Sunday, November 15, 2015

COCကပေးတဲ့ဘဝအောင်မြင်မှုနည်းလမ်းများ


အထက (၁) ပြည်မြို့မှာ ကျင်းပပြုလုပ်တဲ့ Barcamp Pyay 2015 မှာ တက်ရောက်ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လာ တဲ့အချိန်မှာ မနှစ်ကလည်းမတက်ဖြစ်တဲ့အတွက် ဒီနှစ်တော့ရောက်အောင်တက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ကိုသွားတဲ့ညအထိ ဘာပြောရမလဲ မဆုံးဖြတ်ရသေးပါဘူး။ ၂၀၁၃ခုနှစ်က စပြီးဆွေးနွေးပွဲ၊ဟောပြောပွဲတွေ ပြောဖြစ်တာ လက်ရှိအချိန်အထိပွဲပေါင်း ၄၀ ကျော် ၅၀နီးပါးပြောဖြစ်ခဲ့တော့ အကြောင်းအရာတွေလည်းတော်တော်စုံနေပါပြီ။ အဲဒါနဲ့ ဘာပြောရင်ကောင်းမလဲ စဉ်းစားရင်း အရင်က အွန်လိုင်းမှာ တစ်ခါပြောဖူးတဲ့ C.O.C ဂိမ်းအကြောင်းသွားသတိရမိတယ်။ အဲဒါနဲ့ ဒီခေါင်းစဉ်ဖြစ်တဲ့ စီအိုစီ ဂိမ်းကပေးတဲ့ ဘ၀အောင်မြင်ရေးနည်းဗျူဟာကိုပေးလိုက်တာပါ။ 
C.O.C ဂိမ်းဟာ လူကြီးလူငယ် ယောကျာ်းလေး၊ မိန်းကလေး တော်တော်များများကိုဖမ်းစားထားတဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဆော့ကြည့်ပါတယ်။ ဆော့ကြည့်ပြီးတော့ ထုံးစံအတိုင်း လူငယ်တွေအတွက် အဲဒီအထဲက ဘာဆွဲထုတ်ရမလဲ စဉ်းစားကြည့်ပါတယ်။ C.O.C ဂိမ်းဟာ Strategy ဂိမ်းအမျိုးအစားတစ်ခုပါ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ Town Hall Level နဲ့ သင့်တော်တဲ့ Defense နဲ့ Troop တွေကိုပေးထားပါတယ်။ တကယ်လို့ Defense တွေ Troop တွေကို တင်ချင်တယ်ဆိုရင် Town Hall Level ကို ထပ်တင်ဖို့လိုပါတယ်။ ထို့အတူ ကျွန်တော်တို့ဘ၀မှာလည်း ကိုယ့်အသက်အရွယ်နဲ့ရှိသင့်တဲ့ အသိပညာ ဗဟုသုတ၊ အတတ်ပညာအရည်အချင်းတွေရှိဖို့လိုပါတယ်။ 
C.O.C ဂိမ်းမှာ ကိုယ်ကတိုက်တော့မယ်ဆိုရင် ကိုယ့်ပြိုင်ဘက်ကို ရွေးတဲ့အခါ trophy, gold, elixir  စသည်ဖြင့် ကိုယ်ဘာလိုချင်တာလဲဆိုတာကို ရွေးကြပါတယ်။ ပြီးတော့သူမှာရှိတဲ့ Defense  ကိုကြည့်ပြီး ကိုယ့်မှာပါလာတဲ့ Troop နဲ့ နှိုင်းယှဉ်ပြီးတော့မှ တိုက်ဖို့ဆုံးဖြတ်ပါတယ်။ ဒါ့အပြင် troop ကို စထုတ်တဲ့အချိန်မှာလည်း Giant, Barbarian, archer, wall breaker, dragon စသည်ဖြင့် ဘယ်သူ့ကိုစထုတ်မလဲ ကိုယ်တိုက်မယ့် စခန်းရဲ့ Defense အခြေအနေအရ ဘယ်နေရာကစ၀င်မလဲဆိုတာတွေကို သေသေချာချာ ဆုံးဖြတ်ရပါမယ်။ 
ထို့အတူ ဘ၀အတွက် အလုပ်လုပ်တဲ့အခါ C.O.C ဂိမ်းတိုက်မယ့် အချိန်မှာ ဘာကိုအဓိကလိုချင်လဲ ရွေးသလိုမျိုး ကိုယ့်ရဲ့လိုအပ်ချက်အလိုက် ဦးစားပေးသတ်မှတ်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့လိုပါတယ်။ ပြီးတော့ ဘ၀မှာယှဉ်ပြိုင်မှုတွေ အခက်အခဲတွေကြုံလာတဲ့အခါ C.O.C ဂိမ်းထဲမှာ ပြိုင်ဘက်ရဲ့ Defense နဲ့ ကိုယ့်ရဲ့ Troop တွေကို နှိုင်းယှဉ်သလိုမျိုး ပြိုင်ဘက်ရဲ့အားနည်းချက်၊ အားသာချက်၊ ကိုယ့်မှာရှိတဲ့စွမ်းရည်တွေကို သေသေချာချာ သုံးသပ်ပြီး Troop တွေထုတ်တဲ့အခါ ပြိုင်ဘက်ကိုကြည့်ပြီး အမျိုးအစား၊ နေရာရွေးသလိုမျိုး ကိုယ့်ပြိုင်ဘက်ရဲ့ဘယ်အချက်နဲ့ကိုယ့်ရဲ့ဘယ်အားသာချက်ကို အစီအစဉ်အလိုက် အသုံးချရမလဲဆိုတာကို သုံးသပ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ဖို့လိုပါတယ်။ 
ဒီလိုနဲ့ C.O.C ဂိမ်းမှာ Town Hall Level 6 လောက်ရောက်လာရင် Clan ထဲကိုဝင်ကြပါတယ်။ Clan ကို မ၀င်ခင် Donation  ဘယ်လောက်ရှိလဲ War Win ဘယ်လောက်ရှိလဲ ဆိုတာကိုကြည့်ရပြန်ပါတယ်။ ထို့ အတူပဲ ကိုယ်ကအရည်အချင်း အတိုင်းအတာတစ်ခုအထိ ပြည့်စုံလာလို့ အလုပ်ဝင်မယ့်အချိန်မှာ ကိုယ်လုပ်မယ့် ကုမ္ပဏီကကိုယ့်အတွက် ဘယ်လောက်အဆင်ပြေမလဲ သူ့ရဲ့အဆင့်အတန်းက ဘယ်လောက်လဲစတာတွေကို သေသေ ချာချာလေ့လာဖို့လိုပါတယ်။ ဒီလိုနဲ့ Clan War တိုက်ကြမယ့်အချိန်မှာ မတိုက်ခင်ကတည်းကပြိုင် ဘက် Clan ထဲက Village တွေကို လေ့လာရပြန်ပါတယ်။ ပြီးတော့ ကိုယ်နိုင်လောက်တဲ့ Village ကို အ ချိန်မီဝင်တိုက်နိုင်ဖို့လိုပါတယ်။ လူ့လောကကြီးမှာအဲဒီလိုမျိုး လုပ်ငန်းကိစ္စတစ်ခုကို ကြိုတင်သုံးသပ်ဆုံးဖြတ်ပြီး အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ဖို့လိုပါတယ်။ Clan War တိုက်တဲ့အချိန်မှာ War Win အတွက် 3 Stars ရအောင်ယူမလား ကိုယ့်အတွက် Bonus ရရင်ပြီးရော 1 Star  ဖြစ်ဖြစ် 2 Stars ဖြစ်ဖြစ် တိုက်မလား၊ ဒါကို War ရဲ့ အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ရပါတယ်။ ထို့အတူ လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ Clan War မှာ 3 Stars ရအောင်တိုက်သလိုမျိုး အများအတွက် ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်လေးထား တတ်ဖို့လိုပါတယ်။ 
Clan War စတော့မယ် ဒါမှမဟုတ် Attack လုပ်တော့မယ်ဆိုရင် Clan ထဲမှာ အပြန်အလှန် အကူအညီ တောင်းပြီး Donate လုပ်ပေးကြပါတယ်။ အပြင်လောကမှာ လည်းလုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်မှာ အဲဒီလို အပြန်အလှန် ကူညီပေးကြဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက Clan Leader က ကိုယ့်ကို Dragon ကို Donate  လုပ်ပေးချင်ရင်တောင်မှ ကိုယ့်ရဲ့ Clan Level က DG ကို လက်ခံနိုင်တဲ့ Level ဖြစ်ဖို့လိုပါတယ်။ ထို့အတူ ကိုယ့်ကိုလုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်မှာ အသိပညာ၊ဗဟုသုတ၊ အတတ်ပညာတစ်ခုခု မျှဝေပေးမယ်ဆိုရင် ကိုယ်ကသူပေးတာကို လက်ခံနိုင်တဲ့အနေအထားရှိဖို့လိုပါတယ်။ Clan ထဲမှာ ကိုယ်ကပုံစံမကျရင် Kick Out လုပ်ခံရတာမျိုးရှိတတ်သလို Clan က Donate အဆင်မပြေတာပဲဖြစ်ဖြစ်၊ ကိုယ်ကအကောင်းဆုံးတိုက်ပေးမယ့် အခြားသူတွေကအဆင် မပြေလို့ War Win မရတာများလာရင်လည်း Clan ကထွက်တတ်ကြပါတယ်။ ထို့အတူလုပ်ငန်းခွင်မှာ ကိုယ်ကစွမ်းဆောင်ရည်နည်းပါးရင် နောက်ကျန်နေခဲ့နိုင်သလို ကိုယ့်အတွက်အဆင် မပြေတဲ့လုပ်ငန်းခွင်ဆိုရင်လည်း အချိန်မီထွက်လာနိုင်ဖို့လိုပါတယ်။ 
C.O.C ဂိမ်းဆော့တဲ့အခါ ကိုယ့်ရဲ့ Village မှာ Town Hall Level နဲ့ အညီ Defense တွေလည်းမြှင့်ရသလို Troop တွေစုံလင်အောင် Barrack တွေကိုလည်းမြှင့်ပေးရပါတယ်။ ဒါတင်မက တည်ဆောက်ရေးလုပ်ငန်း တွေအတွက် Troop တွေထုတ်ဖို့အတွက် လိုအပ်တဲ့ Gold, Elixir, Dark Elixir တွေထုပ်ပေးတဲ့ Collector တွေကိုလည်းမြှင့်ပေးရပါတယ်။ လူ့လောကမှာလည်း ကိုယ့်အသက်အရွယ်နဲ့ လိုက်ရောညီထွေဖြစ်တဲ့ အသိပညာ၊ ဗဟုသုတ၊ အတတ်ပညာ၊ ငွေကြေးစတာတွေကို မြှင့်တင်နိုင်အောင် ကြိုးစားကြရပါမယ်။ Troop တွေကိုလည်း Lab ထဲမှာ Level တွေမြှင့်ပေးနေသလို ကိုယ့်ရဲ့အရည်အသွေးတွေ အရည်အချင်းတွေကိုလည်း upgrade လုပ်နေဖို့လိုပါတယ်။ နောက်တစ်ခုက Village ကို Torch, Cornflower Bed, Sunflower Bed, Weather Vane, Flag စတာတွေနဲ့ Decoration လုပ်လေ့ရှိကြပါတယ်။ အဲဒီလိုအလှဆင်တာမျိုးက ကိုယ့်ကအတိုင်းအတာ တစ်ခုအထိပြည့်စုံပြီး ပိုလျှံမှလုပ်သလိုမျိုး ဘ၀မှာလည်း တကယ်လိုအပ်တဲ့အရာတွေ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှ လိုချင်တာတွေကို ၀ယ်သင့်လုပ်သင့်ပါတယ်။ 
နိဂုံးချုပ်အနေနဲ့ ပြောရရင်အချိန်တိုင်း ဖုန်းလေးပွတ်ပြီး C.O.C ဂိမ်းထဲက ကိုယ့်ရဲ့ Village ကို အရိပ်တကြည့် တကြည့်နဲ့ ဂရုစိုက်သလိုသာ ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ဘ၀ကို ဂရုစိုက်နေကြမယ်ဆိုရင်အောင်မြင်မှုပန်းတိုင်ကို သေချာပေါက်ရောက်ရှိနိုင်ကြပါလိမ့်မယ်။ 
ဆပွားပြီး အတွေးချဲ့နိုင်ပါတယ်။ 
မေတ္တာဖြင့်...
အောင်ကိုဦး (UMK) Be The Best !

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths