ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲအခြေအနေများကြောင့် နမ့်ဆန်ဒေသမှ စစ်ဘေးရှောင်သူများ မန္တလေးမြို့ မြင်းဝန်မင်းကြီးကျောင်းတိုက်သို့ဇန်န၀ါရီ ၁၅ ရက် ညနေပိုင်းတွင် ရောက်ရှိလာခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေစဉ် (ဓာတ်ပုံ-မင်းသန့်)
ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်သူ ဖြစ်ပါတယ်။ ကျွန်တော့်ဖေဖေက ဆရာဝန်တစ်ဦး ဖြစ်သလို သူ့ဖေဖေ ကျွန်တော့်ဘိုးဘိုးကလည်း တိုင်းရင်းသမားတော် တစ်ဦးဆိုတော့ ငယ်ငယ်ကတည်းက ဆေးကုချင်တဲ့ပိုးက ငယ်ထိပ်ကပ်နေတယ်လို့ ဆိုရတော့မှာပါ။ ငယ်ငယ်က သူငယ်ချင်းတွေ ဘောလုံးကန် စုပေါင်းကစားပျော် ပါးနေချိန်တွေမှာ ကျွန်တော် စာကျက်နေရတတ်ပါတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ အဲဒီလို စာကြိုးစားနေရတာကြောင့် နောင်တမရခဲ့ပါဘူး။ ဒီလိုကြိုးစားမှ ဆရာဝန်တစ်ယောက်ဖြစ်လာမယ်ဆိုပြီး ကြိုတင်စိတ်ကူးယဉ်ကာ မကစားရဘဲ စာကျက်ခြင်းမှာ ပျော်နေခဲ့မိပါတယ်။
ဆေးကျောင်းတက် ဆရာဝန် ဖြစ်လာခဲ့ပါတယ်။ ဆရာဝန်ဖြစ်ပြီးတဲ့နောက် အထူးကုတစ်ယောက်ဖြစ်ဖို့ ကြိုးစားပြန်ပါတယ်။ သမားတော်လုပ်မယ်၊ ခွဲစိတ်ဆရာဝန် လုပ်မယ်၊ သားဖွားမီးယပ် အထူးကုယူမယ် ဝေခွဲမရပြန်ပါဘူး။ ဟိုလိုလို ဒီလိုလိုနှင့် ဟိုအထူးပြုစာအုပ် ကိုင်လိုက်၊ ဒီအထူးပြု စာအုပ်ကိုင်လိုက်ဖြစ်နေခဲ့ပါတယ်။ တာဝန်ချထားတဲ့ နေရာတွေမှာလည်း အတိတ်ကံရဲ့ စေ့ဆော်မှုလား ကိုယ်တိုင်ကပဲ ရွေးချယ်ခွင့် မရှိခဲ့တာလား မသိပါဘူး။ တာဝန်ထမ်းဆောင်ချင်တဲ့ နေရာမှာ တစ်ခါမှ တာဝန်မထမ်းဆောင်ခဲ့ရပါဘူး။ ရည်ရွယ်တဲ့နေရာ ဘယ်တော့ကမှ တာဝန်ချမခံရပါဘူး။ ဒါပေမဲ့ မရည်ရွယ်တဲ့နေရာတွေမှာ တာဝန်ကျလည်း ကိုယ်လုပ်ချင်တဲ့ ဆရာဝန်အ လုပ်မို့ ပျော်နေခဲ့တာပါပဲ။ ပြည်သူတွေ ကြားမှာနေရင်း ပြည်သူတွေကို ဆေးကုရင်းပျော်နေခဲ့တာပါပဲ။
နောက်ဆုံးတော့လည်း လုပ်သက် ၁၆ နှစ်မှာ ကျွန်တော်နှင့်အသင့်တော်ဆုံးဖြစ်တဲ့ ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု မဟာသိပ္ပံဘွဲ့လွန်ကို ရရှိခဲ့ပါတယ်။ ဘွဲ့လွန်ရပြီး နေရာသစ်မှာ တာဝန်မချခင် ကာလကလေးမှာ ကုန်လွန်ခဲ့တဲ့ နှစ်တွေကို ခြင်္သေ့လည်ပြန် ပြန်သုံးသပ်မိပါတော့တယ်။ လုပ်သက်အားလုံး ကျေးလက်မှာပဲ တာဝန်ကျခဲ့သူပီပီ ကျွန်တော့်သုံးသပ်ချက်ဟာ ကျေးလက်ဆရာဝန်၊ တောဆရာဝန် တစ်ယောက်ရဲ့ သုံးသပ်ချက်ဖြစ်နေရင်တော့ နားလည်ပေးစေလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ၇၅ ရာခိုင်နှုန်းကလည်း ကျေးလက်နေပြည်သူတွေ ဖြစ်နေလေတော့ ကျွန်တော့်သုံးသပ်ချက်ဟာ အများစုကို လွှမ်းခြုံမိမယ်လို့ ယူဆမိပါတယ်။
ကျွန်တော်တို့ နှစ်ပေါင်းများစွာ အခြေခံကောင်းကောင်းနှင့် သင်ခဲ့တဲ့ ဆေးပညာတွေဟာ ပြည်သူလူထုကို အများကြီး အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ကျေးလက်က ဆေးရုံတက် လူနာအများစုဟာ ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ကူးစက်ရောဂါတွေ၊ အမူအကျင့်ဆိုးတွေကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ရောဂါတွေ၊ ကျန်းမာရေး အသိပညာနည်းပါးလို့ ဖြစ်တဲ့ရောဂါတွေဟာ အများစုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ပြည်သူ့ကျန်းမာရေးပြဿနာ (Public health problem) လူထုကျန်းမာရေး ပြဿနာ (Community health problem) တွေကိုသာ သေချာဖြေ ရှင်းနိုင်ခဲ့ရင် ပြည်သူတွေ ကျန်းမာလာမှာ အမှန်ပဲလို့ ယုံကြည်မိလာပါတယ်။ တကယ့်လက်တွေ့ဘ၀မှာ အရေးကြီးတဲ့ လူထုကျန်းမာရေး လုပ်ငန်းတွေကို ကျွန်တော်တို့ဆရာဝန်တွေ ဘယ်လောက်ကြာကြာ ဆေးကျောင်းတွေမှာ ထိတွေ့ခွင့်ရခဲ့ပါသလဲ။ တကယ်တော့ နောက်ဆုံးနှစ် အပိုင်း (က) နှင့် အလုပ်သင် ဆရာဝန် ဘ၀တွေမှာသာ အချိန်အနည်းငယ် ထိတွေ့သင်ကြားခွင့် ရခဲ့ပါတယ်။
တကယ့်လက်တွေ့ဘ၀မှာ အဓိက ရင်ဆိုင်ရမယ့်ပြဿနာတွေကို အချိန်ကာလ အနည်းငယ်လေးသာ ထိတွေ့ခဲ့ရပြီး အထင်လည်းမကြီးခဲ့ပါ ကြပါဘူး။ အ၀တ်အစား သပ်ရပ်နေတဲ့ ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ အထူးကုဆရာဝန်ကြီးတွေရဲ့ ပုံစံကိုသာ အများဆုံးထိတွေ့ခဲ့ရပြီး ဒီလိုပုံစံမှ ဆရာဝန်ဖြစ်တယ်လို့ မသိမသာ ယုံမှတ်ခဲ့ကြတဲ့ ဆေးကျောင်းသား ဆေးကျောင်းသူတွေဟာ တကယ့်လက်တွေ့ဘ၀ထဲက ပြည်သူများကြား ရုန်းကန်နေရတဲ့ ရှေ့တန်းကနေ ခံတိုက်နေရတဲ့ ရှေ့တန်းခံစစ်မှူး ပြည်သူ့ဆရာဝန်တွေရဲ့ဘ၀ကို ထိတွေ့မှုနည်းစွာ သိရှိမှုနည်းခဲ့ရပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကတည်းက ဆေးကျောင်းတောက်လျှောက်မှာ အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်မကြီးတွေနှင့်သာ ထိတွေ့ခဲ့ရတာများလို့ ကျောင်းပြီး ဆရာဝန်ဖြစ်ချိန်မှာ အထူးကု ဘာဖြေရမလဲဆိုတဲ့ အတွေးသာ စိုးမိုးခဲ့ပါတယ်။ တကယ်လိုအပ်တဲ့၊ တကယ်လုပ်ရမယ့် ပြည်သူ့ဆရာဝန်အဖြစ်ကိုတော့ စိတ်ဝင်စားသူ အင်မတန်နည်းပါတယ်။ ကုသမှုဘွဲ့လွန်တွေကြိုးစားလို့ မအောင်မြင်တော့မှ ဒီဘက်ကို စိတ်ဝင်စားသလို ဖြစ်လာပါတယ်။ အလိုလိုနေရင်း အဓိက အရေးတကြီး ဆောင်ရွက်ရမယ့် ပြည်သူ့ကျန်းမာရေး ဘာသာရပ်ဟာ အလိုလို အဆင့်နိမ့်တယ်လို့ ခွဲခြားခံနေရသလိုဖြစ်သွားပါတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် သမားတော်တွေ ခွဲစိတ်ဆရာဝန်တွေပင် ဖြစ်လင့်ကစား ပြည်သူ့ကျန်းမာရေး (Public Health) အသိက ရှိ ကို ရှိရမှာပါ။ ကပ်ရောဂါလေ့လာခြင်းရဲ့ ဖခင်ကြီးလို့တင်စားခံရတဲ့ ဂျွန်စနိုးဟာ သမားတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးပညာရပ်ဟာ ဆရာဝန်တိုင်း သိသင့်တဲ့ အလေးထားသင့်တဲ့ ဘာသာရပ်တစ်ခုပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေနှင့် ကိုက်ညှိကြည့်ရရင် လူတစ်ထောင်မှာ တစ်ယောက်နှုန်း ဆေးရုံတက် ကုသနေရပါတယ်။ လူတစ်ထောင်မှာ ဆယ်ဂဏန်းဝန်းကျင် ဖျားနာနေကြရပါတယ်။ ကျန်းမာရေးရဲ့ရည်ရွယ်ချက်ဟာ အဲဒီတစ်ထောင်တစ်ယောက်အတွက်ပဲ အဓိက မဟုတ်လှပါဘူး။ ကျန်တဲ့ တစ်ထောင်မှာ ကိုးရာကျော်သော လူတွေ နာမကျန်းမဖြစ်စေရန်လည်း ဆောင်ရွက်ရမှာပါ။ အဆိုးတွေကို ပျက်မသွားအောင် ဆေးရုံက ဆရာဝန်တွေ က ကြိုးစားနေချိန် လူထုထဲက ဆရာဝန်တွေက အကောင်းတွေ ဆိုးမလာအောင် ဆောင်ရွက်နေရပါတယ်။ တကယ်လို့သာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို တိတိကျကျ သေချာဆောင်ရွက်နိုင်ရင် ဆေးရုံတက်ရသူ ဦးရေကို ထက်ဝက်အထိ လျှော့ချလာနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ဘာလို့လဲဆိုရင် ဆေးရုံတက်လူနာတွေရဲ့ ထက်ဝက်လောက်က ကာကွယ်လို့ရသော ရောဂါများကြောင့် ဆေးရုံတက်လို့ပဲဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်းတွေ လုပ်ဆောင်မယ့်သူတွေက အရေးကြီးလှပါတယ်။ သင်တန်းကျောင်းအသီးသီးက သားဖွားဆရာမတွေ၊ ကျန်းမာရေးကြီးကြပ်တွေ၊ ကျန်းမာရေးမှူးတွေကို ဒီလိုအခြေခံ ပြည်သူ့ကျန်းမာရေးအတွက် တိုးမြှင့်ထုတ်လုပ်နေတယ် ဆိုပေမယ့် လက်ရှိအနေအထားထိတော့ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေကို ဦးဆောင်နေတာ ဆရာဝန်တွေပါ။ ဆရာဝန်ထုအတွင်း မှာ ပြည်သူ့ကျန်းမာရေး အသိအမြင်တွေ ခံယူချက်တွေ ပိုမိုရင့်သန်လာအောင် ကြိုးစားရပါမယ်။
ဆရာဝန်အဖြစ်ကို ရောက်မှဆိုရင် နောက်ကျပါပြီ။ ဆေးတက္ကသိုလ် စာသင်နှစ်တွေကတည်းက ပြည်သူ့ကျန်းမာရေး ဘာသာရပ်နှင့် ရင်းနှီးလာအောင် ဆောင်ရွက်သင့်ပါတယ်။
ပထမနှစ် ကျောင်းတက်ကတည်းက ကျောင်းစာသင်ချိန်ပြင်ပတွေမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေကို သွားရောက်လေ့လာစေခြင်း လေ့လာမှုကို ဆန်းစစ်မှုပုံစံ (Check List) နှင့် တင်ပြစေကာ စမ်းစစ်အမှတ်ပေးခြင်း၊ ဒုတိယနှစ်မှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ် လေ့လာသိရှိမှုများအား မှတ်စုတာဝန် (assignment) ရေးခိုင်းကာ စိစစ်အမှတ်ပေးခြင်း၊ တတိယနှစ်မှာ ပြည်သူ့ကျန်းမာရေး ဘာသာရပ် လေ့လာမှုအား အုပ်စုမှတ်တမ်း (group protocol) ပြုစုစေပြီး အမှတ်ပေးခြင်း၊ နောက်ဆုံးနှစ်အပိုင်း (က) တွင် နယ်များတွင် ကွင်းဆင်းလေ့လာ သင်ကြားရင်း အုပ်စုသုတေသနစာတမ်း (group thesis) တင်စေခြင်း၊ နောက်ဆုံးနှစ်အပိုင်း (ခ)မှာ လက်တွေ့ကုသရေးလုပ်ငန်းများ လုပ်ဆောင်ရင်း တစ်ဦးချင်းရဲ့ ကုသရေးကို အခြေပြုသော ပြည်သူ့ကျန်းမာရေး မှတ်တမ်း (clinical based individual protocol) အလုပ်သင် ဆရာဝန်နေ့ရက်တွေမှာ တစ်ဦးချင်း စာတမ်းလေး တစ်ခုစီကိုပါ တစ်ပါတည်း ပြုစုစေခြင်း စတာတွေကိုပါ ဆောင်ရွက်ခိုင်းသင့်ပါတယ်။ လက်ရှိ သင်ကြားနေတဲ့ စာသင်ချိန်များကို ထိခိုက်ခြင်းမရှိဘဲ အနည်းငယ် ညှိနှိုင်းကာ ဆောင်ရွက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ ကျန်းမာရေးကဏ္ဍကို များစွာ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။
ဆေးတက္ကသိုလ်များတွင် ပြည်သူ့ကျန်းမာရေး ဘာသာရပ်အား စာသင်နှစ်အလိုက် သင်ကြားသင့်သော ပုံစံအား ဇယားပုံစံဖြင့် တင်ပြရမည်ဆိုရင် (အောက်ဖော်ပြပါဇယား)-
စာသင်နှစ်သင်ကြားသင့်သည့် ပုံစံပထမနှစ်လေ့လာခြင်းအား ဆန်းစစ်မှုပုံစံ (check list) ဖြင့် စစ်ဆေးခြင်းဒုတိယနှစ်
တစ်ဦးချင်း တာဝန်ပေးမှတ်စု(assignment) များ ရေးခိုင်းခြင်း
တတိယနှစ်အုပ်စုမှတ်တမ်း(group protocol) ပြုစုစေခြင်းနောက်ဆုံးနှစ် အပိုင်း(က)အုပ်စုစာတမ်း (group thesis) တင်စေခြင်းနောက်ဆုံးနှစ် အပိုင်း(ခ)
တစ်ဦးချင်းကုသမှုအခြေပြု ပြည်သူ့ကျန်းမာမှတ်တမ်း
(clinical based individual protocol) တင်စေခြင်း
အလုပ်သင် ဆရာဝန်
တစ်ဦးချင်းကုသမှုအခြေပြု ပြည်သူ့ကျန်းမာစာတမ်း
(clinical based individual thesis) တင်စေခြင်း
(ဘွဲ့ယူစာတမ်းအဖြစ် အသိအမှတ်ပြုခြင်း)
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ အဓိက အားနည်းချက်ဖြစ်နေသေးတဲ့ သုတေသနလုပ်ငန်းဆိုင်ရာ အစဉ်အလာကောင်းတွေကိုလည်း ကျောင်းသားဘ၀ ဘွဲ့ကြိုကာလကပင် အမြစ်တွယ် စွဲဝင်လုပ်တတ်သွားအောင် သင်ကြားပေးခြင်းပင်ဖြစ်တယ်လို့ ယူဆမိပါတယ်။ သုတေသနလုပ်ငန်းတွေကို အာရုံစိုက်ပါမှ ပညာရပ်တွေ ပညာရှင်တွေ တိုးတက်မှာပါ။ ပညာရပ်တွေပညာရှင်တွေ တိုးတက်ပါမှ တိုင်းပြည်လည်း တိုးတက်လာပါလိမ့်မယ်။
ကျွန်တော်ဟာ ကျန်းမာရေးစီမံခန့်ခွဲသူ အလယ်အလတ်ဆင့် ဆရာဝန်တစ်ဦးသာဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ ဆရာအဖြစ် သင်ကြားရေး အတွေ့အကြုံရှိခဲ့သူမဟုတ်ပေမယ့် ကိုယ်တိုင်သင်ကြားခံနေရ ဆဲကာလတွေမှာ နောက်ပြီး လုပ်ငန်းခွင်ထဲကို ရောက်တဲ့အခါမှာ အငယ်တွေနဲ့ လုပ်ငန်းတွေ တွဲလုပ်တဲ့အခါမှာ အရင်က ငါ့ကို ဒီလိုသာသင်ခဲ့ရရင် သူတို့ကို ဒီလိုသာ သင်ပေးခဲ့ရရင်ဆိုတဲ့ အတွေးလေးတွေ တွေးမိခဲ့ပါတယ်။ ဒီလို အတွေးလေးတွေကို တင်ပြခြင်းသာဖြစ်ပါတယ်။ မူဝါဒ ချမှတ်တဲ့သူတွေအတွက် အထောက်အပံ့ တစ်စုံတစ်ရာဖြစ်စေတယ်ဆိုရင် ကျေနပ်ရမှာပါ။ တိုင်းပြည်အတွက် အရေးပါသော ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အောင်မြင်ပါစေ။
Writer:
နန္ဒ၀င်း (ဆေး-၁)
Monday, January 23, 2017
5:07 AM
လူတစ်စုနှင့်လူထုကျန်းမာရေး
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment