Tuesday, October 27, 2015

အဓိဌာန်အောင်ရွှေသိမ်တော်ဘုရား


မန္တလေး-ရန်ကုန် လမ်းတစ်ဖက် တစ်ချက်မှာရှိတဲ့ သစ်ပင်တွေက လာတဲ့ လေတွေကြောင့် ကျွန်တော် ဆိုင်ကယ်မောင်းရတာ အေးအေးလူလူ ရှိပါတယ်။

မန္တလေးကနေ တောင်ဘက်ကို  တစ်နာရီလောက် ဆိုင်ကယ် မောင်းလာပြီးတဲ့နောက်မှာ ကျောက်ဆည်မြို့အ၀င်နားက မဟာ ရွှေသိမ်တော် မြတ်စွာဘုရား ၀င်ပေါက်မုခ်ဦးကို ရောက်လာပါတယ်။

မုခ်ဦးကြီးကို ဖြတ်ကျော်လာတဲ့အခါ လှံကိုင်ပြီး မတ်တတ်ရပ်နေတဲ့ အနော်ရထာမင်းရဲ့ရုပ်တုကြီးက  ကျွန်တော့်ကို ဆီးကြိုနေပါတယ်။

ရွှေသိမ်တော်ဘုရား ရင်ပြင်တော်ပေါ် တက်လာတဲ့အခါမှာ ရင်ပြင်တော်မှာ ကန်တော့ပွဲ အမြောက်အမြား တွေ့လိုက်ရပါတယ်။ ကန်တော့ပွဲတွေ ကြားမှာ ဦးလေးကြီးတစ်ဦးက အမျိုးသမီးတစ်ဦးကို အဓိဋ္ဌာန် ဆုတောင်းစာတွေ ချပေးနေပါတယ်။ 



“ရွှေသိမ်တော် ဘုရားမှာလာပြီး အဓိ ဋ္ဌာန်ပြု ဆုတောင်းကြတယ်။ ကျောက်စိမ်း လုပ်ငန်း လုပ်တဲ့သူတွေ၊ အိမ်ခြံမြေ ပွဲစားတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ များတယ်။ ပြီးတော့  အရက်၊ ဘီယာ သောက်တာ နားဖို့  လာပြီး ကတိပြုတဲ့ သူတွေလည်း များတယ်” လို့ ဂေါပကအဖွဲ့က ဦးအောင်ညွန့်က ပြောပါတယ်။

ရွှေသိမ်တော်နဲ့ ပတ်သက်ပြီး ကျွန်တော်သိချင်တာနဲ့  ဂေါပကအဖွဲ့ကို မေးကြည့်တော့ ဂေါပက အဖွဲ့အတွင်းရေးမှူး ဖြစ်သူ ဦးညွန့်ဝေက ပြောပါတယ်။

“သက္ကရာဇ် ၃၉၅ ခုနှစ်မှာ ရှင်အရဟံ ရဟန္တာ မထေရ်မြတ် ကိုယ်တော် သိမ်သမုတ်ပြီး အနော်ရထာမင်းကြီးက တည်ထား ကိုးကွယ်ခဲ့တယ်။ သိမ်တော်ကို အစွဲပြုပြီး ရွှေသိမ်တော်ဘုရား၊ ရွှေသိမ်တော် စေတီဆိုပြီး ထင်ရှားတော် မူခဲ့ပါ တယ်”လို့  သူကရှင်းပြပါ တယ်။

“ရွှေသိမ်တော်ဘုရားမှာ ကန်တော့ပွဲ တစ်နေ့ကို ၆၀၀ ကနေ ၈၀၀ အထိ လာလှူကြတယ်။ အခါကြီး ရက်ကြီးတွေဆိုရင် ၁၀၀၀ ကျော် အထိရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

အနယ်နယ် အရပ်က ဘုရားဖူးတွေက ကိုယ်လိုချင်တဲ့ လူမှုရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ တခြားရာထူးနဲ့ ပတ်သက်တဲ့ကိစ္စတွေနဲ့ လာရောက်ပြီး ဆုတောင်းကြတယ်။ ဆုတောင်းတာ ပြည့်တယ်ဆိုပြီးလည်း ယုံကြည်ကြတယ်ဆိုပြီး ဦးညွန့်ဝေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ကျွန်တော်က ရန်ကုန်ကနေ လာတာပါ။ အိမ်ခြံမြေ ကိစ္စနဲ့ပတ်သက်ပြီး အဓိဋ္ဌာန် ပြုတာပါ။ အရင် တစ်ခေါက်ကလည်း အိမ်ခြံမြေ ကိစ္စတစ်ခု အဓိဋ္ဌာန်ပြုတာ အောင်တယ်”ဟု အသက် ၅၀နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။



ကန်တော့ပွဲ တစ်ပွဲမှာ အုန်းသီး၊ ငှက်ပျောသီး၊ သပြေကံ့ကော်၊ ပန်းအစုံများနဲ့ ထီးတံခွန် ကုက္ကားတွ ပါဝင်ပါတယ်။ ကန်တော့ပွဲ တစ်ပွဲကို ကျပ် ၃၀၀၀ ကနေ တစ်သိန်းကျော်အထိ ဈေးရှိတယ်လို့ သိရပါတယ်။

“လာ အဓိဋ္ဌာန် ပြုတဲ့သူတွေက ကျပ် ၃၀၀၀ နဲ့ ၁၀၀၀၀ ကြား ၀ယ်ကြတာများတယ်။ ဟိုတစ်လောက လူတစ်ယောက်ဆိုရင် ကျပ် တစ်သိန်း ကျော်တန် ကန်တော့ပွဲ ၁၀ ပွဲဝယ်ပြီး အဓိဋ္ဌာန် လာပြုတယ်။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေလည်း လာရောက်ကြတယ်။ ဘုရားမှာ လူပြတ်တယ်လို့ မရှိဘူး”လို့ ကန်တော့ပွဲ ရောင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရွှေသိမ်တော် ဘုရားကို ဖူးပြီးတဲ့နောက်မှာ ဘုရား မြောက်ဘက် တောင်ပေါ်မှာရှိတဲ့ ရွှေတောင်ထီး စေတီတော်ဆီကို ဆက်တက်ဖြစ်ခဲ့ပါတယ်။ တောင်ထိပ်ရောက်ဖို့ မတ်စောက်လှတဲ့ လှေကားတွေကနေ တက်ရ ပါတယ်။ ကျွန်တော် တောင်ရဲ့လမ်းတစ်ဝက် အရောက်မှာ ချွေးတွေက အင်္ကျီတစ်ထည်လုံးကို စိုရွှဲ သွားပါတယ်။ တောင်ပေါ် မြို့လေးကို ရောက်တယ်လို့ ထင်ရအောင် တောင်ပေါ်မှာ အိမ်ဆောက် နေကြသူတွေလည်း ရှိပါတယ်။



၁၀ မိနစ်ကျော်ကျော်လောက် တက်ပြီးတဲ့အခါမှာ ကျွန်တော် တောင်ထိပ်ကို ရောက်သွားပါတယ်။ တောင်ထိပ်မှာ တက္ကသိုလ် ကျောင်းသားအရွယ် သုံးယောက်နဲ့ ကျောင်းသူ အရွယ်သုံးယောက် တစ်ဦးကို တစ်ဦး စနောက် နေကြပြီး ဖုန်းကင်မရာတွေ နဲ့ အလှည့်ကျ ဓာတ်ပုံ ရိုက်နေကြပါတယ်။

ရွှေတောင်ထီး စေတီတော်မှာ ဘုရားဦးချ ရှိခိုးပြီး အလှူခံနေရာမှာ ကျပ် ၅၀၀၀ ကို လှူခဲ့ပါတယ်။ ရွှေတောင်ထီး စေတီတော်နဲ့ ပတ်သက်ပြီး “ရွှေတောင်ထီး စေတီတော်ပေါ်ကို ဘုရားဖူးတွေက ရွှေသိမ်တော်လာရင်း လာကြတာများတယ်။ အနီးနားမှာရှိတဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေ ပိုများကြတယ်။ တောင်ပေါ်ကို ကား၊ ဆိုင်ကယ်နဲ့ တက်ချင်တယ်ဆိုရင် မဟာရွှေသိမ်တော် ဘုရားဝန်းကို ဖြတ်၊ သင်တောင်းကြီး ရွာထိပ်ကို ရောက်ရင် မြောက်ဘက် ဆက်မောင်း၊ အားကစားကွင်းကို ကျော်ရင် ရွှေ တောင်ထီး ဘုရား တောင်တက် ကွန်ကရစ် ကားလမ်းနဲ့ မုခ်ဦးကို တွေ့လိမ့်မယ်။ တောင်တက် ကွန်ကရစ် ကားလမ်းအတိုင်း တောင်ထိပ်ကို တက်လာလို့ ရပါတယ်”လို့ ဦးမြင့်က ပြောပါတယ်။

“ဒီတောင်ပေါ်ကနေ ကြည့်ရင် ရှုခင်းတွေက အရမ်းလှတယ်” လို့ ဦးမြင့်က ဆက်ပြောပါတယ်။

ကျွန်တော်လည်း ကင်မရာနဲ့ ပန်းချီကားတစ်ချပ်လို အရမ်းလှပတဲ့ ရှုခင်း အလှတွေကို မနားတမ်းရိုက်ပြီး တောင်ပေါ်ကို ဗုဒ္ဓ မြတ်စွာဘုရားနဲ့ နောက်ပါ ရဟန်းတွေကြွ ချီလာပုံကို လက်အုပ်ချီ ရှိခိုး ကန်တော့ပြီး တောင်အောက်ကို ဆင်းလာခဲ့ ပါတော့ တယ်။



Writer: 
သက်ထွန်းအောင်(မန္တလေး)

အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths