Tuesday, February 21, 2017

ပိုက်ဆံ



ကျွန်တော်တို့ အများစုသည် ငွေကြေး ခေါ် ပိုက်ဆံကို နေ့စဉ် ရှာဖွေနေကြရပါသည်။ ငွေမရှိလျှင်လည်း ကျွန်တော်တို့လုပ်ချင်တဲ့ အလုပ်တွေ လုပ်လို့မဖြစ်နိုင်တော့ ငွေရှိမှ ဖြစ်မှာဆိုပြီး ငွေကိုအမြဲမပြတ် ရှာဖွေနေကြရပါသည်။ ရှာဖွေရရှိလာသော ပိုက်ဆံတို့ဖြင့် နေ့စဉ်ဘ၀ထဲမှာ ကျွန်တော်တို့ လိုအပ်နေသော စားဝတ်နေရေး ကျန်းမာရေး အစရှိသော ဘ၀ပြဿနာများကို ဖြေရှင်းနေကြရပါသည်။ အချို့ကလည်း ငွေသည် ဒုတိယဘုရားသခင် ဖြစ်သည်ဟု ပြောဆိုကြတာလည်း ရှိပါသည်။ ပိုက်ဆံမည်မျှ ချမ်းသာ ပိုင်ဆိုင်သည်ဖြစ်စေ ထပ်ကာထပ်ကာ အမြဲမပြတ် ရှာဖွေနေကြရပါသည်။

ပစ္စည်းဥစ္စာ ချမ်းသာပြည့်စုံသူလည်း ငွေကြေး ရှာဖွေနေကြရသလို ဆင်းရဲချို့တဲ့သူများလည်း ရှာဖွေနေကြရသည်သာ ဖြစ်ပါသည်။ စားဝတ်နေရေးအတွက် မပူမပင် မကြောင့်ကြရဘဲ ငြိမ်းချမ်းသာယာသော ဘ၀တစ်ခု ပိုင်ဆိုင်ဖို့ဆိုလျှင် ပိုက်ဆံများသည် အတိုင်းအတာ တစ်ခုအထိ ထောက်ပံ့ ပါဝင်နေသည်ဟု ထင်ပါသည်။ ပိုက်ဆံတို့သည် လူတစ်ယောက်ရဲ့ ဘ၀ကို ပြောင်းလဲပေးနိုင်သည်ဟု ထင်ပါသည်။ လူအချို့သည် ငွေကြေးကြောင့် ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်ရပြီး အချို့မှာ ငွေကြေးကြောင့် ပင်ပန်းဆင်ရဲသော ဘ၀ကို ပိုင်ဆိုင်နေကြရသည်ဟု ထင်ပါသည်။

ကျွန်တော် ကလေးဘ၀တုန်းက ပိုက်ဆံလိုချင်လို့ လုပ်ခဲ့ရသော အလုပ်တွေ ရှိခဲ့ဖူးပါသည်။ အဘွားရဲ့ ညီမနဲ့မောင်မှာ မောင်နှမ နှစ်ယောက်တည်း နေထိုင်ကြပြီး အိမ်မှာ တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်ဖို့၊ သောက်ရေသုံးရေ ခပ်ပေးဖို့ လူမရှိကြပါ။ သူတို့အိမ်မှာ တစ်ခုခု လုပ်စရာရှိလျှင် သူတို့မြေးဖြစ်သော ကျွန်တော်တို့ မောင်နှမတွေကို ခိုင်းလေ့ ရှိကြပါသည်။ အလုပ်ခိုင်းတဲ့အခါတိုင်း ကျွန်တော်တို့ကို ပိုက်ဆံ တစ်ယောက်တစ်ကျပ် အမြဲပေးလေ့ ရှိပါသည်။ ရေခပ်သော ရေတွင်းမှာ သူတို့အိမ်နှင့် မနီးအဝေးမှာရှိရာ ရှေ့နောက် လွယ်ထားသော ပုံးနှစ်ပုံးဖြင့် ကျွန်တော် တစ်ယောက်တည်း မကြာခဏ သွားခပ်ပေးလေ့ ရှိပါသည်။ သူတို့လင်မယားသည် လယ်ယာမြေပေါများပြီး စီးပွားရေးလည်း အဆင်ပြေကြသဖြင့် ငွေပိုငွေလျှံ အမြဲရှိကြရာ ကျွန်တော်ကလည်း ကျောင်းမှာသုံးဖို့ ငွေလိုတဲ့အခါတိုင်း ထိုအဘွားအိမ်မှာ ရေးခပ်ပေး၊ တံမျက်စည်းလှည်းပေး လုပ်ပေးလေ့ရှိပါသည်။

ထိုအခါ အဘွားသည် သူ့အိပ်ရာ ဖျာအောက်မှာ ထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါသော တစ်ကျပ်တန်လေးများကို ဖြည်းညင်းစွာ လက်ဖြင့်ယူပြီး ပေးလေ့ရှိပါသည်။ ထိုပိုက်ဆံ တစ်ကျပ်တန်များသည် မုန့်ဝယ်စားလျှင် အမြောက်အမြားရပြီး ကစားစရာပစ္စည်း တစ်ခုခုဝယ်လျှင်လည်း အတော်များများ ရပါသည်။ ပြားငါးဆယ်တန်၊ တစ်ကျပ်တန်များသည် ကျွန်တော့်ကို ကျောင်းရောက်သောအခါ သူငယ်ချင်းတွေကြားမှာ မျက်နှာရစေပါသည်။ အမေ့ရဲ့ အဒေါ်ဖြစ်သော ထိုအဘွားရဲ့ ဖျာအောက်က ပိုက်ဆံတစ်ကျပ်တန် အနွမ်းများကို ကျွန်တော့်မျက်လုံးထဲတွင် ယနေ့အချိန်ထိ မြင်ယောင် စွဲလန်းနေမိပါသည်။ ပိုက်ဆံများသည် ကျွန်တော်တို့ကို ပျော်ရွှင်မှုပေးသလို စိုးရိမ်ထိတ်လန့်မှုကိုလည်း ပေးလေ့ ရှိပြန်ပါသည်။

တစ်ခါက ကျွန်တော် နယ်ပြန်သွားတော့ ဦးလေးကြီးတစ်ယောက် ပြောပြသည်မှာ နိုင်ငံခြားမှာရှိနေတဲ့ သူ့သားက တစ်ခါက ငွေအမြောက်အမြား လွှဲကြောင်း၊ သူ့သား အကြံပေးချက်အတိုင်း မြို့ပေါ်ရှိ ဘဏ်သွားအပ်ဖို့ လုပ်ကြောင်း၊ မြို့ပေါ်ရောက်တဲ့အခါ ပိုက်ဆံအိတ်ကို လက်ဖြင့်ပိုက်ကာ အခြားသူတွေ လုယူသွားမှာ ကြောက်လန့်စိတ်ဖြင့် သွားလာခဲ့ရကြောင်း ပြောပြပါသည်။ ကျွန်တော့်မျက်လုံးထဲမှာ ရိုးသားကြိုးစားသော ပုံမှန်ဝင်ငွေဖြင့် နေထိုင်သော တောသူတောင်သား တစ်ယောက်၏ ငွေကြေးကြောင့် ပူလောင် ပြာယာခတ်နေပုံကို မြင်ယောင်နေမိပါသည်။ သူကဆက်ပြောသည်မှာ သူ့ဘေးနားကနေ တစ်ယောက်ယောက် ဖြတ်သွားတာကိုပင် သူ့မှာကြောက်လန့် နေခဲ့ရကြောင်း၊ မြို့တွေမှာ တို့ဆေးတွေ ခေတ်စားနေတာ ကြားသိရသောကြောင့် တို့ဆေးဖြင့်တို့ပြီး ပိုက်ဆံ လုယူသွားမှာကို သူကြောက်ကြောင်း၊ ထို့အပြင် သူ့အသက်အန္တရာယ် တစ်ခုခု ကျရောက်သွားမှာ ကြောက်ရွံ့ကြောင်း ဆက်လက် ပြောဆိုပါသည်။

လူတို့သည် ငွေကြောင့် ပျော်ရွှင်ကြရတာ ရှိသလို ငွေကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြတာလည်း ရှိပါသည်။ အချို့မှာငွေကို အသုံးပြုကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ဖြစ်တာရှိသလို ငွေရလျှင် ဘာမဆိုလုပ်ရလျှင် ပြီးရောဆိုပြီး သူများခိုင်းသမျှ ဒုစရိုက်အမှုတွေ ပြုလုပ်ကြတာလည်း ရှိနေမည် ထင်ပါသည်။ ငွေရလိုမှု တစ်ခုတည်းဖြင့် သနားကြင်နာမှု၊ ကိုယ်ကျင့်တရား၊ လူအချင်းချင်း တန်ဖိုးထားခြင်း အစရှိသော ကောင်းမွန်သော စိတ်နေစိတ်ထားများပင် မရှိကြတော့ဘဲ ကြေးစားလူသတ်ကြတဲ့ သတင်းများကိုပင် စိတ်မကောင်းစွာ ကြားသိနေကြရပါသည်။ ငွေကြေးသည် ချစ်မက်စရာလည်း ကောင်းသလို ကြောက်စရာလည်း ကောင်းသောအရာ ဖြစ်မည်ထင်ပါသည်။

မကြာသေးခင်အချိန်က ရန်ကုန် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် အနှေးယာဉ် လုပ်သားတစ်ဦးမှ အိမ်စရိတ်အဖြစ် တစ်နေ့ ၂၅၀၀ မပေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားခဲ့သော သတင်းကိုလည်း စိတ်မကောင်းစွာ ဖတ်ရှုခဲ့ကြရပါသည်။ ပိုက်ဆံသည် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သလို လူ့အသက်ကိုပင် သေဆုံးစေနိုင်ကြောင်းလည်း တွေ့မြင်ရပြန်ပါသည်။ အချို့မှာ ငွေကြေးကို အခြေခံပြုကာ ကိုယ်တက်ရောက်ချင်သော ပညာရေး၊ သင်တန်းများကို အဆက်မပြတ် သင်ယူနိုင်ကြတာလည်း ရှိသလို အချို့မှာ ငွေကြေး မတတ်နိုင်သောကြောင့် ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ယူနိုင်ဘဲ ကျောင်းထွက်လိုက်ရတာမျိုးလည်း ရှိကြပါသည်။ အတော်များများကတော့ လူတစ်ယောက် ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကို ငွေကြေးနှင့်ပင် ဆုံးဖြတ်ကြတာ များပါသည်။

ဘ၀တစ်ခုတွင် ငွေကြေးသည် အတိုင်းအတာတစ်ခုထိ အကျိုးကျေးဇူးပြုသလို ကိုယ်ပြုလုပ်ချင်သော ကိစ္စရပ် အတော်များများ ပြုလုပ်ဖို့အတွက်လည်း အထောက်အကူ ပြုပါသည်။ တကယ်တော့ ငွေဆိုသည်မှာ လူတစ်ယောက်ရဲ့ဘ၀ကို အများအားဖြင့် ကျေးဇူးပြုသည် မှန်သော်လည်း ကောင်းကျိုးလည်း ပေးသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါသည်။ ငွေကြေးလိုချင်လို့ သတ်ဖြတ်ကြခြင်း၊ ဓားပြတိုက်လုယက်ကြခြင်း၊ ခိုးယူကြခြင်းနှင့် အခြားသော ဥပဒေချိုးဖောက်မှုများကို ကျူးလွန်ကြတာမျိုး မကြာခဏ ကြားသိကြရပါသည်။

ကျွန်တော်နေသော ရပ်ကွက်ထဲမှာ လမ်းတစ်ခုထဲရှိ အိမ်တစ်အိမ်မှာ နေ့လယ်ခင်းဆိုလျှင် တစ်အိမ်လုံး အလုပ်သွားကြသောကြောင့် အသက်ခုနစ်ဆယ်ကျော် အဘိုးအို တစ်ယောက်ပဲ ကျန်နေခဲ့တတ်ပါသည်။ တစ်ရက်မှာ ဘယ်မှမသွားနိုင်ဘဲ နေ့စဉ်အခန်းအောင်းနေတတ်ပြီး အိမ်မှာဘယ်သူမှမရှိတဲ့ အချိန် အိမ်ကိုစောင့်ရှောက်နေရခြင်း ဖြစ်ပါသည်။

တစ်နေ့သောအခါမှာ ညနေခင်း အလုပ်ပြီးလို့ အိမ်သူအိမ်သားတွေ ပြန်လာချိန်မှာတော့ ထိုအဘိုးအိုမှာ သတ်ဖြတ်ခံထားရပြီး အိမ်ရှိငွေကြေးနှင့်အတူ အဖိုးတန်ပစ္စည်းများ ယူဆောင်သွားကြခြင်းကို အံ့သြထိတ်လန့်စွာ တွေ့မြင်ကြရပါသည်။ ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များတွင် ထိုကဲ့သို့သော လူပြတ်ချိန်မှာ တိုက်ခန်းများ အတွင်းသို့ လူသူကင်းရှင်းချိန် ၀င်ရောက်သတ်ဖြတ်ကာ ငွေကြေးပစ္စည်းများ ယူငင်သွားကြသော ပြဿနာများကို မကြာခဏ ကြားသိကြရပါသည်။ အသတ်ခံရသူမှာလည်း ငွေကြေးကြောင့်ပင် သတ်ဖြတ်ခံရခြင်း ဖြစ်သလို သတ်ဖြတ်သူမှာလည်း ငွေကြေးကြောင့်ပင် တရားဥပဒေကို ဖောက်ဖျက် ကျူးလွန်နေခြင်း ဖြစ်ပါသည်။ ငွေကြေးလိုချင်လို့ တန်ဖိုးရှိသော လူ့အသက်ကို သတ်ဖြတ်ကြသော အဖြစ်အပျက်မှာ လူသိထင်ရှားဖြစ်သော ကိစ္စများရှိသလို လူမသိ သူမသိ သတ်ဖြတ်လုယူကြသော ကိစ္စများလည်း အမြောက်အမြား ရှိနေနိုင်ပါသည်။ အချို့က ငွေကြေးဆိုသည်မှာ အဆိပ်အတောက် ဖြစ်သည်ဟုလည်း ဆိုကြပါသည်။

ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်လည်း ငွေကြေး အရှုပ်တော်ပုံများ၊ လာဘ်စားမှု ခြစားမှုများ၊ ငွေကြေးလိမ်လည် လှည့်ဖျားမှု သတင်းများကို မကြာခဏ ကြားသိကြရပါသည်။ ငွေကြေးကြောင့်ပင် အချို့မှာအောင်မြင်ကြပြီး ငွေကြေးကြောင့် ပင်ရှုံးနိမ့်ကြတာမျိုးလည်း ရှိမည်ထင်ပါသည်။ ငွေကြေးဟုခေါ်သော ပိုက်ဆံကို ပုံစံအမျိုးဖြင့် နေ့စဉ်ရှာဖွေနေကြပါသည်။ အချို့က ၀န်းထမ်းအဖြစ်၊ အချို့က ပညာရှင်အဖြစ်၊ အချို့က စီးပွားရေးလုပ်ငန်းရှင်အဖြစ်၊ အချို့က ကိုယ်ပိုင်လုပ်ငန်းများ စသည် ပုံစံအမျိုးမျိုး အသုံးပြုကာ ရှာဖွေနေကြပါသည်။ နိုင်ငံရေး စီးပွားရေး ပညာရေး အစရှိသော အရေးပေါင်းများစွာတွင် ငွေသည်အတိုင်းအတာ တစ်ခုထိ အထောက်အပံ့ပေးပြီး ကျေးဇူးပြုနေပါသည်။ ငွေသည် လူတစ်ယောက်ကို ဂုဏ်သိက္ခာကျအောင်လည်း လုပ်ပေးသလို ဂုဏ်သိက္ခာတတ်အောင်လည်း လုပ်ပေးပါသည်။ လူအချို့မှာ ငွေကြေးပြည့်စုံ ချမ်းသာမှုကို အကြောင်းပြုကာ မကောင်းမှုများ ပြုလုပ်ကြသူများလည်း ရှိနိုင်သလို ကောင်းမှုပြုလုပ်ကြသူများလည်း ရှိနိုင်ပါသည်။ အချို့သည် မိမိပိုင်ဆိုင်သော ငွေကို ကိုယ့်အတွက်ပဲ အသုံးပြုပြီး အချို့ကတော့ ကိုယ်ပိုင်ဆိုင်သော ငွေကြေးနှင့် အခြားအရာများကို အခြားသူများအတွက်ပါ အသုံးပြုကြတာလည်းရှိမည် ထင်ပါသည်။ ငွေကြေးပြည့်စုံတာချင်းတူလျှင်တောင် အခြားသူများအကျိုးအတွက် ဆောင်ရွက်ပေးသော၊ ပရဟိတ ပြုလုပ်တတ်သောသူများကို ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်က အထင်ကြီးလေးစား ရှိကြပါသည်။

အမှန်တကယ်တော့ ငွေကြေးပေး၍ မရရှိနိုင်သော အရာများလည်း ဤကမ္ဘာပေါ်တွင် ရှိနေပါသည်။ ချစ်ခြင်းမေတ္တာ၊ သစ္စာတရား၊ သည်းခံမှု၊ သနားကြင်နာတတ်မှု၊ အနစ်နာခံမှု၊ သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုစိတ် အစရှိသော အရာများမှာ ဦးနှောက်နဲ့ နှလုံးသား အရည်အသွေးနှင့် အသာအဓိက သက်ဆိုင်သော အရာများဖြစ်မည် ထင်ပါသည်။

အချို့ ငွေကြေးဥစ္စာ ပြည့်စုံကြသော်လည်း အခြားဆင်းရဲနွမ်းပါးပြီး ဒုက္ခရောက်နေသောသူများအပေါ် သနားကြင်နာတတ်သော စိတ်များမရှိသောကြောင့် သူတစ်ပါး အကျိုးကို မဆောင်ရွက်ကြတာမျိုးလည်း ရှိနေမည် ထင်ပါသည်။ လူအချို့မှာ ငွေကြေး မပြည့်စုံသော်လည်း သူတစ်ပါးအပေါ် သနားကြင်နာတတ်မှု စိတ်စေတနာတို့ဖြင့် စွမ်းနိုင်သရွေ့ လိုက်လံကူညီ ဆောင်ရွက်ပေးနေကြတာမျိုးလည်း မကြာခဏ ကြားသိခဲ့ဖူးပါသည်။

မြန်မာစကားတွင် သုံးတတ်လျှင် ဆေး၊ မသုံးတတ်လျှင်ဘေးဆိုသော စကားနှင့် နှိုင်းယှဉ် နားလည်မည်ဆိုလျှင်လည်း ရနိုင်မည် ထင်ပါသည်။ ငွေကြေးရှာဖွေသည့် နေရာမှာလည်း အခြားသူများ၏ ဘ၀ကို မထိခိုက်စေဘဲ ရှာဖွေပြီး ရရှိလာသော ငွေကြေးဥစ္စာများကိုလည်း မိမိအတွက်သာမက သူတစ်ပါးအတွက်ပါ စွမ်းနိုင်သရွေ့ အသုံးပြုသင့်သည်ဟု ထင်ပါသည်။ အချို့က ငွေကြေးကို ကိုယ့်အတွက်သာ သုံးစွဲမှုဖြင့် ကိုယ့်ပျော်ရွှင်မှုကို ရှာဖွေပြီး အချို့ကလည်း ကိုယ်ပိုင်ငွေကြေးကို အခြားသူများအတွက်ပါ သုံးစွဲပြီး ပျော်ရွှင်ဝမ်းမြောက်မှုကို ရှာဖွေကြသည်လည်း ရှိကြပါသည်။ ပိုက်ဆံဖြင့် ပေးဝယ်လို့ရသော အရာများရှိသလို ပိုက်ဆံဖြင့် ပေးဝယ်လို့မရသော အရာများလည်း ရှိနေလိမ့်မည် ထင်ပါသည်။ ကျွန်တော်တို့သည် အသုံးပြုပုံပြုနည်း ကွာခြားနေမည်ဖြစ်သော်လည်း ငွေကြေးဟုခေါ်သော ပိုက်ဆံကို ဆက်လက် ရှာဖွေနေကြရဦးမည်သာ ဖြစ်ပါသည်။

Writer: 

ဆောင်းဝေ (နတ်မောက်)


အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မြန်မာလူငယ်နည်းပညာပရဟိတအသင်းသို့ Online မှတစ်ဆင့် အလှုငွေ ပေးလှူလိုပါက ဖုန်းနံပါတ် ၀၉၉၆၂၃၈၅၅၄၂ သို့ နှစ်သက်ရာဖုန်းငွေဖြည့်ကဒ်ဖြင့်ပေးပို့လှူဒါန်းနိုင်ပါသည်


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths