Sunday, December 4, 2016

အကျင့်ပျက်ခြစားမှုရဲ့ ထူးခြားချက်များ



အကျင့်ပျက်ခြစားမှုရဲ့ ထူးခြားချက်များ

---------------------------------------------

စီးပွားရေးပညာရှင်တို့ရဲ့ လေ့လာဆန်းစစ်ချက်မှာ စီးပွားရေးဆုတ်ယုတ်ကျဆင်းရတဲ့ အထူးအချက်တချို့ရှိတယ်။ ဥပမာ-- ဂါဝန်အညွှန်း(Hemline Index)၊ နှုတ်ခမ်းနီအညွှန်း (Lipstick Index)။ ထိုနည်းတူ နိုင်ငံတစ်နိုင်ငံရဲ့အကျင့်ပျက်ခြစားမှုမှာလည်း ထူးခြားတဲ့သတ်မှတ်ချက်ရှိတာကို တွေ့ရတယ်။ ဥပမာ-- “ကုလသမဂ္ဂရဲ့စည်းကမ်းမဲ့ယာဉ်ရပ်နားညွှန်း” တို့ဖြစ်တယ်။

၂ဝဝ၂ခုနှစ် အစောပိုင်းက ကုလသမဂ္ဂသံတမန်အရာရှိတို့ဟာ အမေရိကန်နိုင်ငံမှာ နေထိုင်နေစဉ်အတွင်း စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းကြောင့် ဒဏ်ခတ်ခံရတဲ့ပြစ်ဒဏ်ကို သံတမန်အခွင့်ထူးအဖြစ် ပြစ်ဒဏ်မဲ့ခံစားခဲ့ကြရတယ်။ သူတို့ရဲ့ကားကို ရပ်ချင်တဲ့နေရာမှာ ရပ်ခွင့်ရှိခဲ့တယ်။ တစ်ခါတလေ မီးသတ်ရေပိုက်ခေါင်းရှေ့မှာ ရပ်တာမျိုးတောင်ရှိခဲ့တယ်။

၁၉၉၇ခုနှစ်ကနေ ၂ဝဝ၂ခုနှစ်ထိ သံတမန်အရာရှိတို့ရဲ့ စည်းကမ်းမဲ့ကားရပ်နားတဲ့ပြစ်ဒဏ်ပေါင်း ၁သိန်းခွဲရှိခဲ့တယ်။ ပြစ်ဒဏ်ငွေပေါင်း ဒေါ်လာသိန်း၁၈ဝရှိခဲ့တယ်။ ဒါကို အဲဒီကာလမှာ တာဝန်ထမ်းဆောင်နေတဲ့ နယူးမြို့ မြို့တော်ဝန် Michael Bloomberg က ဘယ်သူ့ကားပဲဖြစ်ဖြစ် စည်းကမ်းမဲ့ရပ်နားရင်ဖယ်ရှားပြီး ပြစ်ဒဏ်ပေးပါလို့ ပြောခဲ့တယ်။

စီးပွားရေးပညာရှင်ဖြစ်တဲ့ ကိုလံပီယာတက္ကသိုလ်က Raymond Fishman နဲ့ ကယ်ရီဖိုးနီးယားBerkeleyတက္ကသိုလ်က Edward Miguel တို့ရဲ့လေ့လာဆန်းစစ်ချက်အရ သံတမန်အရာရှိတွေလက်ခံရရှိတဲ့ ပြစ်ဒဏ်စာရွက်ဟာ အဲဒီနိုင်ငံရဲ့အကျင့်ပျက်ခြစားမှုနဲ့ နီးကပ်ဆက်စပ်နေတာကို တွေ့ရတယ်။

သာဓကအနေနဲ့ပြရရင် ၅နှစ်အတွင်းမှာ ကူဝိတ်သံတမန်အရာရှိတွေလက်ခံရရှိတဲ့ ပြစ်ဒဏ်စာရွက်ပေါင်းက ၂၄၆ စောင်၊ အီဂျစ်သံတမန်အရာရှိတွေက ၁၃၉စောင်၊ Chad (အာဖရိကနိုင်ငံတစ်နိုင်ငံ)က ၁၂၄စောင်တို့ဖြစ်တယ်။ အဲဒီနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သိသာမြင်သာတဲ့အချက်ကတော့ အဲဒီ ၅နှစ်အတွင်း ဂျာမဏီသံတမန်တွေလက်ခံရရှိတဲ့ ပြစ်ဒဏ်စာရွက်ကတော့ ၁စောင်ဖြစ်ပြီး ဆွီဒင်၊ ဟော်လန်သံတမန်တွေကတော့ တစ်စောင်တောင်မရခဲ့ပါဘူး။

ဒါကို စီးပွားရေးပညာရှင်နှစ်ဦးက ဒီလိုကောက်ချက်ချခဲ့ပါတယ်။ “သံတမန်အရာရှိတွေရဲ့အကျင့်ပျက်မှုက သူတို့နိုင်ငံရဲ့အကျင့်ပျက်ခြစားမှုနဲ့ အနီးကပ်ဆုံးဆက်စပ်နေပါတယ်။ ပြစ်ဒဏ်စာရွက်အများဆုံးရတဲ့ နိုင်ငံ၁ဝနိုင်ငံရဲ့အကျင့်ပျက်ခြစားမှုက တစ်ကမ္ဘာလုံးရဲ့ရှေ့ဆုံးမှာရောက်နေပါတယ်။ အကျင့်ပျက်ခြစားမှုကင်းတဲ့ နိုင်ငံတွေကတော့ သံတမန်အခွင့်ထူးဆိုတဲ့အာဏာကို မသုံးကြပါဘူး”။

သံတမန်အရာရှိတွေကလည်း လူတွေထဲက လူတွေပဲဖြစ်ပါတယ်။ အထက်ကစီးပွားရေးပညာရှင်နှစ်ဦးက “သံတမန်အရာရှိတွေဟာ သူတို့နိုင်ငံနဲ့ မိုင်ပေါင်းများစွာဝေးတဲ့နေရာမှာရှိနေလည်း သူတို့ရဲ့အကျင့်အပြုအမူတွေက သူတို့နိုင်ငံမှာရှိနေစဉ်ကနဲ့ အတူတူပဲ။ အကျင့်ပျက်ခြစားခြင်းက သူတို့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့ပြီ” လို့ဆိုပါတယ်။

နယူးယောက်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခနှစ်ဦးဖြစ်တဲ့ Bruce Bueno de Mesquita နဲ့ Alastair Smith တို့က “လေယာဉ်ကွင်းလမ်းဖြောင့်တန်းမှုညွှန်း”လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအညွှန်းနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကျင့်ပျက်မှု၊ အာဏာရှင်ဆန်မှုကို သုတေသနပြုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ နိုင်ငံပေါင်း ၁၅၈နိုင်ငံရဲ့မြို့တော်တွေကနေ လေယာဉ်ကွင်းဆီ ကားနဲ့သွားရာလမ်းအကာအဝေးကို မျဉ်းဖြောင့်အကွာအဝေးနဲ့ စား(÷)ပါတယ်။ စားလို့ရတဲ့ရလဒ်ငယ်လေ လမ်းဖြောင့်လေဖြစ်ပြီး ရလဒ်ကြီးရင်တော့ လမ်းကကွေးကောက်ပါတယ်။ ရလဒ်ငယ်တဲ့နိုင်ငံ တနည်းပြောရရင် မြို့ထဲကနေ လေယာဉ်ကွင်းဆီသွားတဲ့လမ်းဖြောင့်တဲ့နိုင်ငံထဲမှာ Guinea၊ Cuba၊ Dominica, Colombia, Afghanistan, Pakistan, Yemen, Ecuador, Ethiopia နဲ့ Equatorial Guinea နိုင်ငံတွေပါတယ်။

လမ်းဖြောင့်ရတဲ့အကြောင်းရင်းတစ်ခုက လမ်းမကိုဖောက်လုပ်ချိန်မှာ ကျေးရွာ၊ အဆောက်အအုံတချို့ကို ဖြတ်သန်းရတယ်။ အစိုးရက အာဏာသုံးပြီး အဲဒီကျေးရွာ၊ အဆောက်အအုံရှိတဲ့မြေနေရာကို အသုံးပြုလိုက်တယ်။ လူတွေ မြေစားထိုးအလျော်ရတယ်။ ပွင့်လင်းမြင်သာမှုမြင့်တဲ့နိုင်ငံက အချင်းချင်းညှိနှိုင်းမှုတွေ ပြုလုပ်တယ်။ တကယ်လို့ သိမ်းယူဖယ်ရှားဖို့ခက်ခဲတယ် ဒါမှမဟုတ် အဲဒီမြေမှာနေထိုင်သူတွေကန့်ကွက်တယ်ဆိုရင် လမ်းမကြီးက ကွေ့ပတ်ပြီးဖောက်လုပ်ရတယ်။ ပွင့်လင်းမြင်သာမှုနိမ့်တဲ့နိုင်ငံကတော့ မြေတွေကို အာဏာနဲ့သိမ်းယူဖယ်ရှားတာမို့ လမ်းကဖြောင့်နေပါတယ်။

နောက်အကြောင်းရင်းတစ်ခုက အကျင့်ပျက်မှုမြင့်တဲ့နိုင်ငံက လက်ရှိအာဏာရသူဟာ လေယာဉ်ကွင်းနဲ့ အကွာအဝေးအနီးဆုံးလမ်းမကြီးတစ်ခုကို ပိုလိုအပ်ပါတယ်။ သူတို့က အာဏာကိုအသုံးပြုပြီး လူတွေရဲ့မြေကိုသိမ်းယူတာကြောင့် ပိုဖြောင့်တဲ့လမ်း၊ ပိုနီးတဲ့လမ်းကို ဖောက်ယူနိုင်ပါတယ်။ ပွင့်လင်းမြင်သာမှုမြင့်တဲ့နိုင်ငံခေါင်းဆောင်တွေ အာဏာကိုအလွယ်တကူ အလွဲသုံးစားလုပ်ရင် သူတို့ဟာ နိုင်ငံရေးမှာ ပိုပေးဆပ်ရတတ်ပါတယ်။

*** ဂါဝန်အညွှန်း (Hemline Index)က အမျိုးသမီးတို့ရဲ့ဂါဝန်တိုလေ စတော့ပ်ဈေးတက်လေ၊ ရှည်လေ စတော့ပ်ဈေးကျလေလို့ဆိုပါတယ်။ အပြည့်အစုံကို ဂူဂယ်လ်မှာရှာဖတ်ကြည့်နိုင်ပါတယ်။

နှုတ်ခမ်းနီအညွှန်း (Lipstick Index)က အမျိုးသမီးတွေ နှုတ်ခမ်းနီအဝယ်များရင် စီးပွားရေးကျဆင်းတဲ့လက္ခဏာလို့ဆိုတယ်။ စီးပွားရေးကျရင် တခြားတန်ဖိုးကြီးအလှကုန်တွေ မဝယ်နိုင်ကြတော့ဘူး။ တန်ဖိုးကြီးတာတွေမဝယ်နိုင်သည့်တိုင် အမျိုးသမီးတွေဟာ တန်ဖိုးနည်းတဲ့ နှုတ်ခမ်းနီကိုတော့ ဝယ်ကြတယ်လို့ဆိုတယ်။ ဒါကြောင့် နှုတ်ခမ်းနီအဝယ်လိုက်တာဟာ စီးပွားရေးကျဆင်းရဲ့လက္ခဏာလို့ဆိုတယ်။ အပြည့်အစုံကို ဂူဂယ်လ်မှာရှာဖတ်ကြည့်နိုင်ပါတယ်။ ကျွန်မက အကြမ်းဖျင်းပဲဖတ်ပါတယ်။

မူရင်းလင့် -- http://www.85nian.net/wenming/36989.html

နိုင်းနိုင်းစနေ (Nov.3.2015)

Credit #NineNineSaNay @ နိုင်းနိုင်းစနေ


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths