မြို့တစ်မြို့၌ သူဌေးကြီး တစ်ဦးရှိသည်။ ထိုသူဌေးထံ၌ ဥစ္စာပစ္စည်းများစွာ ရှိသည်။ အခြွေအရံလည်း
ပေါများသည်။ သူဌေးကြီးအနေနှင့် ဘာမဆို အစစအရာရာ အဆင်ပြေသည်။ သို့သော်လည်း
သူဌေးကြီးသည် စိတ်နှလုံး မငြိမ်းချမ်းပေ။
စိတ်နှလုံး မငြိမ်းမချမ်းနှင့် နေရဖန်များသောအခါ တစ်နေ့တွင် သူဌေးကြီးသည် ရသေ့တစ်ပါးထံသွား၌
အကြောင်းစုံကို လျှောက်ထားပြောပြပြီးလျှင် သူ့ကို စိတ်ချမ်းသာအောင် လုပ်ပေးပါဟု ရသေံကြီးအား
တောင်းပန်လေသည်။
ရသေ့ကြီးသည် သူဌေးကြီး၏စကားကို ဂရုစိုက် နားထောင်ပြီးလျှင် ...
“ သင်သူဌေးကြီး၊ ဇေယျာပူမြို့ကို သွားပါ။ ဇေယျာပူမြို့မှာ အလွန်တရာ ကြွယ်ဝချမ်းသာသူ သူဌေးကြီး
တစ်ယောက်ရှိတယ်။ အဲဒီသူဌေးကြီးထံ သင်သွားရင် သူက သင်သူဌေးကြီး စိတ်ချမ်းသာမယ့်နည်းလမ်းကို
ညွှန်ကြား ပြောပြပါလိမ့်မယ် ” ဟုပြောလေသည်။
ရသေ့ကြီး မတော်တရော်ပြောခြင်း ဖြစ်သည်ဟု သူဌေးကြီးက ယူဆပြီးလျှင် ရသေ့ကြီးအား ...
“ သင်ရသေ့ထံ ကျွန်ုပ် မျှော်လင့်ချက်ကြီးစွာနှင့် လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွနုပ်ကို ကယ်ပါ ရသေ့ကြီး ”
ဟူ၍ ထပ်မံ အသနားခံပြန်လေသည်။
ရသေ့ကြီးကလည်း ပထမပြောသည့်အတိုင်းပင် ပြောပြလေသည်။
သူဌေးကြီးသည် နောက်ထပ် အတွန့်တက်၍ မရတော့ဘဲ ဇေယျပူမြို့သို့ ထွက်ခွာသွားလေသည်။
ဇေယျပူမြို့ ရသေံကြီးပြောသည့် သူဌေးထံ ရောက်သွားသောအခါ သူဌေးကြီးသည် အကြီးအကျယ်
အံအားသင့် သွားလေသည်။ ဇေယျပူသူဌေးသည် သူ့ထက်အဆများစွာ ချမ်းသာသည်။ လုပ်ငန်း
ကိုင်ငန်းကြီးများမှာလည်း အလွန်တရာ ကြီးကျယ်များပြားသည်။ သို့သော်လည်း ထိုဇေယျာပူသူဌေးသည်
မျက်နှာအမြဲရွှင်လန်းနေသည်။ စိတ်ချမ်းမြေ့ပုံရသည်။
သူဌေးကြီးသည် ဇေယျာပူသူဌေးအနီးတွင် ထိုင်လိုက်သည်။ ထိုအခိုက် လူတစ်ယောက် ပေါက်လာသည်။
ထိုသူက မျက်စိပျက် မျက်နှာပျက်နှင့် ...
“ သူဌေးကြီး ကျွန်ုပ်တို့သင်္ဘော ပင်လယ်ထဲမှာ ပျက်သွားပါတယ်။ သိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးသွားပြီ ”
ဟု ပြောလေသည်။
ဇေယျပူသူဌေးကြီးက အပြုံးမပျက်။
“ စာရေးကြီး ဒါစိတ်ပျက်နေစရာ အကြောင်းမဟုတ်ပါဘူး။ ကုန်ကူးသန်းရောင်းဝယ်တယ်ဆိုတာ အခုလို
ဖြစ်တတ်တာမျိုးပဲ ” ဟု သူ့စာရေးကြီးအား ပြောလိုက်လေသည်။
ယင်းသို့ ပြောပြီးလျှင် ဧည့်သည်သူဌေးကြီးနှင့် အာလာပသလ္ဃာပ ပြောနေသည်။ ခဏအကြာတွင် လူ
တစ်ယောက် ပေါက်လာပြန်သည်။
“ သူဌေးကြီး ၀ါဂွမ်းဈေး ထိုးတတ်သွားပြီ။ ကျွန်ုပ်တို့ သိန်းပေါင်းများစွာ မြတ်တော့မယ် ” ဟုပြောလေသည်။
ဇေယျာပူသူဌေးကြီးက ပြောလေသည်။
“ စာရေးကြီး ၀မ်းသာနေစရာ မလိုပါဘူး။ ကုန်အရောင်းအ၀ယ်လုပ်တယ် ဆိုတာ ဒီလိုချည်းပါပဲ ”
ဧည့်သည် သူဌေးကြီး အဖြေရရှိသွားလေသည်။
စိတ်ချမ်းခြင်း၏ အကြောင်းသည် စည်းစိမ်ဥစ္စာမဟုတ်။ စိတ်ကိုဘောင်ဘင်မခတ်အောင် ထားတတ်ခြင်း
ဖြစ်၏ဟူ၍ သဘောပေါက်သွားလေသည်။
ပါရဂူ(နီတိပုံပြင်များ)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment