တစ်ခါက …… ရွာတစ်ရွာမှာ လူတစ်ယောက်ဟာအသက်အရွယ် နည်းနည်းရလာမှ အိမ်ထောင်ရက်သားကျပြီး သားလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။
အဖေလုပ်တဲ့သူဟာ … သူ့ရဲ့တစ်ဦးတည်းသော သားလေးကို တအားချစ်တာပေါ့။ ကလေးက တစ်စတစ်စနဲ့ကြီးပြင်းလာခဲ့သလို သူလည်းအရွယ်ရင့်လာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်လာတဲ့တစ်နေ့မှာ သူ့သားလေးကို ထုံးစံအတိုင်း အိမ်ထောင်ရက်သားချပေးလိုက်တယ်လေ………
သိပ်မကြာခင်နှစ်များအတွင်းမှာပဲ သားဖြစ်တဲ့သူက မြေးဦးလေးကို မွေးဖွား ပေးခဲ့တာကြောင့် အဖေဖြစ်တဲ့သူဟာ အဖိုးရာထူးကိုပျော်ပျော်ကြီးရယူပြီး အသက်အရွယ်ကလည်းရလာတော့ မြေးထိန်းရင်း အိမ်မှု့ကိစ္စတွေကို ကူလုပ်ပေးတာပေါ့ ။
တစ်နေ့ အဖိုးကြီးရဲ့သား…{ကလေးဖေ} ဟာ လှေကားထောင်ပြီး အိမ်ဝင်းထရံတွေကို ရေနံချေးသုတ်နေတာ နေအတော်မြင့်လာတော့ အဖိုးကြီးက သူ့သားကို နေပူလွန်းလို့ နောက်နေ့မှ ဆက်သုတ်ဖို့ပြောပါတယ်။ သူ့သားက ရတယ်အဖေဆိုပြီးရေနံဆက်သုတ်နေတာပေါ့။
အဖိုးကြီးက အောက်ကနေ ခဏခဏအော်ပြီး နားခိုင်းနေပေမယ့် သူသားကလည်း ရတယ်ဘာမှမဖြစ်ဘူးဆိုပြီး ရေနံသုတ်မြဲဆက်သုတ်နေတော့..... အဖိုးကြီးကပုခက်ထဲမှာရှိနေတဲ့ သူ့မြေးလေးကို မချီလာပြီး နေပူထဲချထားလိုက်ပါတယ်။
အဲဒီအခါမှာ ရေနံသုတ်နေတဲ့သားက "အဖေဘာလုပ်တာလဲ "ဆိုပြီးလှေကားပေါ်က အမြန်ဆင်းလာကာ သူ့အဖေကို အပြစ်တင်တာပေါ့ ။ အဖိုးကြီးက ဘာမှပြန်မဖြေဘဲ အိမ်ဘေးက သစ်ပင်အပေါ်မှာ အော်နေတဲ့ကျီးကန်းကို အဲဒါဘာကောင်လဲလို့ သူ့သားကိုမေးပါတယ်။ သားဖြစ်တဲ့သူက "ကျီးကန်းပါအဖေ"လို့ ပြန်ဖြေသတဲ့ ။
တစ်ခါထပ်ပြီး "ဘာကောင်လဲ"လို့ထပ်မေးပြန်သတဲ့.. သားဖြစ်တဲ့သူက နဲနဲတင်းသွားပြီး "ကျီးကန်း၊ကျီးကန်း"လို့ခပ်မာမာပြန်ဖြေပါသတဲ့.. ခဏနေတော့ အဖိုးကြီးက "ခုနအကောင်မေ့သွားလို့ ဘာကောင်လဲ"လို့ပြန်မေးတော့ သားဖြစ်တဲ့သူက ဒေါသထွက်လာပြီး "အဖေမသေမချင်းမှတ်ထား အဲဒါကျီးကန်းလို့ခေါ်တယ်" ဆိုပြီး ဘုတောတော့တာပေါ့ ။
အဲဒီအခါကျမှ အဖိုးကြီးက "ငါ့သားရယ်.. မင်းစကားစပြောတတ်တဲ့အချိန်က ကျီးကန်းမြင်လို့ လက်ညှိုးထိုးလိုက်တိုင်း ငါ့ကကျီးကန်း၊ကျီကန်းဆိုပြီး ငါပျော်ပျော်ကြီးပြောပြခဲ့တာ တစ်နေ့တစ်နေ့ အကြိမ်ပေါင်းမနည်းလှပါဘူး။ အဖေက ပျော်ရွှင်ပြီးပြန်ဖြေခဲ့တာပါ။ ခုငါ့သားက ငါ့ကို ၃ ခါလောက်နဲ့ စိတ်မရှည်နိုင်ဘူးဖြစ်နေတာပါလား" တဲ့....
"နောက်.. မင်းရဲ့သားလေး နေပူထဲရောက်တာမြင်တော့ မင်းဆောက်တည်မရဖြစ်ပြီး ငါ့ကို ကြိမ်းမောင်းလိုက်တာ ..... ငါ့သားလေး နေပူကျဲကျဲထဲ ပင်ပန်းနေတာကြတော့ ငါမနာကျင်ရတော့ဘူးလား.... ငါမခံစားရတော့ဘူးလား...:"ဆိုပြီးပြန်မေးပါပါသတဲ့ ။
အဲဒီအခါကျမှ သားဖြစ်တဲ့သူဟာ ... အရွယ်ပြောင်းလည်းသွားတဲ့သားသမီးတွေပေါ်မှာ...အရွယ်မပြောင်းလည်းတတ်တဲ့ မိဘတွေရဲ့ မေတ္တာကို ပိုသဘောပေါက်သွားပါတော့သတဲ့ ။
ဖိုးသူတော် (www.phothutaw.com)
Credit: Than Swe
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment