Friday, May 6, 2016

ဘာသာခြားသုံးယောက်အုပ်ချုပ်တဲ့နိုင်ငံ



ဘာသာခြား သုံးယောက်အုပ်ချုပ်တဲ့ နိုင်ငံ

*****************************************

(၂၀၀၂ - ၂၀၀၇) ကာလမှာ အိန္ဒိယရဲ့ သမ္မတက သိပံ္ပပညာရှင် အဒူကလာမ်။ သူ့ ကို အိန္ဒိယ လူထုက သိပ်ချစ်ကြတယ်။ သူက ပါကစ္စတန်ရဲ့ အဏုမြူ ခြိမ်းခြောက်မှု အန္တရာယ်ကို မျှခြေလုပ်ဖို့ (Pokhran - II nuclear tests) ကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်။ ဒုံးကျည် လူသားလို့ တင်စားတယ်။ အိန္ဒိယ (Vision 2020) စီမံကိန်းကို ဖန်တီးခဲ့တဲ့ အဓိကလူ လည်း ဖြစ်တယ်။ သမ္မတ ဖြစ်တော့ အိမ်တော်ကို စာအုပ်သေတ္တာ နှစ်လုံးနဲ့ တက်လာပြီး တာဝန်က နားတော့ ဒီသေတ္တာ နှစ်လုံးပဲ ပြန်ယူဆင်းသွားတယ်။

ဘဝရဲ့  နောက်ဆုံးနေ့ မှာ စာသင်ရင်း ရုတ်တရပ် နှလုံးခုန် ရပ်ပြီး ကမ္ဘာကြီးကနေ နှုတ်ဆက် သွားတယ်။ သူက အစ္စလာမ် ဘာသာဝင်။ ဒါပေမယ့် ဟိန္ဒူဘာသာ အဓိက ကိုးကွယ်တဲ့ မိခင်တိုင်းပြည် အတွက် နောက်ဆုံးနေ့ အထိ ပေးဆပ်ခဲ့တယ်။ သူနဲ့ ဘာသာတူ အစ္စလာမ်မစ် နိုင်ငံ ပါကစ္စတန်ရဲ့  အဏုမြူ ပါဝါ ကို သူ အတတ်ပညာနဲ့ ဟန့်တားပေးခဲ့တယ်။

သူနဲ့ တာဝန် တွဲယူလိုက်ရတဲ့ ဝန်ကြီးချုပ်က မန်မိုဟန်ဆင်း။ "ဆင်း" က စီးပွားရေး ပညာရှင်။ သူ တာဝန် စယူချိန်မှာ အိန္ဒိယ ဂျီဒီပီက အမေရိကန် ဒေါ်လာ "၇၂၁.၆ ဘီလီယံ"။ သူ ဦးဆောင်မှုနဲ့ ဂျီဒီပီက "ဘီလီယံ ၁၀၀၀" ထိ စံချိန်တင် တက်လာတယ်။ သူ အနားယူတဲ့ အချိန်မှာ ဂျီဒီပီက "ဘီလီယံ ၂၀၆၆.၉" အထိ ဖြစ်သွားပြီ။ မိခင် နိုင်ငံကို စီးပွားပျက်ကပ်ကနေ ဆွဲထုတ်ခဲ့တဲ့ သူကတော့ ဈေးအပေါဆုံး Maruti 800 ပြည်တွင်းဖြစ် ကားလေးကို စီးတယ်။ ဂျဝါဟလာနေရူး နောက်ပိုင်း လူထုရဲ့ အနှစ်သက်ဆုံး ဝန်ကြီးချုပ်လို့  သိရတယ်။ သူကျတော့ ဆစ်(ခ်)ဘာသာဝင်။

ဆစ်(ခ်) တွေနဲ့  ဟိန္ဒူတွေ ကြားမှာက ဘာသာရေး အမုန်းတရားတွေ ရှိတယ်။ ၁၉၈၄ ကဖြစ်ခဲ့တဲ့ ဆစ်(ခ်)တွေရဲ့ ခွဲထွက်ရေး လှုပ်ရှားမှုကို နှိမ်နင်းဖို့ အိန္ဒိယရဲ့  သမ္မတ အင်ဒီရာဂန္ဒီက အမိန့် ပေးခဲ့တယ်။ ဒါကို မကျေနပ်လို့ အင်ဒီရာကို သူရဲ့  ဆစ်(ခ်) ဘာသာဝင် သက်တော်စောင့် က လုပ်ကြံ သတ်ပစ်ခဲ့တယ်။ ဒီ အကျိုးဆက်ကြောင့် အဓိကရုဏ်းတွေ ဖြစ်ပွားပြီး အပြစ်မရှိတဲ့ ဆစ်(ခ်) ဘာသာဝင်တွေ ထောင်ပေါင်း များစွာ သတ်ခံရတယ်။ သောင်းဂဏန်း အိမ်ခြေယာမဲ့ ဖြစ်ကုန်တယ်။ ဒီနေ့ထိ ဟိန္ဒူနဲ့ ဆစ်(ခ်) တွေကြားမှ မပြေသေးတဲ့ အမုန်းတရား တွေ ရှိသေးတယ်။ ဒါပေမယ့် "ဆင်း" မှာတော့ မရှိဘူး။ ကားစုတ်လေး စီးတဲ့ ဆစ်(ခ်) ဝန်ကြီးချုပ်က ဟိန္ဒူ ဘာသာဝင် ၈၀ ရာခိုင်နှုန်း နေတဲ့ မိခင်နိုင်ငံ စီးပွားရေးကို ၃ ဆလောက် ဆွဲတင်သွားပြီး တာဝန်ကျေခဲ့တယ်။

အဲချိန်တုန်းက အာဏာရပါတီ ခေါင်းဆောင်က ဆိုနီယာ ဂန္ဒီ။ သူကတော့ အထူးပြောစရာ မလိုပါဘူး။ ကမ္ဘာ သြဇာ အကြီးဆုံးလူ စာရင်းမှာ အမေစုနဲ့ နှစ်တိုင်း အတူပါနေကြ ခေါင်းဆောင်။ အမေစုလိုပဲ သရဖူ မဆောင်းတဲ့ မင်းဧကရာဇ်။ အင်ဒီရာဂန္ဒီရဲ့ ချွေးမ၊ နေရူးမျိုးဆက်နဲ့ အိန္ဒိယ လူထုရဲ့  နှလုံး သည်းပွတ်။ သူကတော့ ခရစ်ယာန် ဘာသာ ကိုးကွယ်တယ်။

မဲပေးခွင့်ရှိတဲ့ လူရဲ့  ၈၀ ရာခိုင်နှုန်း ဟိန္ဒူ ဘာသာ ဖြစ်တဲ့ အိန္ဒိယကို အစ္စလာမ် သမ္မတ၊ ဆစ်(ခ်) ဝန်ကြီးချုပ်နဲ့ ခရစ်ယာန် ပါတီ ခေါင်းဆောင် တို့ က ပြိုင်တူ အုပ်ချုပ်ဖူးတယ်။ ဘာသာခြား သုံးယောက် ပေါင်းပြီး တိုင်းပြည် အကျိုး ကို စွမ်းစွမ်းတမန် ဆောင်ရွက်သွားတယ်။

ဒီမိုကရေစီ နိုင်ငံမှာ လူနည်းစု ဘာသာဝင်ကို သမ္မတ တင်တာမရှိဘူး ပြောနေတဲ့ ဥာဏ်တော် စူးရောက်သူ တွေကို သိစေချင် တာက အနားမှာတင် ဘာသာခြား သုံးယောက်ကို ခေါင်းဆောင် ပြိုင်တူ တင်မြှောက်ခဲ့တဲ့ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ အိန္ဒိယက စံပြ ရှိတယ်။

မြန်မာနိုင်ငံဆိုတာက ဗုဒ္ဓဘာသာ နိုင်ငံ။ ဗုဒ္ဓက ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတဲ့ အတ္တ အစွဲတွေကို ဖြုတ်ခိုင်းတဲ့ အနတ္တ တရားကို ဖော်ထုတ်သူ။ သူ အဆုံးအမ အောက်မှာ နေမယ် ဆိုတဲ့ သူတွေက ဒုသမ္မတ တစ်ယောက်လောက် ကိုယ်နှင့် ဘာသာ မတူတာ ပါလာတာနဲ့ ကန့် ကွက် မယ် ဆိုတော့ ဗုဒ္ဓရဲ့ အနတ္တ တရား ကို ဆန့် ကျင် ဖျက်ဆီး နေတာလား (သို့ ) ဘာသာရေး အရေခြုံ လူယုတ်မာလား (သို့ ) ဥာဏ် မကောင်းလို့  တရားကို နားမလည် သေးတာလား လို့  မေးလည်း မေးချင်တယ်၊ မေးလည်း မေးရဲတယ်။

တိုင်းပြည်ကို ကမ္ဘာအဆင်းရဲဆုံး ချောက်ထဲ ခုန်ဆင်းခဲ့အောင် ၁၉၆၂ ကနေ ဒီနေ့ထိ ဦးဆောင်သွားတာ တံဆိပ်ကပ် ဟန်ပြ ဗုဒ္ဓဘာသာတွေ ကြီးပဲ။ တိုင်းပြည်ရဲ့  အသွေး အသားတွေကို လှီးဖြတ်၊ အရိုးအဆစ် တွေကို ရိုက်ချိုး ချွတ် ရောင်းပြီး ကိုယ်ကျိုး ရှာခဲ့တာလည်း ဒီလို အမည်ခံကောင် တွေပဲ။ ဗုဒ္ဓရဲ့ ငါ မရှိတဲ့ အနတ္တ သာသနာ မှေးမှိန် သွားအောင် လုပ်ခဲ့တာ၊ နောင်ဘဝ ကောင်းစားရေး မျှော်လင့်ပြီး အပေးအယူနဲ့ ကုသိုလ်ပြုတဲ့ သင်္ချာ ဘာသာရေး ခေတ်စားအောင် လုပ်ခဲ့တာလည်း ဒီ ဗုဒ္ဓဘာသာ အရေခြုံ ဘာသာရေး ခေါင်းဆောင်တွေပါပဲ။

စာရိတ္တကောင်းတဲ့ ဘာသာခြား ဒုသမ္မတ ဖြစ်လို့ တိုင်းပြည် မနစ်နာဘူး။ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် စာရိတ္တ မကောင်းတဲ့ သူခိုး ဒုသမ္မတ ဖြစ်ရင်သာ တိုင်းပြည် နစ်နာတယ်။

မြင့်မြတ်သူတွေက ဘာသာတရားကို မေတ္တာတရား ပြန့်ပွားဖို့ သုံးတယ်။ အောက်တန်းကျတဲ့ ဘာသာရေး အရေခြုံတွေက အမုန်းတရား ဖြန့်ဖြူးဖို့ သုံးတယ်။ ကိုယ် ဖြစ်ချင်တဲ့ ဘဝ ကိုယ် ရွေးချယ်လို့ ရတယ်။

ဓာတ်ပုံ - ဆစ်(ခ်)ဝန်ကြီးချုပ် မန်မိုဟန်ဆင်း(ဝဲ) နှင့် မွတ်ဆလင်သမ္မတ အဒူကာလမ်(ယာ)

...Credit...Phyo Ko Ko Naing...



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths