Wednesday, August 5, 2015

ဝက်ခြံပေါက်ခြင်း

ဝက်ခြံဆိုတာ ဘာလဲ ??
ပထမဆုံး ဝက်ခြံဆိုတာကို ရင်ဆိုင်ဖို့ဆိုရင် သူဘာဆိုတာကို အရင် သိထားသင့်တာပေါ့။ ဝက်ခြံ ( Acne ) ဆိုတာ အရေပြားမှာဖြစ်သော ရောင်ရမ်းနာ လို့ပဲ အလွယ်ပြောကြပါစို့။ ဝက်ခြံမှာ အကြမ်းအားဖြင့် ၂မျိုးရှိပါတယ်။ ဆယ်ကျော်သက် အရွယ်မှာအဖြစ်များတဲ့ ဝက်ခြံ
( Acne Vulgaris ) အဖြစ်အများဆုံးပေါ့ဗျာ။ နောက် အသက် ၃၀ကျော်တွေမှာ ပေါက်တတ်သော နာတာရှည် ဝက်ခြံ ( Acne Rosacea ) ဆိုတာလဲ ရှိပါသေးတယ်။ အခုကတော့ ပထမ ဝက်ခြံအမျိုးအစားကိုပဲ အဓိကထား ပြောပါ့မယ်။ သူ့မှာ အရောင် ၃မျိုးရှိသဗျ။ အဖြူ၊
အနက်၊ အနီ ပေါ့။ အဖြူကတော့ မွေးညင်းအိတ်ပိတ်နေရင် ဖြစ်တတ်ပါတယ်။ ပွင့်နေရင်တော့ အနက်ပေါ့။ အဲဒီ့မှာမှ ဘက်တီးရီးယားကြောင့် ရောင်ရမ်းနေမယ်ဆိုရင် အနီပေါ့။
ဝက်ခြံမှာ အဆင့် ၄ဆင့်ရှိပါတယ်။
(၁) စဖြစ်တဲ့ အဆင့် နီမယ်၊ နာမယ် Acne Pimple
(၂) နီပြီး ဖေါင်းလာမယ် Red bump
(၃) ပြည်တည်လာမယ် Acne Pustule
(၄) အိတ်တခုလို ပိုကြီးလာမယ် Acne Cyst ။

ဝက်ခြံကို အဓိကဖြစ်စေတာက အရေပြားပေါ်မှာ ရှိတဲ့ မွေးညင်းအိတ်၊ ချွေးထွက်အိတ်နဲ့ မွေးညင်းတို့ ၃မျိုးက အဓိက ပါဝင်ဆက်စပ်နေပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ Androgen မည်သော ဟော်မုန်းတစ်မျိုး စထွက်ပါတယ်။ သူ့ကြောင့် မွေးညင်းအိတ်မှ အဆီများပိုထွက်စေပါတယ်။ အသားအရေကို စိုစွတ်စေပါတယ်။ မျက်နှာ အဆီပြန်လာစေပါတယ်။ ချွေးထွက်အိတ်မှ ချွေးနဲ့အတူ အညစ်အကြေးတွေပါရောပြီး
ထွက်ပါတယ်။ မွေးညင်းပေါက်ကျဉ်းပြီးပိတ်တာက ဝက်ခြံကို စတင် ဖြစ်ပေါ်စေပါတယ်။ P.acne ဆိုသော ဘက်တီးရီးယားက ဝက်ခြံကို ပိုမိုဆိုးရွားစေပါတယ်။ တကိုယ်ရေသန့်ရှင်းမှုအားနဲတဲ့ ဆယ်ကျော်သက်များမှာ ပိုမိုဆိုးဆိုးရွားရွားဖြစ်စေပါတယ်။
ဝက်ခြံပေါက်စေတဲ့
အဓိက အချက် (၃) ချက်ရှိပါတယ်။
(၁) အဆီပြန်လွန်းခြင်း
(၂) အညစ်အကြေးများ၊ ဆဲလ်အသေများ၊ ပိုလျှံအဆီများ စသည်တို့ကြောင့် မွေးညင်းပေါက်ကျဉ်းလာခြင်း၊ ကျဉ်းရာမှ ပိတ်သွားခြင်း
(၃) ဘက်တီးရီးယားပိုးများ ဖြစ်ပေါ်လာခြင်း။
နောက်ပြီး ဝက်ခြံကို ပိုမိုဆိုးရွားစေသော အချက် (၄)ချက်ထပ်ရှိပါတယ်။
(၁) Androgen ဟောမုန်း အထွက်များခြင်း
(၂) အချို့သော ဆေးဝါးများ (ဥပမာ စတီးရွိုက်၊ လစ်သီယံ ပါဝင်သော ဆေးဝါးများ )
(၃) အစားအသောက် အနေနဲ့ နို့နှင့်နို့ထွက် စားသောက်ကုန်များ၊ ချောကလက်၊ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝသော အစားအစာများ
(၄) တကိုယ်ရေ သန့်ရှင်းမှု နည်းပါးခြင်းတို့ ဖြစ်ပါတယ်။ နောက်ပြီး ဝက်ခြံဟာ မျိုးရိုးလိုက်တတ်ပါသေးတယ်။ Stress များခြင်းကြောင့် ဝက်ခြံကို မဖြစ်စေနိုင်ပါ။ သို့သော် ရှိပြီးသား ဝက်ခြံကို ပိုမိုဆိုးရွားစေပါတယ်။
ဝက်ခြံနဲ့ ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များ
(၁) တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပါ။ အထူးသဖြင့် မျက်နှာ၊ လက်သည်း၊ လက်ဖဝါး။
(၂) ဝက်ခြံပေါက်နေသောနေရာကို သန့်ရှင်းအောင် ထားပါ၊ သို့သော် မျက်နှာ ခဏခဏသစ်ခြင်းကို ရှောင်ကျဉ်ပါ။ မျက်နှာ အသစ်လွန်ခြင်းကြောင့် အရေပြားကို ခြောက်သွေ့စေတဲ့အပြင် ဝက်ခြံကို သွားဆွနေသလိုဖြစ်တတ်ပါတယ်။
(၃) မသန့်ရှင်းသော ပစ္စည်းများ ဥပမာ လက်ကိုင်ဖုန်း၊ မျက်နှာကို တိုက်ရိုက်မထိမိစေရန် သတိထားပါ
(၄) မိန်းကလေးများ အနေဖြင့် အလှကုန်ပစ္စည်းများ သုံးရာတွင် အဆီပြန်စေသော၊ အဆီပါသော မိတ်ကပ်၊ နေလောင်ခံ ကရင်မ်၊ ခေါင်းလိမ်း ဂျဲလ်၊ ကရင်မ် စသည်တို့ကို ရှောင်ကျဉ်သင့်ပါတယ်၊
"water-based" or "noncomedogenic" စာတမ်းပါ အလှကုန်ပစ္စည်းများကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။ မိတ်ကပ် ထူထူလိမ်းခြင်းကို ရှောင်ပါ။ ညအိပ်ရာမဝင်ခင် သေချာ ပြန်ဖျက်ပါ။
(၅) ပူပြင်းသော နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကျဉ်ရပါမယ်။
(၆) ဝက်ခြံကို ကုတ်ခြင်း၊ ညှစ်ခြင်း လုံးဝရှောင်ကျဉ်ရပါ့မယ်။ ပိုးဝင်စေနိုင်သလို အမာရွတ်ထင်ကျန်နိုင်ခြင်းကြောင့် ဖြစ်ပါတယ်။
(၇) အိပ်ရေး ပျက်ခြင်း၊ စိတ်ဖိဆီးမှုများခြင်းဟာ ဝက်ခြံကို ပိုမိုဆိုးရွားစေတဲ့အတွက် အိပ်ရေးဝဝ အိပ်ပါ။ ပျော်ပျော်နေပါ။
(၈) အပူအစပ်၊ အဆီ အစိမ့် လွန်ကဲစွာ စားသောက်ခြင်း ရှောင်ကျဉ်ပါ။
(၉) ရေများများ သောက်ပါ။
ဝက်ခြံကို ပျောက်ကင်းစေဖို့အတွက် အဆင့်အလိုက် ကုသမှုပုံစံကွဲပြားသွားသလို၊ အမျိုးအစား အလိုက်၊ အနဲအများ အလိုက်၊ လူတစ်ဦးချင်းစီရဲ့ တုံ့ပြန်မှုအလိုက် ကုသမှုပုံစံများကွဲပြားပါတယ်။
သာမန် ဝက်ခြံများ အတွက်OTC (Over-the-counter topical treatments) ဘမ်ဇိုင်းပါအောက်ဆိုက် (benzoyl peroxide) စလီဆလစ် အက်ဆစ် (salicylic acid) ဆာလ်ဖာ (sulfur) ပါဝင်သော လိမ်းဆေးကို လိမ်းသင့်ပါတယ်။
ပြည်တည်နေသော ဝက်ခြံများ အတွက် Clindamycin Phosphate ပါဝင်သော လိမ်းဆေးများကို တနေ့၂ကြိမ် လိမ်းပေးနိုင်ပါတယ်။ ပိုမိုဆိုးရွားသော ဝက်ခြံများ နှင့် ဝက်ခြံ အရေအိတ်များ အတွက် ဆရာဝန်ညွှန်ကြားချက် ရယူသင့်ပါတယ်။
အခြားသော ဝက်ခြံကို သက်သာစေသော အရာများမှာ Tea tree oil ပါဝင်သော Facial Foam စသည်၊ စပျစ်သီး၊ ကြံ၊ ပန်းသီး၊ စသည်တို့ဟာ ဝက်ခြံကို သက်သာစေပါတယ်။့
ဝက်ခြံဆိုတာ ပေါက်သင့်တဲ့အရွယ်မှာ ပေါက်ပြီး ပျောက်သင့်တဲ့ အရွယ်မှာ ပျောက်ရပါမယ်။ အထက်ပါနည်းလမ်းများ ဆောင်ရန် ရှောင်ရန်များကို လိုက်နာမယ် ကျင့်သုံးမယ် ဆိုရင် ဝက်ခြံဆိုတာကို ကြောက်နေဖို့မလိုတဲ့အကြောင်း ပြောပရစေ။ဝက်ခြံကင်းစင်တဲ့ မျက်နှာလေးများကို ပိုင်ဆိုင်စေလိုသော ဆန္ဒဖြင့် ယခု ပို့စ်ကို ရေးသားခဲ့ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
နွယ်ထက်ထက်လင်း
Beeltalkမှကိုတိမ်ကလေးကျေနပ်မယ်ထင်ပါတယ်
အောင်မြင့်မြတ်(မင်းသိကြား)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths