ကျွန်တော့်မှာ အဖေဘက်က အဖွားတစ်ယောက်ရှိပါတယ်။ အဖိုးကတော့ ဆုံးသွားတာ ကြာပါပြီ။ အဖွားက အခုဆိုရင် အသက်၉၀ကျော်ပြီ။ အခုထိ ကျန်းမာ သွက်လက်နေတုန်းပါပဲ။
သူရဲ့ထူးခြားချက်ကတော့ အင်တာနက်လဲ သုံးတတ်ပါသေးတယ်။ အဖွားကြီးဆိုပြီး အထင်တော့သေးလို့မရဘူးပေါ့ဗျာ။ ကိုယ့်အဖွားမို့လို့ ကြွားတာတော့ မဟုတ်ပါဘူး။
အခုခေတ် အင်တာနက်ကို ခေတ်မှီမှီ အသုံးပြုတတ်တဲ့ အဖိုးကြီး အဖွားကြီးတွေ သိပ်အများကြီး မရှိသေးဘူး။
ကျွန်တော်အလုပ်က ပြန်လာပြီး ဖုန်းနဲ့ အင်တာနက်သုံးနေတဲ့အချိန်ဆိုရင် အဖွားကသူချစ်တဲ့ကြောင်လေးကို ချီပြီး ဘေးမှာထိုင်နေရော။
တစ်နေ့ကျတော့ အဖွားက ထူးထူးဆန်းဆန်းကျွန်တော့်ကို လာပြောတယ်။ " မြေးရယ် အဖွားကို အင်တာနက်သုံးနည်းလေး သင်ပေးပါဦး မြေးလေးတို့သုံးနေသလိုပေါ့"
အဲ့ဒါနဲ့ ကျွန်တော်လဲ ဘယ်လိုမျိုးရှာချင်ရင် Google ကိုသွားရတယ်ပေါ့ ဘယ်ကနေကြည့်ရတာတို့ ဘာတို့ပြော ပြီးတော့ ကိုယ်တိုင်လဲ လုပ်တတ်အောင် တစ်ခါတည်း ဖြည်းဖြည်းချင်းစီ တစ်ဆင့်ချင်းသင်ပေးလိုက်တာပေါ့။
အဖွားက တော်တော်လေး သုံးတတ်ချင်ပုံရတယ်။ သေချာကို လိုက်နားထောင်ပြီး သင်လိုက်တာ ၂လတောင်မကြာလိုက်ဘူး တော်တော်လေး ကျွမ်းကျင်သွားတယ်။
သူက အင်တာနက်သုံးပြီဆိုရင် ရှေးဟောင်းပြဇာတ်တွေကို YouTube ကနေ ကြည့်လေ့ရှိတယ်။ တစ်ခါလေး အဲ့ ဝက်ဘ်ဆိုဒ်စ်ကို ပြလိုက်တာ နောက်ပိုင်း ထတောင်မထနိုင်တော့ဘူး။
နားထောင်လိုက် ဆိုလိုက်နဲ့ ပျော်နေရော။ အခုမှဇာတ်လမ်းက စတာ...
တစ်ရက်ကျတော့ ကျွန်တော်ညဘက် အဖွားအခန်းထဲက ပစ္စည်းတစ်ခုလာယူတော့ တစ်ခုသတိထားမိတယ်။ သူလူတစ်ယောက်နဲ့ ချက်တင်ပြောနေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လဲ စပ်စုချင်စိတ် မအောင်နိုင်တော့ဘဲ ခိုးကြည့်လိုက်တယ်။
သူ့နာမည်က သစ်ပင်အိုကြီးတဲ့။ ဟဲဟဲ အဖွားလိုပဲ အင်တာနက်သရဲပေါ့ဗျာ။ ကျွန်တော် ဝင်လာတာလဲတွေ့ရော အဖွားက ပြာပြာသလဲဖြစ်သွားတာ အဲ့လိုမျိုးဖြစ်တာ ၃၊၄ရက် လောက်တော့ရှိနေပြီ။
အဲ့ဒါနဲ့ ကျွန်တော်လဲ မအောင့်နိုင်တော့ဘူးဗျာ မေးလိုက်တယ် " အဖွားနဲ့ သစ်ပင်အိုကြီးရဲ့ အခြေအနေ ဘယ်လိုရှိနေပြီလဲ " ပေါ့
အဖွားက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ် " အရမ်းကောင်းတယ်လေ ဘာဖြစ်လို့လဲ ငါ့မြေးရဲ့? "
(ကျွန်တော့စိတ်ထင်နေတာ မှန်နေပြီပေါ့)
ကျွန်တော်လဲ ထပ်ပြီး မေးတာပေါ့ " ဒါဆို ဘယ်တော့လောက်စားရတော့မလဲ အဖွားတို့က စွံ့တယ်ဗျာ " (ဟဲဟဲ)
အဖွားက အံသြသင့်ပြီး ပြောရော " မြေးရယ် ဘာတွေလျှောက်စဉ်းစားနေတာလဲ သစ်ပင်အိုကြီးဆိုတာ အသက်၈၆နှစ်လောက်ရှိတဲ့ အဖွားတစ်ယောက်၊ ငါ့လိုပဲယောကျာ်းမရှိတော့ဘူး။
တစ်ကယ့်ကို ခင်ဖို့ကောင်းတဲ့သူလေ အထီးကျန်တဲ့ အချိန်တွေဆို သူနဲ့ ချက်တင်ထိုင်ရင်း စကားတွေပြောဖြစ်တယ်။ "
ဒါမှ ဘဝက အဓိပ္ပါယ်ရှိမှာပေါ့ကွယ်....
ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့ အင်တာနက်သုံးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အီစီကလီလုပ်ရုံပဲရတာမဟုတ်ပဲ အခြားကောင်းကျိုးအများကြီးရှိတယ်ဆိုတာ သိစေချင်တာပါ။
ဒါကြောင့် အင်တာနက်ကို လိမ္မာပါးနပ်စွာ အသုံးချပါလို့ တိုက်တွန်းလိုက်ရပါတယ်။
BeeTalk
0 comments:
Post a Comment