သင်တတ်နိုင်မည် ထင်သလား
မတတ်နိုင်ဘူး ထင်သလား
မည်သို့ထင်သည်ဖြစ်စေ
သင့်အထင် မှန်ပါလိမ့်မည်
ဟင်နရီဖို့ဒ်
အဲသည်တုန်းက ရော့ကီး အသက် ငါးနှစ်။
သူ့မိခင် ကယ်လီက ပစ်ကပ် ထရပ်ကားလေးကို မောင်းကာ သားအမိနှစ်ယောက် အယ်လဗားမားတော ကျေးလက်ပိုင်းကို ဖြတ်သန်းလာခဲ့ကြသည်။ ရော့ကီးက သူ့အမေပေါင်ပေါ် ခြေတင်လျှက် အိပ်ရင်းလိုက်ပါလာသည်။
လမ်းက ယဉ်ကြော နှစ်ခုစာလောက်သာ ကျယ်သည့်တောလမ်း။ အကွေ့အဝိုက်တွေလည်း များသည်။ ကယ်လီက ကားကို ဂရုစိုက်မောင်းနှင်လာသည်။ သို့သော် တစ်နေရာတွင် လမ်းက ကွေ့သွားပြီး တံတားကျဉ်းကျဉ်းတစ်ခုထဲ ဆက်တိုက်ဝင်ရသည်။ သည်အချိန် ကားက ချိုက်တစ်ခုထဲ ဆောင့်ကျပြီး လမ်းဘေးဘက် ချောထွက်ကာ ညာဘက်ရှေ့ဘီးက မြောင်းလိုဖြစ်နေသည့် ဘီးလမ်းကြောင်းရာ တစ်ခုထဲကျသည်။ ကားမှောက်မှာ စိုးသဖြင့် ကယ်လီက လီဗာကို ဖိနင်း၊ စတီယာရင်ကို ဘယ်ဘက် တအားလှည့်ပြီး ကားကို လမ်းပေါ် ကမန်းကတန်း ဆွဲတင်သည်။ သို့သော် ကံဆိုးချင်တော့ ရော့ကီး၏ ခြေထောက်က စတီယာရင် ဘီးနှင့် သူမ၏ ခြေထောက်ကြားမှာ ကန့်လန့်ခံနေသည်။ ပစ်ကပ်ကို သူမထိမ်းနိုင်တော့။
ကားက တစ်ပြန် နှစ်ပြန်လိမ့်ကာ ပေနှစ်ဆယ်ခန့် နက်သည့် ချောက်ထဲကျသွားသည်။ ချောက်ထဲ ကားရောက်တော့မှ ရော့ကီး နိုးလာသည်။
``မေမေ-- မေမေ သားတို့ကားဘီးတွေ မိုးပေါ်ထောင်နေပါလား--``
အမေ့အား သူမေးသည်။
ကယ်လီ့ မျက်စိနှစ်ဖက်လုံး သွေးတွေ ဖုံးနေသဖြင့် ဘာကိုမှ မမြင်ရ။ ဂီယာတံနှင့် ဆောင့်ထိုးမိသော ဒဏ်ကြောင့် နှခမ်းက ပါးအထိ ဟတ်တတ်ကွဲကာ မျက်နှာတစ်ခုလုံး စုတ်ပြတ် ကြေမွနေသည်။ ပုခုံးနှစ်ဖက်လုံး ကြိုးကျေသွားပြီး ချိုင်းကြားတစ်ဖက်၌ အရိုးတစ်ချောင်းဖောက်ထွက်နေသည်။ ပြီး ပိန်ချိုင့်သွားသည့် တံခါးက သူ့ခန္ဓာကိုယ်အား ဖိညှပ်ထားသလိုလဲ ဖြစ်နေသည်။
``မေမေ့ကို သားဆွဲထုတ်ပေးမယ်-``
ရော့ကီးက ဆိုသည်။ အံ့သြဖွယ်ပင် သူက ဒဏ်ရာလုံးဝမရခဲ့။ သူ့အမေအောက်မှ တိုးဝှေ့ထွက်ကာ ပွင့်နေသော တံခါးပေါက်မှ သူလျှောဆင်းသည်။ ပြီးလျှင် မိခင်အား ဆွဲထုတ်နိုင်ရန် ကြိုးစားသည်။ သို့သော် သူ မည်မျှ အားထုတ်ဆွဲသော်လည်း ကယ်လီက နည်းနည်းမျှ မရွေ့။
``မေမေ ခဏအိပ်ပါရစေ သားရယ်``
ရော့ကီးက လုံးဝ ငြင်းသည်။ ရော့ကီးက ကားထဲ ခက်ခက်ခဲခဲ ပြန်ဝင်ပြီး သူ့အမေကို သည်အထဲက မရမက တွန်းထုတ်သည်။ ပြီးနောက် အမေသည်နား ခဏနေခဲ့၊ သား လမ်းပေါ်တတ်ပြီး တွေ့တဲ့ကားကို အကူအညီတောင်းမယ်ဟုဆိုသည်။ မိခင်က စိတ်မချ။ မှောင်မှောင်မည်းမည်း ထဲမှာ သူ့သား လေးကို ကားမောင်းလာသူတွေ မြင်ချင်မှမြင်မှာဟု တွေးကာ သားတစ်ယောက်တည်း မသွားနဲ့ဟု ဆိုသည်။
အဲသည်နောက် သားအမိနှစ်ယောက် လမ်းဘေးကမ်းပါးရံကို ဖြည်းဖြည်းချင်း တွားတတ်ကြသည်။ ရော့ကီးက အလေးချိန် ပေါင်လေးဆယ်မျှရှိသည့် သူ့ခန္ဒာကိုယ်လေးနှင့် ပေါင် ၁၀၄ ပေါင်လေးသော သူ့မိခင် ကိုတွန်းတင်သည်။ ခရီးက မတွင်နိုင်။ တစ်ကြိမ်မှာ တစ်လက်မ နှစ်လက်မလောက်စီသာရွေ့သည်။ ဝေဒနာ ပြင်းထန်လွန်းသဖြင့် ကယ်လီ လက်လျှော့ချင်လာသည်။ သို့သော် ရော့ကီးက မလျှော့ရ။
သူ့အမေ အားမလျှော့စေရန် ရော့ကီးက ``မေမေ မီးရထားလေးအကြောင်းသတိရ ``ဟု ဆိုသည်။ သူတို့ကလေးတွေ အလွန်နှစ်သက်သည့် ``စွမ်းဆောင်နိုင်သော စက်ခေါင်းလေး`` ပုံပြင်ကို သူဆိုလိုခြင်းဖြစ်သည်။ စက်ခေါင်းလေးသည် မတ်စောက်သော တောင်ကြီးကို မရ ရအောင်တတ်သွားသည်။ စက်ခေါင်းလေးအကြောင်း မိခင်အား သတိဖော်ပေးနိုင်ရန်အတွက် ပုံပြင်ထဲမှာပါသည့် ``ငါသိတယ်၊ မင်းတတ်နှိုင်တယ် ၊ ငါသိတယ် ၊ မင်းတတ်နိုင်တယ် ``ဆိုသည့် လှုံ့ဆော်စကားလေးကို သူ့နှုတ်က တတွတ်တွတ် ရွတ်သည်။
နောက်ဆုံး လမ်းမပေါ်ရောက်ကြပြီး သူ့မိခင်၏ မျက်နှာပေါ်မှ ရုပ်ပျက် ဆင်းပျက် ဒဏ်ရာများကို သေသေချာချာမြင်ရတော့မှ ရော့ကီး ရှိုက်ကြီးတငင် ငိုလေတော့သည်။ ထို့နောက် ထရပ်ကားတစ်စီး လာတာ မြင်တော့ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ ``ရပ်ပါခင်ဗျာ--- ရပ်ပါခင်ဗျာ`` ဟုအော်သည်။
``မေမေ့ကို ဆေးရုံပို့ပေးပါ`` ထရပ်ကား မောင်းသူအား သူမေတ္တာရပ်ခံသည်။
ကယ်လီ၏ မျက်နှာကို ခွဲစိတ်ခန်းမှာ ရှစ်နာရီမျှကြာအောင် ခွဲစိပ်ပြုပြင်ယူရသည်။ စုစုပေါင်း ၃၄၄ ချက် တိတိ ချုပ်ခဲ့ရသည်။ သို့တိုင်အောင် ယနေ့သူ့မျက်နှာက ယခင်နှင့် တခြားစီဖြစ်နေသည်။
``အရင်တုန်းကဆိုရင် ကျွန်မ နှာတံလေးက သွယ်တန်းနေတာပဲ ၊ နှုတ်ခမ်းက ပါးပါး ၊ ပါးရိုးပေါ်ပေါ်နဲ့ ပေါ့၊ အခုတော့ နှာခေါင်းပွပွ ။ နှခမ်းထူထူ ပါးရိုးချပ်ချပ် ဖြစ်နေပြီ``
သို့သော် ဘာပဲပြောပြော အမာရွတ်တော့ သိပ်မပေါ်ပေ။ ထိခိုက်ဒဏ်ရာတွေ အားလုံး ရှင်းရှင်းလင်းလင်း ပြန်ကောင်းသွားခဲ့သည်။
ရော့ကီး၏ စွမ်းဆောင်ပုံအကြောင်းသည် ဧရာမ သတင်းကြီးတစ်ခုဖြစ်သွားခဲ့သည်။ သို့သော သတ္တိခဲ ချာတိတ်ကတော့ သူလုပ်ခဲ့တာ ဘာမှ ထူးထူးခြားခြား ကြီးကြီးကျယ်ကျယ် မပါပါ ဟုဆိုသည်။
``ဒီကိစ္စကြီးဖြစ်ခဲ့တာကို ကျွန်တော် သဘောကျတယ်လို့ မထင်ကြပါနဲ့နော် ၊ မတော်တဆဖြစ်လာ တော့ ကျွန်တော်လည်း လုပ်ရတာပေါ့ ၊ ဘယ်သူမဆို ဒီလိုကြုံလာ၇င် ဒီလိုလုပ်ကြရမှာပဲ မဟုတ်လား``
သူ့မိခင်ကတော့ ဆိုသည်။
``ရော့ကီးလေး ကယ်လို့သာပေါ့ ၊ မဟုတ်ရင် ကျွန်မ သွေးလွန်ပြီး သေမှာ`` ဟူ၍။ ။
မူရင်း။ ။ Michele Borba ၏ I Think I Can!
ဖေမြင့်--နှလုံးသားအာဟာရ(ရသစာများ)
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment