Saturday, April 23, 2016

အောင်မြင်ခြင်းဆိုတာအရှုံးထဲမှပြန်ရုန်းထနိုင်ခြင်း





အောင်မြင်ခြင်းဆိုတာ အရှုံးထဲမှ ပြန်ရုန်းထနိုင်ခြင်း..
========================
အောင်မြင်ခြင်းဆိုတာ လဲကျတယ်၊ လဲမကျဘူးဆိုတာနဲ့ တိုင်းတာတာမဟုတ်ပါဘူး။ လဲကျသွားတဲ့အချိန်တိုင်း ဘယ်နှခါ ပြန်ထခဲ့သလဲဆိုတာနဲ့ပဲ တိုင်းတာပါတယ်။ တစ်ခါလဲကျရင် တစ်ခါပြန်ထမယ်။ နောက်တစ်ခါလဲကျရင် နောက်တစ်ခါပြန်ထမယ်။ ဘယ်နှကြိမ်ပဲ လဲကျခဲ့ဦးတော့ ပြန်ထပြီး ဆက်လျှောက်နေသ၍ အောင်မြင်မှုပန်းတိုင်ဆီကို တစ်စတစ်စနဲ့ ဦးတည်သွားနေဦးမှာ ဖြစ်ပါတယ်။
.
အရှုံးဆိုတာ တကယ်တမ်းတော့ မကောင်းတဲ့အရာမဟုတ်ပါဘူး။ အိမ်မက်ဆိုးလည်းပဲ မဟုတ်ပါဘူး။ ထူးထူးဆန်းဆန်းအရာလို့လည်း ခေါ်လို့လည်း မရပြန်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ အရှုံးဆိုတဲ့အရာကို ရင်းရင်းနှီးနှီးကို ထိတွေ့ဖူးကြလို့ပါပဲ။ စင်ပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီး ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူလည်း ရှုံးဖူးတယ်။ စင်နောက်မှာ ကုပ်ကုပ်ကလေး ကွေးနေပြီး အမေ့လျော့ခံလူတွေလည်း ရှုံးဖူးတယ်။ လူတိုင်းရှုံးဖူးတယ်။ ဒါဆို သေချာပါတယ်။ အရှုံးဆိုတာ ကျွန်တော်တို့ စဉ်းစားဖူးသလို ကြောက်စရာကောင်းတဲ့ ကံဆိုးမိုးမှောင်အရာတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ရင်းရင်းနှီးနှီးကို ရှိနေတဲ့အရာပါ။
.
ဒါဖြင့် လူတိုင်းဟာ ရှုံးဖူးကြရဲ့သားနဲ့ နောက်ဆုံးမှာ အောင်မြင်တဲ့သူနဲ့ လဲပြိုသွားတဲ့သူဆိုပြီး ဘာလို့များ ကွဲပြားသွားကြတာလဲ? ဒီမေးခွန်းဟာ ရှင်းပါတယ်။ တစ်ချို့က အရှုံးနွံ့ထဲက ရအောင်ရုန်းထွက်ကြတယ်။ နောက်တစ်ခါ မရှုံးအောင် ကြိုးစားတယ်။ ရှုံးသွားခဲ့ရင်လည်း ပြန်ထကြတယ်။ တစ်ချို့ကတော့ အရှုံးနွံ့ထဲမှာပဲ နစ်မြောသွားကြတယ်။ အချိန်တွေ ကုန်သွားကြတယ်။ ဘဝကြီးကို ကျေနပ်စွာ ဒူးထောက်လိုက်ကြတယ်။ ဒီမှာတင် အောင်မြင်တဲ့သူနဲ့ ရှုံးနိမ့်တဲ့သူဆိုပြီး ကွဲပြားသွားပါတော့တယ်။
.
ကျွန်တော်တို့တွေ သိထားရမှာက အရှုံးဆိုတာ အိမ်မက်ဆိုးမဟုတ်ဘဲနဲ့ ပြန်လည်ရုန်းထ တိုက်ခိုက်ရမယ့် တိုက်ပွဲတစ်ခုသာ ဖြစ်ပါတယ်။ ရှုံးမှာမကြောက်ပါနဲ့။ ရုန်းမထနိုင်မှာကိုပဲကြောက်ပါ။ လဲကျမှာ မကြောက်ပါနဲ့။ ဆက်မလျှောက်နိုင်မှာကိုပဲ ကြောက်ပါ။ အားအင်တွေ ယုတ်လျော့ပြီး အရှုံးနွံ့ထဲမှာ ဒူးထောက်တော့မယ်ဆိုတဲ့အခါတိုင်း အရှေ့ကိုကြည့်ပါ။ အောင်မြင်မှုတွေက စောင့်ကြိုနေပါတယ်။ အောင်မြင်မှုတွေက အရှေ့မှာ အဆင်သင့်ရှိနေပြီးသားပါ။ ရောက်အောင်သွား၊ မသွားဆိုတာပဲ သင့်အပေါ်မူတည်ပါတယ်။
___________
ရွှေညာမောင် (Focus Youth)
Credit: Focus Youth E-Magazine



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths