လူငယ် နဲ့ အိမ်မက်
ကမ္ဘာ့ စံချိန် စံညွှန်းအရ အသက် ၈ နှစ်ကနေ ၃၅ ကြားကို လူငယ်လို့ သတ်မှတ်တယ်လို့ ဖတ်ဖူးပါတယ်။ အသိဉာဏ် ဖွံ့ဖြိုးမှု အားထုတ်မှု လေ့လာမှု ကြိုးစားမှု အားအကောင်းဆုံး အရွယ်ပါ။ ဒေါ်မြ လေ့လာမိသလောက် ဆွေးနွေးပါရစေ ..,
"အိမ်မက်" ရှိလား ???
မလိမ်နဲ့ ... အောင်မြင် ချင်တယ် ဆိုတာ အိမ်မက်ဟုတ်ဘူး။ အိမ်မက်ဆိုတာ ကိုယ်တနေ့ ဖြစ်လာရမယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်နေတဲ့ ယုံ ကြည်ချက်၊ နေ့စဉ်အသက်ရှင်သန်နေရ ခြင်းရဲ့ အကြောင်းပြချက် ၊ ညဘက် အိပ်ခါနီးတိုင်း မြင် ယောင်စိတ်ကူးယဉ်မိတဲ့ ဘဝတခု။
ဒေါ်မြတို့လူငယ်တွေမှာ ကလေး ဘဝကတည်းက အိမ်မက်တွေ ရှိတတ်ကြပါတယ်။ ငယ်ငယ်က ကစားတာတွေ မှတ်မိကြလား။ စစ်ဗိုလ်လုပ်တမ်းတို့ ၊ ဆရာဝန်လုပ်တမ်းတို့ ၊ ဆရာမစာသင်တမ်းတို့ ၊ တချို့ကလေးတွေက စက်ပစ္စည်းတွေ ပန်းချီဆွဲတာတွေ စိတ်ဝင်စားကြတယ်။ ဒါတွေဟာ လူငယ်တွေ ရဲ့ အိမ်မက်အစပါပဲ။ ကံဆိုးတာတခုက အဲ့ဒီအချိန်ကတည်းက တော်တော်များများ လူငယ်တွေရဲ့ အိမ်မက်တွေ အသတ်ခံလိုက်ရပါတယ်။
" ဟဲ့ စာလာကျတ်စမ်း"
" ဟဲ့ ကျူရှင်သွားဖို့ပြင်စမ်း"
စသည်ဖြင့် စကားသံတွေနဲ့ပေါ့လေ.. ။ ကြာလာတော့ အိမ်မက်တွေ ပျောက်သွားပါတယ်။ မူကြို ကလေးအရွယ်က နေဆယ်တန်း အောင်လာတဲ့အထိ ကျောင်းက နေကျူရှင် ကျူရှင်ကနေကျောင်း လူငယ်တွေရဲ့ ရည်မှန်းချက်က အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲ အောင်ဖို့ပါပဲ။ ကဲစာမေးပွဲလည်း အောင်ရော ထပ်ဖြေစရာ လည်း စာမေးပွဲမရှိရော တချို့ လူငယ်တွေ ဘာလုပ်ရမှန်း မသိဖြစ်သွားရော ။ တချို့ လူငယ်တွေရဲ့ ကျွန်တော်/ကျွန်မ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိဘူး ဆိုတာတွေက အဲ့ဒါတွေကြောင့်ပါ။ မဖြစ်သင့်ပါဘူး။
မိဘတွေ ဆရာတွေ အင်မတန် အလေးအနက်ထားသင့်တဲ့ အချက်ပါ။ လူငယ်တိုင်းမှာ ငယ်စဉ်ကတည်းက ဗီဇတခုစီ ပါလာတတ်ပါတယ်။ ဒါကို အကောင်းဆုံး မြေတောင်မြှောက်ပေးရမှာပါ။ ငယ်စဉ်ကတည်းက ရည်မှန်းချက် အိမ်မက် ကို ခိုင်ခိုင်မာမာ မွေးမြူပေးရပါမယ်။ စာသင်ကျောင်း တွေဆိုတာ စာမေးပွဲ ဖြေဖို့ ထားတဲ့နေရာ စာသင်ရမဲ့ နေရာတခုတည်း မဖြစ်သင့်ပါဘူး။ " စိတ်ဓါတ် ၊ စည်းကမ်း ၊ ပညာ" ဆိုတဲ့အတိုင်း .. လူငယ်တွေ ကလေးတွေကို အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓါတ် ၊ အမှန်ကိုပြောရဲ အမှားကို ဝန်ခံရဲတဲ့ စိတ်ဓါတ် တွေရှိလာအောင်၊ လူ့ဘောင် လူ့စည်ကမ်း တွေ နိုင်ငံကြီးစားပီသတဲ့ စည်းကမ်းတွေ လိုက်နာတတ်အောင်၊ ကိုယ်ဝါသနာပါရာ ကိုယ့်အိမ်မက်ဆီ လျှောက် လှမ်းရာမှာ ပိုမို လွယ်ကူစေဖို့ ဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်တွေ တွေးခေါ်ဆင်ခြင်နိုင်မှုတွေ ဖွံ့ဖြိုးလာအောင် ပံ့ပိုးလမ်းပြပေးရာ နေရာ ဖြစ်သင့်ပါတယ်။ ငယ်ငယ်က ဆရာမတစ်ယောက်က စာမရတဲ့ ဒေါ်မြကို ကြိမ်စာကျွေးရင်း မှတ်ထား နာနာရိုက်လေ အိုးကောင်းလေ လို့ ပြောတော့ ဒေါ်မြ ငြိမ်မခံပဲ မျက်ရည်လည်ရွှဲ နှပ်တွဲလဲနဲ့ .. အိုးထိန်းသည် မလုပ်ပါနဲ့ ဥယျာဉ်မှူးပဲ လုပ်ပါလား ဆရာမရဲ့ ... လို့ ငိုရင်းပြန်ပြော ဖူးတာလေး သတိရပါတယ်။
ခုချိန်ထိတော့ .. ဒေါ်မြ မြင်သမျှ စာသင်ကျောင်း တော်တော် များများက ထွက်လာတဲ့ ကလေးတွေဟာ သူ့သဘာဝနဲ့ သူ သူ့အလေ့ အထနဲ့သူ ဖွံ့ဖြိုးရှင်သန်နေတဲ့ ဥယာဉ်ထဲက ပန်းပင်မျိုးစုံနဲ့ မတူပဲ၊ ပုံစံခွက်ထဲက ထွက်လာတဲ့ ပုံစံတူ အိုးကလေးတွေနဲ့ တူနေပါတယ်။ အိမ်မက်တွေ ကို ဘောင်ခတ်ပြီး ပုံစံချ ပေးလိုက်ခံရဟန် တူတာပါပဲ။ ဝမ်းနည်းလှပါတယ်။ စိတ်မကောင်း ဖြစ်လှပါတယ် ။ ,..
ထားပါ ... ဆက်ရရင်
အောင်မြင်ချင်တာ လူတိုင်းပါပဲ ။ ဒါပေမယ့် ဘယ်နေ ရာမှာ အောင်မြင်ချင်တာလဲ ဆိုတာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အိမ်မက် ကို အကောင်အထည် ဖော်နိုင်တာ အောင်မြင်တာပါပဲ။
ဒါဆို ဒေါ်မြတို့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အိမ်မက်တွေကို ရှာဖွေကြရအောင် ။ ပထမဆုံး လုပ်ရမှာ ကိုယ့်ကိုယ်ကို သတိထားပြီး လေ့လာ ကြည့်ပါ။ ဘယ်လို အလုပ်တွေမှာ ကိုယ်တိုင် ထမင်းမေ့ ဟင်းမေ့ ကြည်နူးပျော်ဝင်နေတတ်ပါသလဲ?? တခါတလေ ကိုယ့်ဘဝကိုယ် စိတ်ပျက်လာတဲ့အခါ စိတ်တွေ ပင်ပန်းလာတဲ့အခါ မတော်တဆ စိတ်ကူးယဉ်မိတဲ့ ဘဝက ဘယ်လိုပါလဲ??
သစ်သီးခြံထဲက စိုက်ခင်းပိုင်ရှင်လား?
အစည်းအဝေးခန်း ထဲက လုပ်ငန်းရှင်လား?
စမ်းချောင်းလေးဘေးက တေးစပ်သူလား?
မီးရောင်စုံတွေအောက်က အနုပညာရှင်လား?
တခါက ဒေါ်မြအဲ့လိုမေးလို့ လူငယ်တယောက် က အငေါ်တူးပြီး သားက video ဇာတ်လမ်းတွေပဲ ကြည့်တာ ဝါသနာပါတယ် သားအိမ်မက်က အဲကွန်းခန်းလေးထဲမှာ ဇတ်လမ်းကာင်းတဲ့ ရုပ်ရှင်ကားတွေ ထိုင်ကြည့်နေချင်တာပဲ။ လို့ ဖြေဖူးပါတယ်။ အကယ်၍ သူသာ အမှန်တကယ် အဲ့လို ဝါသနာ အိမ်မက် ရှိခဲ့မယ်ဆို စာရေးတဲ့ ပညာနဲနဲ ထပ်လေ့လာလိုက်ရင် နာမည်ကြီး movie review ရေးစားတဲ့ ဆောင်းပါးရှင်ဖြစ်နိုင်ပါတယ်။
လူငယ်တစ်ယောက်ရဲ့ အိမ်မက် ဆိုတာ သူ့ဘဝ အတွက်သာမက ကမ္ဘာကြီး တခုလုံးအတွက် သိပ်အရေးကြီးပါတယ် လို့ ဒေါ်မြတော့ မြင်ပါတယ်။ ဘဝမှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ဖို့ အဓိကက အိမ်မက်တခု ရှိဖို့ပဲလိုတာပါ။ ဒေါ်မြတို့ လူငယ်တွေရဲ့ တချို့ အိမ်မက်တွေဟာ တခါတလေ သန်းပေါင်းများစွာ ထိုက်တန်တတ်ပါတယ်။ ကဲ ... ပြောနေကြာပါတယ်။ ပျောက်ဆုံးနေတဲ့ အိမ်မက်တွေ ပြန်ရှာကြရအောင်.. ။ ။
မြခွါညို
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment