မြန်မာ့ရုပ်သေးသည် တစ်ချိန်က နာမည်ကျော်ကြားလူကြိုက်များခဲ့သော်လည်း ယခုအခါမှာတော့ တနေ့တခြား ရှားပါးလာခဲ့ပါပြီ။ ရှေးက မြေဝိုင်းဇာတ် နှင့် ရုပ်စုံဇာတ်ဟူ၍ နှစ်မျိုးရှိသည့်အနက် မြေဝိုင်းဇာတ်သည် မြေပေါ်မှာ ကရသဖြင့် အနိမ့်သဘင်ဟု ခေါ်ပြီး ရုပ်စုံသဘင်သည် စင်ပေါ်မှ ကပြရသဖြင့် အမြင့်သဘင်ဟုခေါ်သည်။ အနိမ့်သဘင်နှင့် အမြင့်သဘင်တွင် အမြင့်သဘင်သည် အခက်ဆုံး ၊ အနက်ဆုံး ၊ အရင့်ဆုံးဟု ပညာရှင်တို့က ဆိုကြသည်။
ကမ္ဘာ့နိုင်ငံကြီးများတွင် ရုပ်သေးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ဝ၀ ကျော်တည်းက ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်မှု စဥ့်ကူးမင်းလက်ထက်က သဘင်ဝန် ဦးသော်က တီထွင်သည်ဟု ဆိုကြသလို ၊ တချို့ကလည်း ပုဂံမင်းလက်ထက်က မြဝတီမင်းကြီးဦးစ က တီထွင်သည် ဟု ဆိုကြသည်။ သို့သော် ရှင်မဟာရဌသာရ ရေးသားသော ဘူရိဒတ်လင်္ကာကြီး နှင့် သံဝရပျို့တွင် ရုပ်သေးအကြောင်းပါရှိရာ ရုပ်သေးသည် အင်းဝခေတ်ကတည်းက ပေါ်ပေါက်ခဲ့ပြီးဖြစ်တာ ခန့်မှန်းနိုင်ပါသည်။
မြန်မာမင်းများလက်ထက်တွင် ရုပ်သေးကပြခြင်းသည် အလွန်ဖွံ့ဖြိုးခဲ့သည်။ ထိုသို့ကပြရာတွင် ယောင်္ကျား ပညာတတ်များသာ ကပြရပြီး ယခုခေတ်ကဲ့သို့ မည်သည့်မိန်းမမျှ မပါဝင်ရပေ။ ထို့ကြောင့် ရုပ်သေးမင်းသမီးများမှာ ယောင်္ကျားမင်းသမီးများသာ ဖြစ်ခဲ့သည်။ ရုပ်သေးကပြရာတွင် ဇာတ်ဝင်ခန်းအရ ရုပ်သေးရုပ် ၂၈မျိုးကို ကပြဖျော်ဖြေရသည်။ ထိုအရုပ်များကို ဗဟုသုတအဖြစ် ဖော်ပြရသော်-
၁။ နတ်ကတော် ၂ရုပ်
၂။ မြင်းရုပ် ၁ရုပ်
၃။ ဆင်ဖြူရုပ် ၁ရုပ်
၎။ ဆင်မည်းရုပ် ၁ရုပ်
၅။ ကျားရုပ် ၁ရုပ်
၆။ မျောက်ရုပ် ၁ရုပ်
၇။ ကြက်တူရွေးရုပ် ၁ရုပ်
၈။ နဂါးရုပ် ၁ရုပ်
၉။ ဘီလူးရုပ် ၂ရုပ်
၁၀။ ဇော်ဂျီရုပ် ၁ရုပ်
၁၁။ ဝန်ရုပ် ၄ရုပ်
၁၂။ ရှင်ဘုရင်ရုပ် ၁ရုပ်
၁၃။ မင်းသားရုပ် ၁ရုပ်
၁၄။ မင်းသမီးရုပ် ၁ရုပ်
၁၅။ မင်းသားကြီး မျက်နှာနီရုပ် ၁ရုပ်
၁၆။ မင်းသားကြီး မျက်နှာဖြူရုပ် ၁ရုပ်
၁၇။ ပုဏ္ဏားရုပ် ၁ရုပ်
၁၈။ ရသေ့ရုပ် ၁ရုပ်
၁၉။ နတ်ရုပ် ၁ရုပ်
၂၀။ ဗြဟ္မာရုပ် ၁ရုပ်
၂၁။ အမယ်အိုရုပ် ၁ရုပ်
၂၂။ လူပြက်ရုပ် ၁ရုပ်
တို့ဖြစ်ကြသည်။
ယနေ့အချိန်တွင် ရုပ်သေးပညာသည် ရှိနေသေးသည်။ ပြိုင်ပွဲများရှိနေသေးသလို အနုပညာတက္ကသိုလ်တွင် ရုပ်သေးနှင့်ဘွဲ့ယူသူများရှိနေသေးရာ ရုပ်သေးမျိုးဆက်ရှိနေသေးသည် ဟုဆိုနိုင်သည်။ သို့သော်မြန်မာအများစုမှာ အရင်ကလို ရုပ်သေးကိုမနှစ်သက်ကြတော့ ၊ ရုပ်သေးကိုအားပေးကြည့်ရှု့ကြသူ အများစုမှာ နိုင်ငံခြားသားများသာဖြစ်သည်။ ထို့ကြောင့် အားပေးသူတွေ ရှိနေသေးသမျှ မြန်မာ့ရုပ်သေးပညာသည် ရှိနေဦးမှာဖြစ်သော်လည်း အားပေးသူများမရှိတော့လျင်တော့….
Ref:
မြန်မာ့ရုပ်သေးဘာလဲဘယ်လဲ – ထွေးဦးမြန်မာ
မသိမဖြစ်မြန်မာ့ဗဟုသုတ ၁၀ဝ – နေဘုန်းဝေ
မြန်မာ့စွယ်စုံကျမ်း
Credit - Ayesay
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment