Friday, July 29, 2016

ပခုံးတစ်ဖက်တော့လိုတယ်




မေမေက “လူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေမှာ ဘာက အရေးအကြီးဆုံးလဲ” လို့ ကျွန်မကို မေးလေ့ရှိတယ် …

နှစ်တွေ တော်တော်လေး ကြာလာတော့ အဖြေကို ကျွန်မ ခန့်မှန်းမိလာတယ် .. အဲဒါနဲ့ … ကျွန်မငယ်ငယ်တုန်းက ထင်တာတော့ အသံက လူ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံးထင် တယ် .. ဒါကြောင့် အရေးကြီးဆုံးက “နား” ပါ မေမေ လို့ ဖြေလိုက်ပါတယ် … ။

မေမေက “မဟုတ်သေးဘူး … နားမကြားတဲ့ လူတွေ အများကြီးရှိတယ်လေ …. ဆက်ပြီး စဉ်းစားဦး နောက်မှ ထပ်မေးမယ်” လို့ ပြောပါတယ် … ။

နှစ်တွေ တော်တော် ကြာလာတော့ … မေမေက အဲဒီမေးခွန်းကို ထပ်မေးပြန်ပါတယ် … ပထမ တစ်ကြိမ် ဖြေပြီးကတည်းက အဲဒီမေးခွန်းရဲ့ အဖြေကို လေးလေးနက်နက် ဆက်စဉ်းစားခဲ့တယ် … ။

ဒါနဲ့ … ဒီတကြိမ်မှာတော့ “အမြင်ကလည်း အရေးကြီးတာပဲ … မျက်လုံးက အရေးကြီးဆုံးပဲ လို့ ” ဖြေလိုက်ပါတယ် … ။

မေမေက ကျွန်မကို ကြည့်ပြီးတော့ “တော်တော်ကို မြန်မြန်ဆန်ဆန် လေ့လာနိုင်တာပဲ … ဒါပေမယ့် အဖြေမှန်တော့ မဟုတ်သေးဘူး … မျက်စိမမြင်တဲ့ သူတွေလည်း လောကကြီးမှာ အများကြီး ရှိတာပဲ” လို့ မေမေက ပြောပြန်ပါတယ် … ။

ကျွန်မလည်း လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မေမေ့ ရှေ့ က ထွက်လာခဲ့ပါတယ် … ။

ကျွန်မလည်း အဲဒီ မေးခွန်းရဲ့ အဖြေကို စဉ်းစားပါတယ် … အမေကလည်း ၂ ကြိမ် … ၃ ကြိမ် လောက် ထပ်မေးပါသေး တယ် … ၊ ဖြေလိုက်တိုင်းလည်း မမှန်ခဲ့ပါဘူး … ။ “သမီးလေးက တစ်နှစ်ထက် တစ်နှစ် ပိုပိုပြီးတော့ တော်လာတယ်” လို့တော့ ကျွန်မကို နှစ်သိမ့်ပါတယ် … ။

ဒီလိုနဲ့ တစ်နေ့မှာတော့ အဖိုးက ဆုံးသွားပါတယ် … မိသားစုတွေ အားလုံး ကြေကွဲ ခံစားရပါတယ်။ မိသားစုတွေ အားလုံး ငိုကြပါတယ် … မေမေလည်း ငိုနေသလို … ဖေဖေလည်း ငိုနေတယ် … ။

အဖိုးကို နောက်ဆုံး နှုတ်ဆက်ရမယ့် အချိန်မှာ မေမေက ကျွန်မကို ကြည့်ပါတယ် … ပြီးတော့ “သမီး … လူတွေအတွက် အရေးအကြီးဆုံး အစိတ်အပိုင်းကို သိပြီလား” လို့ မေးပြန်ပါတယ် … ။

ကျွန်မ ခေါင်းခါပြလိုက်ပါတယ် … ကျွန်မထင်ခဲ့တာ ဒါဟာ မေမေက ကျွန်မကို ကစားတဲ့ အနေနဲ့ပဲ မေးခဲ့တဲ့ မေးခွန်းလို့ ထင်ခဲ့တယ် … ။

ဒီအချိန်မှာ ဘာကြောင့်ထပ်မေးလဲ ဆိုတာကိုလည်း နားမလည် နိုင်ဘူး ... ။

ကျွန်မစိတ်တွေလှုပ်ရှားပြီး ကယောက်ကယက် ဖြစ်နေတာကို ကျွန်မရဲ့မျက်နှာမှာ ပေါ်လွင် နေတယ် …

“ဒီမေးခွန်းက တကယ်ကို အရေးကြီးတယ် … သမီးလေးက မေမေ့ကို နား … မျက်လုံး စသည်ဖြင့် အဖြေတွေ ပြောခဲ့တယ် … အဖြေတွေကိုလည်း မှားတယ် လို့ ပြန်ပြောခဲ့တယ် …ခုတော့ ပြောပြတော့မယ် … ၊ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့မှာ သမီး အတွက် အရေးကြီးတာကို ပြောပြချင်လို့ပဲ …”

အမေက မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်မကို ငုံ့ကြည့်တယ် … အမေ့ မျက်ဝန်းထဲက မျက်ရည်တွေကို ကျွန်မ မြင်နေရတယ် … ။

“အရေးအကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ပခုံး ပဲ … သမီး” လို့
အမေက ပြောပါတယ် … ။

“ဘာကြောင့်လဲ မေမေ … ပခုံးက ခေါင်းကို ထောက်ပံ့ပေးထားလို့လား” လို့ ကျွန်မ ပြန်မေးလိုက် ပါတယ် .. ။

“မဟုတ်ဘူး … ပခုံးဆိုတာ … သမီးရဲ့ သူငယ်ချင်း … ဒါမှမဟုတ် … ချစ်ခင်ရသူ … တစ်ယောက် ယောက် ဝမ်းနည်းကြေကွဲပြီး ငိုကြွေးနေတဲ့ အချိန်မှာ ထောက်ပံ့ ပေးထားနိုင်တယ် … ၊

လူတိုင်းဟာ ငိုကြွေးဖို့ အတွက် ပခုံးတစ်ဖက်တော့လိုပါတယ် … တခါတလေ သမီးရဲ့ ဘဝမှာ ငိုကြွေးဖို့ အတွက် လိုအပ် လာတဲ့အခါ … ပခုံးတစ်ဖက်တော့ အမြဲတမ်း ရှိနေဖို့ မျှော်လင့်တယ်” လို့ အမေက ပြောပါတယ် … ။

အဲဒီတော့မှ ကျွန်နားလည်သွားတယ် .. ပခုံးက အရေးကြီးဆုံးဆိုတာ တစ်ကိုယ်ကောင်း မဆန်ဖို့ … အဲဒီပခုံးက ကိုယ့်အတွက် မဟုတ်ဘဲ သူများအတွက် ဆိုတာကို သိသွားတယ် … ၊ ဒါဟာ သူတပါးရဲ့ နာကျင် ခံစားမှုတွေ အတွက် … ကိုယ်ချင်းစာပေးဖို့ပါပဲ …

လူတွေဟာ ကိုယ်ပြောခဲ့တဲ့ အရာတွေကို မေ့ကောင်း မေ့သွားနိုင်ပါတယ် …

လူတွေဟာ ကိုယ်လုပ်ပေးခဲ့တဲ့ အရာတွေကို မေ့ကောင်း မေ့သွားနိုင်ပါတယ် …

ဒါပေမယ့် သူတို့ နာကျင်ကြေကွဲ ခံစားနေတဲ့ အချိန်မှာ ရှိနေပေးတဲ့ ပခုံးတစ်ဖက်ကိုတော့ ဘယ်တော့မှ မမေ့နိုင်ကြပါဘူး ….

ဒါကြောင့် … လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပခုံးတစ်ဖက်တော့ လိုအပ်လာပါလိမ့်မယ် …

(အင်တာနက်မှာ ဖတ်ရတဲ့ စာစု တစ်ခုကို ဆီလျော်အောင် ခံစား ရေးသားပါတယ် … ။)

ဒါနဲ့ပတ်သက်လို့ သတိရမိတဲ့ စကားစုလေး တစ်ခုနဲ့ အဆုံးသတ်လိုက်ပါတယ် …

“It’s during the worst storms of your life that you will get to see the true colors of the people who say they care about you.”

မေတ္တာဖြင့်

Credit : အောင်ကိုဦး(UMK)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths