နောက်မကျသေးပါ
--------------------
ကျွန်တော် ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက် ကြောင့် အကြီးအကျယ် ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ ဖူးတယ်။ အဲ့သည်နေ့တုန်းက သူငယ်ချင်း ဖြစ်သူက ကျွန်တော့်ကို ပြောခဲ့တာလေးကို ခုထိ မှတ်မိနေ သေးတယ်။
"ငါမှားသွားပါတယ်ကွာ။ တောင်းပန်ပါတယ်" တဲ့။
"ဟေ့ကောင်.. မရတော့ဘူး။ မင်းတောင်းပန်တာ နောက်ကျသွားပြီ" လို့ ကျွန်တော် ပြန်ဖြေခဲ့မိ တာကိုလည်း မှတ်မိနေဆဲ။
တလောက အဲ့သည် သူငယ်ချင်းနဲ့ မိတ်ဆုံစားပွဲ တစ်ခုမှာ ပြန်တွေ့ခဲ့ မိတယ်။ ကိုယ်ကတောင် မေ့နေပြီ။ သူက မမေ့သေး။ အဲဒီညက သူငယ်ချင်း ၂ ယောက် ထွေရာလေးပါး စကားပြောဆို နေကြရင်းနဲ့ ပြန်ခါနီး နှုတ်ဆက်တဲ့အခါ သူ လေးလေးနက်နက်နဲ့ ကျွန်တော့်ကို ပြောခဲ့တယ်။
"သူငယ်ချင်း.. ငယ်ငယ်တုန်းက အဖြစ်အပျက်လေးမှာ ငါ မှားသွားပါတယ်ကွာ။ တောင်းပန်ပါတယ် သူငယ်ချင်း" တဲ့။
ကျွန်တော်လည်း အားနာသွားတယ်။ ကိုယ့် ဘက်က မမှတ်ထားတဲ့ ကိစ္စ တစ်ခုကို သူ အခုထိ သတိရ နေသေးတယ်ဆိုတာ ဒါ အတော် ခံစားခဲ့ရလို့ ပဲလေ။
ဒါနဲ့ "ဟာ.. မင်းကလဲ.. မဟုတ်တာ။ နှစ်တွေတောင် အတော်ကြာပြီ။ ငါခွင့်လွှတ်ပါတယ်ကွ။ ပြီးတော့ မင်းအမှားချည်းပဲလည်း မဟုတ်ပါဘူး။ ငါ့ ဘက်က လွန်တာလဲ ရှိခဲ့ကြောင်း ဝန်ခံပါတယ်။ ငါ့ကိုလည်း ခွင့်လွှတ်ပါ" လို့ ဖြေခဲ့လိုက်တယ်။
အဲဒီညက သူ့ရဲ့ ဒုတိယ အကြိမ်မြောက် တောင်းပန်လိုက်ခြင်းဟာ ကျွန်တော့်ရဲ့ ပိတ်နေတဲ့ အသိ တစ်ခုကို ကောက်ဖွင့် လိုက်သလိုပဲ။
ဘာပိတ်နေတဲ့ အသိလဲဆိုတော့ "နောက်ကျခြင်းဆိုတာ ရှိပါရဲ့လား" ဆိုတဲ့ အတွေးစလေး။
ဖြစ်ရပ်နဲ့ ဝန်ချတောင်းပန်မှု ရှေ့ဆင့်နောက်ဆင့်မှာတော့ ဒါကို နောက်ကျနေတယ်တဲ့..။ ဒါပေမယ့် ဖြစ်ရပ်နဲ့ ဝန်ချတောင်းပန်မှု အလွန်ခြားသွားတဲ့ အခါမှာကျတော့ ဒါ နောက်ကျတယ် မမြင်တော့ ပြန်ဘူး။ ခွင့်လွှတ်နိုင်တယ်။ ကျော်လွှားသွားနိုင်တယ်။ တကယ်တော့ နောက်ကျတယ်ဆိုတာ ကိုယ့်စိတ် မကြည်လင်တဲ့ အခါမျိုးမှာ သုံးသပ်မိတာမျိုး မဟုတ်လား။
စိတ်ကြည်လင်နေတဲ့အခါ ဘာကိုမဆို ခွင့်လွှတ် သည်းခံဖို့ အသင့်ပဲ။ ပြစ်မှုကျူးလွန်လို့ ထောင်ကျဖူးသူ တို့က နောင်တနဲ့ အတူ လွတ်မြောက်လာတဲ့အခါ သူ့အတွက် မနောက်ကျ ကောင်းပါဘူး။ ဒါနဲ့များ ဘာ့ကြောင့် အလုပ်အကိုင် ခက်ခဲ နေရတာလဲ။ တောင်းဆိုး ပလုန်းဆိုးသာ ပစ်ရိုးရှိတယ် ဆိုပြီး ဘာလို့ နေ့စဉ်နဲ့ အမျှ အမွေဖြတ် သားသမီး အဖြစ်က ရပ်စဲ နေကြ ရတာလဲ။ ကုလားတစ်ယောက် အနေနဲ့ မွေးလာပေမယ့် စိတ်ထားဖြူသူတို့ကရော ဒီလို ဖြူမည်း ခွဲခြား လို့ ပုတ်ခတ်ခံနေရတဲ့ လောက အလယ် မှာ ဘယ်နားသွားနေကြရတော့မလဲ။
အမှားကိုသိလို့ အမှန်ပြင်တဲ့ လူတစ်ယောက်ကို ကျွန်တော်တို့တွေ နောက်ကျတယ်လို့ မပြောမိဖို့ အရေးကြီး ပါတယ်။ သူမနောက်ကျသေးပါဘူး..။ တကယ်က ကျွန်တော်တို့တတွေ စိတ်ရှုပ်နေတဲ့ အခိုက်အတန့်မို့လို့သာ ဖြစ်ပါလိမ့်မယ်။
- မှတ်စုကြမ်း #kyawnge
Credit: မှတ်စုကြမ်း
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment