Wednesday, August 24, 2016

ဒေါသဖြေနည်းဆေး




လူတစ်ယောက်က လာမေးတယ်။

“ လူတစ်ယောက်ကို မြင်တိုင်း၊ အဲဒီလူရဲ့စကားသံကို ကြားရတိုင်း ဒေါသဖြစ်နေတယ်။
အဲဒီဒေါသထွက်နေတဲ့ စိတ်ကို ဘယ်လိုဖျောက်ရမလဲ ”

“ အင်း အဲဒီလူကို ဘာကြောင့် ဒေါသထွက်နေရတာလဲ ပြောပါဦး ”

“ သူက လေလုံးထွားတယ်။ လက်တွေ့ဘာမှ အဖြစ်ရှိအောင် မလုပ်နိုင်ဘဲ နေရာတကာ
သူသိ သူတတ် သူသာ ဆရာကြီးလုပ်နေတယ် ”

“ တကယ်တော့ အဲဒီလူကိုမြင်တိုင်း ဒေါသထွက်နေရတာက သူ့ကို ကိုယ်က သတိထားပြီး
ကြည့်မိနေတာ။ သူပြောတဲ့စကားတွေကို အာရုံစိုက်ပြီး နားထောင်နေတတ်တာကြောင့်ဖြစ်
တယ်။ သူနဲ့ပတ်သက်ရင် မျက်စိကန်းသလို နားကန်းသလိုနေပြီး သူ့ဘာသာ ပြောချင်တာပြော
ကိုယ်က အာရုံမစိုက်ဘဲထားရင် အဲဒီဒေါသထွက်တဲ့စိတ်က ဖြစ်မလာတော့ဘူး။ ”

ဒေါသနဲ့ပတ်သက်လို့ ဆရာကြီး ပါရဂူ ရေးတဲ့ နိတိပုံပြင်များထဲက “ ဒေါသဖြေနည်းဆေး ” ဆိုတဲ့
ပုံပြင်လေးပြောပြမယ်။

အမျိုးသမီးတစ်ယောက်ရှိသည်။ ထိုအမျိုးသမီးသည် ဒေါသအလွန်ကြီးသည်။ မပြောပလောက်သည့်
အကြောင်းနှင့်ဖြစ်စေ ထောင်းခနဲ့ ဒေါသထွက်လာတတ်သည်။ ဒေါသထွက်သည့်အခါတိုင်း မကြားဝံ့
မနာသာ အယုတ္တအနတ္တများကို ပြောတတ်သည်။

ဒေါသကြီးသော ထိုအမျိုးသမီးကြောင့် သူ့တစ်အိမ်ထောင်လုံးမျှသာမက တစ်ရပ်ကွက်လုံးပင်
စိတ်ညစ်နေကြသည်။ ထိုအမျိုးသမီးကိုယ်တိုင်ကလည်း ဒေါသကို ထိန်းမထားနိုင်သဖြင့် မကြံတတ်
မစသည်တတ် ဖြစ်နေသည်။ ဒေါသပြေပျောက်သွားသည့်အခါတိုင်းလည်း နောင်တတရား ရလာ
တတ်သည်။ သို့သော်လည်း ဒေါသကို မချုပ်တည်းနိုင်သဖြင့် အကြောင်းပေါ်လာပါက ၀ုန်းခနဲ
ဒေါသအိုး ပေါက်ကွဲသွားသည်သာ ဖြစ်သည်။

တစ်နေ့သ၌ ရသေ့တစ်ပါး ထိုအမျိုးသမီးအိမ်သို့ ကြွလာသည်။ အမျိုးသမီးက ရသေ့အား သူ့အကြောင်း
ကို လျှောက်ထားပြောပြလေသည်။

“ ရသေ့ကြီး တပည့်တော်မဟာ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်တဲ့အတွက် အလွန်တရာဒုက္ခရောက်နေ
ပါတယ်။ ထစ်ခနဲဆိုလျှင် ဒေါသထွက်လာတတ်ပါတယ်။ ဒေါသထွက်လာလျှင်လည်း ဘာကိုမှ မစဉ်းစား
မဆင်ခြင်တော့ပါဘူး။ မှားတာတွေ လုပ်မိပါတယ်။ ဒေါသဖြေဖျောက်တဲ့ နည်းလမ်းများရှိလျှင်
တပည့်တော်မကို ညွှန်ကြားတော်မူပါ ”

ရသေ့ကြီးက ပြန်ပြောသည်။

“ ကိစ္စမရှိပါဘူး။ ကျုပ်ဆီမှာ ဒေါသပျောက်ကင်းသွားအောင် လုပ်တဲ့ဆေး ရှိတယ်။ နက်ဖြန်ကျတော့
ယူလာခဲ့မယ်။ စိတ်မပူနဲ့။ ”

နောက်တစ်နေ့တွင် ရသေ့ကြီးသည် ထိုအမျိုးသမီးအိမ်သို့ ရောက်လာသည်။ ရသေ့ကြီး၏ လက်ထဲတွင်
ဆေးပုလင်း တစ်ပုလင်းလည်း ပါလာသည်။ အမျိုးသမီးအား ရသေ့ကြီးက ဆေးပုလင်းပေးပြီး ပြောလေ
သည်။

“ ဒေါသထွက်လာတဲ့အခါ ဒေါသပျောက်သွားသည်အထိ ဒီပုလင်းထဲက ဆေးရည်ကို ဖြည်းဖြည်းသောက်ပါ။
နောက်တစ်ပတ်ကြာတဲ့အခါမှာ အကျိုးအကြောင်းသိရအောင် ကျုပ်တစ်ခါလာခဲ့ဦးမယ် ”

ယင်းသို့ပြောဆိုပြီး ရသေ့ကြီး ပြန်ကြွသွားလေသည်။

ရသေ့ကြီးပေးသွားသော ဆေးပုလင်းကို အမျိုးသမီးက သိမ်းထားသည်။

အကြောင်းတစ်ခုကြောင့် ဒေါသထွက်လာတဲ့အခါ အမျိုးသမီးသည် ရသေံကြီးညွှန်ကြားသည့်အတိုင်း ပုလင်း
ထဲက ဆေးရည်ကို တစ်စက်ချင်း ဖြည်းဖြည်းသောက်လေသည်။

နောက်တစ်ပတ်ကြာသောအခါ ရသေ့ကြီး ကြွလာပြန်လေသည်။ အမျိုးသမီးက ရသေ့ကြီးအား ရှိခိုးဦးတင်
လုပ်လျှက် ပြောလိုက်လေသည်။

“ ရှင်ရသေ့ကြီး တပည့်တော်မကို ကယ်တင်လိုက်ပါတယ်ဘုရား။ ရှင်ရသေ့ကြီးပေးတဲ့ဆေးကို သောက်လိုက်
တာနဲ့ တပည့်တော်မ ဒေါသပြေပျောက်သွားပါတယ်။ ဒေါသပြေတဲ့ ဘယ်လိုဆေးမျိုးကို ပေးတယ်ဆိုတာ
တပည့်တော်မ သိချင်ပါတယ်။ ”

ရသေ့ကြီးက ရယ်ပြီးပြောလေသည်။

“ ပုလင်းထဲမှာ ဘာဆေးမှ မရှိဘူး။ ရေပဲ ထည့်ထားတယ်။ ပုလင်းထဲက ရေကို သောက်နေရတဲ့အတွက်
သိပ်စကားပြောချိန် မရဘူး မဟုတ်လား။ ဒေါသကို ပယ်ဖျောက်ပစ်တဲ့ အကောင်းဆုံးဆေးဟာ ပါးစပ်ပိတ်
ထားခြင်းပဲ ဖြစ်တယ်။ ပါးစပ်ပိတ်ထားရင် ဒေါသ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ ”

Credit: မျိုးဝဏ္ဏ(စာပေဥယျာဉ်)


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths