယ်။ အဖိုးကြီးကတော့ သူ့စကားကို ကြားပုံ မရပါဘူး။
ညသန်းခေါင်ယံ ရောက်တော့ အဲဒီသူနာပြုဆရာမက သူ့ကို အနားယူဖို့ ထပ်ပြောပြန်တယ်။ ဒါပေမဲ့ သူကတော့ လက်မခံပဲ အဖိုးကြီးကို စကားလေးတွေ ဆက်ပြောနေတယ်။
မနက် ၃ နာရီလောက်မှာ အဖိုးကြီးဟာ ငြိမ်ငြိမ်သက်သက်နဲ့ အသက်ထွက်သွားတယ်။ ရဲဘော်လေးဟာ ဆုပ်ကိုင်ထားတဲ့ အဖိုးကြီးရဲ့ လက်ကိုအသာလွတ်လိုက်ပြီး သူနာပြုဆရာမကို လှမ်းခေါ်လိုက်တယ်။ စောစောက သူနာပြုဆရာမ ရောက်လာကြတယ်။ ဆရာမက အလောင်းကို ပြင်ဆင်ရမှာမို့ သူဟာ ကုလားထိုင်ကနေထပြီး အနားမှာ ရပ်ပြီး စောင့်ကြည့်နေလိုက်တယ်။
အလောင်းကို အဝတ်အစားလဲ ပိတ်ဖြူနဲ့ လွမ်းခြုံပြီးသွားတော့ သူနာပြုဆရာမက ရဲဘော်ကို ဝမ်းနည်းကြောင်း စိတ်မကောင်းကြောင်း စကားလေးတွေနဲ့ နှစ်သိမ့်စကားလေး ပြောလိုက်တယ်။
ဆရာမရဲ့ စကားမဆုံးခင်မှာ ရဲဘော်က ကြားဖြတ်ပြီး ခုလို မေးလိုက်တယ်။ "သူက ဘယ်သူလဲ" တဲ့။
ဆရာမက " ဟင် ရှင်က သူ့သား မဟုတ်ဘူးလား"
ရဲဘော်က " မဟုတ်ပါဘူး။ သူ့ကိုလဲ တခါမှ မမြင်ဖူးပါဘူး"
ဆရာမက "ဒါဆိုရင် ရှင်က သူ့ဘေးမှာ ထိုင်ပြီး ဘာလို့ သူ့လက်ကို ဆုပ်ပြီး စကားလေးတွေ ပြောနေရတာလဲ။ သူ့သား မဟုတ်ဖူးလို့ စောစောက ဘာလို့ မပြောရတာလဲ"
ရဲဘော် " ကျွန်တော့် သူငယ်ချင်းတစ်ယောက် နေမကောင်း ဖြစ်နေလို့ သူ့ကို လိုက်ရှာရင်း ဒီအခန်းထဲကို မှားပြီး ရောက်လာတာပါ။ အခန်းထဲ ရောက်တာနဲ့ ဆရာမက ကျွန်တော့်ကို သူ့သားထင်ပြီး ကုလားထိုင်ထိုးပေးလိုက်တော့ ပထမတော့ သူ့သား မဟုတ်ဘူးလို့ ရှင်းပြမလို့ပါပဲ။ ဒါပေမဲ့ အဖိုးကြီးဟာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူ့သားကို အနားမှာ ရှိနေစေချင်တယ်လို့ ထင်လိုက်တယ်။ သူ့သားကလဲ အချိန်မီ လာနိုင်ပုံ မမြင်မိဘူး။ ဒါကြောင့် ကျနော် သူ့သားကိုယ်စား နေရာဝင်ယူပေးလိုက်တာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဖိုးကြီးဟာ နောက်ဆုံး အသက်ထွက်ချိန်မှာ ပြုံးနေတာကို ကျွန်တော် မြင်လိုက်ရပါတယ်"
သင်ရော အကူအညီလိုနေသူကို သူ့လို လူသားချင်းစာနာစိတ်နဲ့ ကူညီနိုင်ပါ့မလား။
Writer- ဗန်းမော်သိန်းဖေ
Credit: ကျောက်သင်ပုန်း
စာဖတ်ခြင်းဖြင့် ပညာ ဗဟုသုတ တိုးပွားနိုင်ကြပါစေ ...
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment