Wednesday, December 30, 2015

မေမေဆိုတဲ့ ထိုဧည့်သည်

အလုပ်တက်ချိန်ကြီးမှာ ယောက္ခမကဆီက ဖုန်းလာပါတယ်၊ အိမ်မှာဧည့်သည်ရောက်နေတယ် နေ့လယ်စာကို အိမ်ပြန်စားနိုင်မလားတဲ့။

အလုပ်များနေချိန်မို့ အလုပ်ကနေခွာဖို့ကလည်း မလွယ်၊ ဧည့်သည်ကို ထမင်းမဖိတ်ကျွေးရင်လည်း ဧည့်ဝတ်မကျေမှာစိုးပါတယ်။ ဒီလိုနဲ့ ယောက္ခမကို စားသောက်ဆိုင်မှာ အစားအစာမှာပြီးစောင့်နေ ထမင်းစားချိန်ရောက်တာနဲ့ ကျွန်မ ချက်ချင်းပြေးလာခဲ့မယ်လို့ မှာလိုက်တယ်။

ဖုန်းချလိုက်တာနဲ့ မကြာဘူး.. ဖုန်းက ထပ်မြည်လာပြန်တယ်။ ယောက္ခမက “ဧည့်သည်ကပြောတယ်.. အိမ်မှာ ဖြစ်သလိုစားလိုက်ရင်ရပြီ။ သမီးအလုပ်များနေရင် အိမ်ပြန်မလာလည်းရပါတယ်တဲ့”လို့ ပြောတယ်။

ဖြစ်သလိုစားလို့ ဘယ်ဖြစ်မလဲ.. မဟုတ်သေးပါဘူး…

ဒါပေမယ့် ယောက္ခမက ဧည့်သည်နာမည်ကိုထုတ်ပြောလိုက်တာနဲ့ ကျွန်မစိတ်သက်သာရာရသွားပါတယ်။ ဧည့်သည်က ကျွန်မရဲ့မေမေပါ။ ဒီလိုဆိုတော့လည်း ထွေထွေထူးထူးစီမံနေစရာမလိုတော့ပါဘူး၊ ဖြစ်သလိုလည်း ဖြစ်နေတာပါပဲလေ။

ဒီလိုနဲ့ အဲဒီနေ့ နေ့လယ်စာက ယောက္ခမနဲ့မေမေပဲ အတူစားဖြစ်လိုက်ပါတယ်။ ဟင်းကလည်း ရိုးရိုးစားနေကျဟင်းလျာတွေပါပဲ။ ကျွန်မက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်နဲ့အတူ စားလိုက်ပါတယ်။

ညနေ ကျွန်မအလုပ်ဆင်း အိမ်ပြန်ရောက်တော့ မေမေပြန်သွားခဲ့ပါပြီ။ မေမေယူလာခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေ ဧည့်ခန်းမှာ တစ်ပုံကြီးကျန်နေခဲ့ပါတယ်။ လက်ဆောင်တွေက စားလိုရတာတွေ၊ ဝတ်လိုရတာတွေ စုံနေတာပါပဲ။

အဲဒီပစ္စည်းတွေကိုကြည့်ပြီး ကျွန်မတို့အိမ်မှာ မေမေစားခဲ့တဲ့ မစုံမလင်နေ့လယ်စာကို ကျွန်မသတိရပြီး စိတ်မကောင်းဖြစ်သွားမိပါတယ်။

သူငယ်ချင်းတစ်ယောက်ကို ဒီအကြောင်းပြောပြဖြစ်တော့ သူငယ်ချင်းရဲ့အတိတ်ကို ကျွန်မနှိုးဆွလိုက်မိပါတယ်။

သူငယ်ချင်းက အိမ်မှုကိစ္စလုပ်ရတာကို မနှစ်သက်တဲ့သူပါ။ အိမ်နေရင် ကိုယ်သောက်တဲ့ရေခွက်ကိုတောင် ယူရမှာပျင်းသူဖြစ်တယ်။ ဒါပေမယ့် အိမ်ကိုဧည့်သည်လာတဲ့အခါ သူဟာ နဂိုကနဲ့ဆန့်ကျင်ဖက်ဖြစ်သွားပါတယ်။ ဧည့်သည်အတွက် ရေနွေးကြမ်းထည့်ပေး၊ အစားအသောက်ကျွေးမွေးနဲ့၊ ဧည့်သည်ငြင်းဆန်ရင်တောင် သူက ဧည့်ဝတ်ကျေအောင် ပြုစုသူဖြစ်သွားပါတယ်။ ကိုယ့်အိမ်လာတဲ့ဧည့်သည်ကို ဧည့်ဝတ်မကျေရင် နောက်တစ်ကြိမ် ဧည့်သည်မလာမှာစိုးတယ်လို့ သူကထင်ပါတယ်။

ဧည့်သည်ပြန်သွားတဲ့အခါ ဧည့်ခန်းကို တံမြက်စည်းလှည်း၊ ကြမ်းတိုက်၊ အကြမ်းပန်းကန်ဆေးကြော သိမ်းဆည်းတာတွေကို သူ မလုပ်ချင်ပေမယ့် သူလုပ်ပါတယ်။ ဧည့်သည်တွေကို ဧည့်ဝတ်ကျေကျေ သူဧည့်ခံလိုက်ရတော့ ဧည့်သည်ဝမ်းသာရင် သူလည်းလုပ်ရကျေနပ်ပါတယ်။

တစ်ခါက သူ့မေမေ သူ့ဆီအလည်လာပါတယ်။ အမေအိမ်ထဲဝင်တာနဲ့ အိမ်နေဖိနပ်စီးခိုင်းပါတယ်။ အမေကို သစ်သီးနဲ့ဧည့်ခံခဲ့လည်း ဧည့်ခန်းညစ်ပတ်သွားမှာစိုးတာကြောင်း အမေကိုတတွတ်တွတ်နဲ့ သူသတိပေးနေခဲ့ပါတယ်။

“အမေ.. သတိထားစား.. အရည်တွေ ကြမ်းပြင်ပေါ်ကျပြီး ကြမ်းညစ်ပတ်သွားဦးမယ်”

ထမင်းစားချိန်မှာလည်း ထမင်းလုံးတွေမကျဖို့၊ ဟင်းရည်တွေ စားပွဲပေါ်မဖိတ်စင်ဖို့ မနားတမ်း သူပြောနေခဲ့ပါတယ်။

အမေကို ဟိုလိုမလုပ်နဲ့ ဒီလိုမစားနဲ့လို့ သူသတိပေးနေခဲ့လို့ အမေဖြစ်သူဟာ ကိုယ့်သမီးအိမ်မှာတောင် နေမသိထိုင်မသာနဲ့ အနေကျပ်ခဲ့ရပါတယ်။ နေအိမ်ကြမ်းပြင် မညစ်ပတ်၊ မရှုပ်ပွအောင်ဆိုပြီး သမီးအိမ်မှာ ကြာကြာမနေဘဲ ပြန်သွားခဲ့ပါတယ်။

အမေပြန်သွားပြီးနောက် နဂိုတိုင်းသန့်သန့်ရှင်းရှင်းကျန်ရစ်ခဲ့တဲ့ နေအိမ်ကိုကြည့်ပြီး သမီးဖြစ်သူက ကိုယ့်ကိုယ်ကိုအပြစ်တင်မိပါတယ်။

ဖော်ရွေမှုရှိတဲ့မိတ်ဆွေတစ်ဦးကလည်း သူ့အဖြစ်အပျက်ကို ပြောပြပါတယ်။ အိမ်ကိုဧည့်သည်လာရင် သူဟာ ဘယ်လောက်ပဲ အလုပ်များများ အလုပ်ကိုဘေးချပြီး ဧည့်သည်ကိုအဖော်ပြုတယ်၊ နေရာအနှံ့လိုက်ပို့တယ်၊ အစားတွေလိုက်ကျွေးတယ်၊ ဧည့်ဝတ်မကျေမှာစိုးတယ်လို့ ဆိုပါတယ်။

မိတ်ဆွေက ဖော်ရွေတာကြောင့် အပေါင်းအသင်း လူချစ်လူခင်ပေါများပါတယ်။ သူ့ဆီလာလည်သူတိုင်းကို သူမငြင်းမဆန် ဟိုပို့ဒီပို့နဲ့ ဧည့်ဝန်ကျေပွန်ခဲ့ပါတယ်။

တစ်ခါက သူ့မေမေ သူ့ဆီအလည်လာပါတယ်။ ကံမကောင်းချင်တော့ အဲဒီနေ့က သူအရမ်းအလုပ်များနေခဲ့တယ်။

အမေကလည်း

“ခွင့်မယူနဲ့.. အလုပ်က အရေးကြီးတယ်၊ အမေ အသက်ကြီးပြီ အပြင်တွေဘာတွေ ထွက်မလည်ချင်ပါဘူး၊ အလုပ်ကပြန်ရောက်ရင်ပဲ အမေနဲ့စကားလေးဘာလေးပြောရင် ရပါပြီ”လို့ ဆိုတယ်။

အမေသူနဲ့ တစ်ပတ်တိတိနေခဲ့တဲ့အချိန်အထိ အမေကို သူဘယ်မှလိုက်မပို့ဖြစ်ခဲ့ပါဘူး။ မြို့ထဲက လှပတဲ့ရူခင်းတွေကို လိုက်မပြဖြစ်ခဲ့ပါဘူး။ အမေအတွက် ဒါတွေမလိုအပ်ဘူးလို့ သူထင်ခဲ့တယ်။ အမေအိမ်ပြန်ပြီးနောက် အိမ်ကိုသူဖုန်းဆက်တော့ မောင်ဖြစ်သူက

“မေမေကို ဘယ်တွေလိုက်ပို့ဖြစ်သေးလဲ၊ မေမေကပြောတယ်.. ဒီတစ်ခေါက် သမီးဆီသွားလည်ရင် နေရာအနှံ့ရူခင်းတွေ လိုက်ကြည့်ဦးမှာတဲ့”လို့ ဆိုတယ်။

မောင်ဖြစ်သူရဲ့စကားကိုကြားတော့မှ သူမျက်ရည်ပေါက်ပေါက်ကျပါတော့တယ်။

မိခင်တွေ အသွားချင်ဆုံးနေရာနဲ့ အကြိုက်ဆုံးနေရာက သမီးတွေရဲ့အိမ်ပဲဖြစ်မယ်ထင်ပါတယ်။ အဲဒီနေရာမှာ အနွေးထွေးဆုံး သံယောဇဉ်၊ နှောင်ကြိုးတွေရှိလို့ပါ။ အိမ်ရှင်မဖြစ်တဲ့သမီးတွေက အိမ်ကိုလာတဲ့ဧည့်သည်တွေကို အတတ်နိုင်ဆုံးဧည့်ဝတ်ကျေအောင် ကြိုးစားကြတယ်၊ ဧည့်သည်တွေကို သက်တောင့်သက်သာရှိစေကြတယ်၊ ဝမ်းသာပျော်ရွှင်စေကြတယ်၊ အလေးထားကြတယ်။

ဒါပေမယ့် မေမေဆိုတဲ့ အဲဒီဧည့်သည်ရောက်လာတဲ့အခါ သူ့ကို စိတ်ချမ်းသာပျော်ရွှင်စေမယ်၊ သက်တောင့်သက်သာရှိစေမယ်၊ အလေးထားခံရစေမယ်လို့ ကျွန်မတို့ တစ်ခါမှ မတွေးတောခဲ့ဖူးပါဘူး။ အမေတွေကလည်း ကိုယ့်ကိုယ်ကိုဧည့်သည်လို့ သဘောမထားခဲ့ကြဘဲ ဧည့်ဝတ်မကျေလည်း၊ ကိုယ်ပဲစိတ်ညစ်ခံပြီး အိမ်ရှင်တွေကို အနှောင့်အယှက်မပေးချင်ခဲ့ကြပါဘူး။

သမီးဖြစ်သူရဲ့အိမ်မှာ မေမေဟာ တခြားဧည့်သည်တွေထက် စိတ်ရင်းမှန်၊ နှလုံးမှန်တဲ့သူပါ။ ဒါပေမယ့် တခြားဧည့်သည်တွေလောက် သူအလေးထားဆက်ဆံမခံခဲ့ရပါဘူး။ ဒါတွေကိုတွေးမိရင်း မျက်ရည်တွေက ကျွန်မပါးပြင်တစ်လျောက် အတားအဆီးမဲ့ စီးကျလာခဲ့ပါတော့တယ်။

Credit: နိုင်းနိုင်းစနေ
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths