Tuesday, January 24, 2017

အတုယူတတ်ကြဖို့လိုတယ်

"အတုယူတတ်ကြဖို့လိုတယ်"
----------------------------
စိုင်းစိုင်းခမ်းလှိုင် MTV တစ်ခုမှာ စတိုင်ပင်ကို ခါးပတ်မပတ်ဘဲ ဝတ်ထားတာ သဘောကျလို့ လိုက်ဝတ်တယ်
တောသားမြို့တက် လို့ ပြောခံလိုက်ရတယ်၊၊
ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဇူကာဘတ်ကို အားကျလို့ဆိုပြီး အလုပ်ကို တီရှပ်နဲ့ဂျင်းဘောင်းဘီ ဝတ်သွားလိုက်တယ်
မန်နေဂျာ ခေါ်သတိပေးတာ ခံလိုက်ရတယ်၊၊
ဦးကျော်သူကို အားကျလို့ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတယ်
အလုပ်အပ်ဖို့ စုံစမ်းတဲ့သူတွေ တစ်ယောက်မှ မလာတော့ဘူး၊၊
ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ ပြည်သူတွေ ခုထိမမေ့နိုင်သေးတာကို ကြည့်ပြီး ကျန်းမာရေးဟောပြောပွဲမှာ "ခင်ဗျားတို့ ကိုယ့်ကျန်းမာရေးမှ ကိုယ်ဂရုမစိုက်လို့ကတော့ အကုန်လုံး -ာသည်ရွာ ဖြစ်ကုန်မယ်"လို့ သွားပြောတယ်
တစ်ရွာလုံး ဓါးမနဲ့ ထွက်ခုတ်လို့ မနည်းပြေးလာရတယ်၊၊
မှန်ပါတယ်
ဖန်ခွက်တစ်ခွက်ရဲ့ တန်ဖိုးဟာ အပြင်မှာ ခြယ်သထားတာတွေနဲ့ မဆိုင်ပါဘူး၊၊ အထဲထဲမှာ ရေသန့်သန့် ပါလာဖို့ကသာ အရေးကြီးတာပါ၊၊ လူတွေကလည်း အထဲကရေ သန့်တာကိုသာ တကယ်ယုံကြည်သွားရင် အပြင်မှာ ဘယ်လိုပဲ ခြယ်သထား ခြယ်သထား၊ နေရာပေးကြစမြဲပါပဲ၊၊
ဒါပေမဲ့ အဲဒီလို တန်ဖိုးရှိတဲ့ ဖန်ခွက်တစ်ခွက်ဖြစ်ဖို့ အရင်ဆုံးလုပ်ရမှာက
ရေသန့်သန့်တွေနဲ့ ပြည့်နေအောင် လုပ်ဖို့ပါ၊၊ အပြင်က ဒီဇိုင်းကို အရင်အတုယူရမှာ မဟုတ်ပါဘူး၊၊
ဖက်ရှင်ဟာ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုထိ ယုံကြည်မှု ရှိစေပါတယ်၊၊ ဒါကြောင့် ဖက်ရှင်မော်ဒယ်တစ်ယောက်ဆီက အတုယူရမယ်ဆိုရင် သူ့အသားအရည် အရပ်အမောင်းနဲ့ အချိုးအစားအလိုက် အဆင်ပြေအောင် ဝတ်စားဆင်ယင်တတ်တာကို ယူရမှာ ဖြစ်ပါတယ်၊၊
သူဝတ်တဲ့အတိုင်း တစ်ပုံစံတည်း လိုက်ဝတ်ရမှာ မဟုတ်ပါဘူး၊၊
မာ့ခ်ဇူကာဘတ်ကို သဘောကျရမှာက စွန့်ဦးတီထွင်တတ်တဲ့စိတ်၊ ရိုးရိုးရှင်းရှင်း နေတတ်တဲ့စိတ်၊ အလှူအတန်းရက်ရောတဲ့စိတ်တွေကိုပါ၊၊
ပွဲလမ်းသဘင်တိုင်း တီရှပ်လိုက်ဝတ်ဖို့က အဓိက မကျပါဘူး၊၊
မုတ်ဆိတ်မွှေး ပါးသိုင်းမွှေး လိုက်ထားတိုင်း ဦးကျော်သူလို တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်မလာပါဘူး၊၊
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကြုံဆုံလာသမျှ လူအားလုံးကို တတ်နိုင်သလောက် ကူညီမယ်ဆိုတဲ့ ပရဟိတစိတ်မျိုးနဲ့ ရှင်သန်နေထိုင်ဖို့ကသာ အဓိကလိုရင်း ဖြစ်ပါတယ်၊၊
ကိုယ့်ကိုယ်ကျိုးအတွက် လုံးဝမစဉ်းစားဘဲ တိုင်းပြည်လွတ်လပ်ရေးရဖို့ပဲ ကြိုးပမ်းခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ စေတနာနဲ့ အရည်အသွေးကို ပြည်သူအားလုံးက နားလည်ပြီးသား ဖြစ်ပါတယ်၊၊ ဒါကြောင့် ဘယ်လိုစကားလုံးမျိုး သုံးပါစေ ပြည်သူတွေက စိတ်မဆိုးတဲ့အပြင် ခပ်ဘွင်းဘွင်းပြောတတ်တယ်ဆိုပြီး ပိုတောင်သဘောကျသွားခဲ့ကြပါသေးတယ်၊၊ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ အဲဒီစိတ်ဓါတ်နဲ့စေတနာတွေ အရည်အချင်းတွေ မရှိပါဘဲ နယ်လှည့်ပါးရိုက်လာတာ ဆိုတဲ့စကားမျိုး ပြည်သူကို သွားပြောရင်တော့ ပြည်သူတွေရဲ့ ဝေဖန်မှုနဲ့ပဲ ကြုံရပါလိမ့်မယ်၊၊
ခုခေတ်လူငယ်တွေမှာ စံထားစရာ role model တွေ မရှိကြဘူးလို့ ပြောကြပါတယ်၊၊ တကယ်တော့ နယ်ပယ်အသီးသီးမှာ စံထားစရာ ပုဂ္ဂိုလ်တွေအများကြီး ရှိပါတယ်၊၊ သတင်းနည်းပညာကလည်း ဖွံ့ဖြိုးလာတာကြောင့် သူတို့အကြောင်းတွေကို အလွယ်တကူ လေ့လာလို့လည်း ရလာတယ်၊၊
အမှန်က အတုယူစရာ လူမရှိတာ မဟုတ်ပါဘူး၊၊ အတုယူလွဲနေကြတာ ဖြစ်ပါတယ်၊၊
အတုယူလွဲတယ်ဆိုတဲ့နေရာမှာ ကိုယ်ကျင့်တရားနဲ့ လုပ်ရပ် ကောင်းတဲ့သူထက် ချမ်းသာမှု၊ နာမည်ကျော်ကြားမှုတွေသက်သက်ကိုပဲ ပိုပြီးအားကျနေတတ်ကြတာမျိုး ပါသလို၊
တကယ်အရေးကြီးတဲ့ အနှစ်သာရပိုင်းကို အတုမယူမိဘဲ အပေါ်ယံရှပ် အတုယူနေကြတာလည်း ပါပါတယ်၊၊
ကျနော်တို့လူငယ်တွေ အတု တကယ်ယူတတ်ကြဖို့ လိုပါတယ်၊၊

Phio Thiha
Credit aye Chan mon




အောင်မြင့်မြတ်(Myanmar Youths)


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths