အလောင်းမင်းတရားကြီး ၊ မဟာဗန္ဓုလနှင့် စလေဦးပုညတို့၏ ရုပ်ရည်များ
<><><><><><><><><><><><><><><><><
တတိယမြန်မာနိုင်ငံကို ထူထောင်ခဲ့သူ အလောင်းမင်းတရား ၊ စစ်သူကြီး မဟာဗန္ဓုလ နှင့် စာဆိုအကျော် စလေဦးပုည တို့မှာ သမိုင်းတွင် အလွန်ထင်ရှားသူများ ဖြစ်ကြပါတယ်။ သူတို့၏ ရုပ်ရည်မည်သို့ မည်ပုံရှိမည်ကို လူအများ သိချင်နေကြပေမယ့် အဲဒီခေတ်က ကင်မရာမပေါ်သေးတာကြောင့် မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့သလို ပန်းချီများလည်း မကျန်ရစ်ခဲ့တဲ့အတွက် မြင်တွေ့ရန်မဖြစ်နိုင်တော့ချေ။ သို့သော် သူတို့နှင့် လက်တွေ့ တွေ့ဆုံခဲ့သူများ၏ မှတ်တမ်းများအရ ရုပ်ရည်ပုံသဏ္ဍာန်ကိုတော့ ခန့်မှန်း၍ ရနိုင်ပါသေးတယ်။ ထိုပုဂ္ဂိုလ်ကျော်ကြီးများ၏ သွင်ပြင်အမူအရာကို ဗဟုသုတအဖြစ် ပြန်လည်ဖော်ပြလိုက်ပါတယ်။
အလောင်းမင်းတရားကြီး( ၁၇၁၄- ၁၇၆၀) ကို ဝင်ရောက်ဖူးမြင်ခဲ့သူ ကပ္ပတိန်ဘေကာ၏ ရေးသားချက်အရ မင်းတရားကြီးသည် အရပ် ၅ပေ ၁၁လက်မ ခန့်မြင့်မားပြီး ကျန်းမာသောရုပ်သဏ္ဍာန်ရှိသည်။ သန်မာသည်။ တင့်တယ်ညီညွတ်သော အလုံးအရပ် ကိုယ်ခန္ဓာရှိသည်။ မျက်နှာသည် သွယ်၏ ။ မျက်နှာပေါ်တွင် ကျောက်ပေါက်မာသက်သက် ရှိသည်။ မျက်နှာထားတည်ကြည်၍ မာတင်းသည်။ ရာဇဣနြေ္ဒနှင့်ပြည့်စုံသည်ဟု ဖော်ပြထားသည်။
စစ်သူကြီးမဟာဗန္ဓုလ(၁၇၈၂-၁၈၂၅) သည် အရပ်အမောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် ခပ်တုတ်တုတ်ဖြစ်သည်။ အရပ်ပုသည် ။ ခိုင်ခံမာကျောသော ကိုယ်ခန္ဓာရှိသည်။ အသားညိုသည် ။ မျက်စိစောင်းယောင်ယောင်ရှိသည်။ မျက်နှာထားအမူအရာ ခန့်ညားသည်။ ဣနြေ္ဒကြီးသည် ။ စိတ်သဘောထား ဖြူစင်သည်။ ရုပ်ဖြောင့်သည်။ လက်အောက်ငယ်သားများအပေါ် ညှာတာထောက်ထားတတ်ပြီး ချစ်ခင်သနားတတ်သည်။ သို့ရာတွင် စည်းစနစ်တင်းကျပ်သလို အမိန့်မရိုသေသူ ၊ မလေးစားသူ ၊ ဖီဆန်သူများကို ပြင်းထန် ရက်စက်စွာ ပြုကျင့်လေရှိသည်။
စာဆိုအကျော် စလေဦးပုည၏ အရပ်အမောင်းသည် မနိမ့်မမြင့်ရှိသည်။ အသားလတ်သည် ။ နှာတံစင်းကာ ၊ နဖူးကျယ်ပြီး ရင်ကားသည်။ ယာဘက်လက်သည် တံတောင်ဆစ်မှ လက်ဖျားအထိ သိမ်ငယ်နေသည်။ လက်ဝဲလက်ဖြင့်သာ စာရေးနိုင်သည်။ စာရေးရာတွင် အတည့်တိုင်းမရေးပဲ ပုရပိုဒ်ကိုထောင်လိုက်ထား၍ ရေးရသည်။ လက်ရေးအလွန် လှပညီညွတ်သည်။ မင်းတရားကြီး အပါးတွင် ခစားရချိန်၌ သိမ်နေသော ယာဘက်လက်ကို အင်္ကျီလက်ရှည်ဖြင့် အုပ်ထားတတ်သည် ဟု ဆိုသည်။
အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း
Credit - Ayesay
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment