Saturday, October 29, 2016

ဖတ်ကြည့်စေချင်တယ်


ပိုကောင်းတာကို ရရှိဖို့ လက်ရှိအကောင်းဆုံးကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမှာပါ။

တစ်နေ့မှာ မျက်လုံးလေးတွေတောက်ပကြည်လင်နေပြီး ချစ်စရာကောင်းတဲ့ အသက်ငါးနှစ်အရွယ် ဂျင်နီလေးဟာ သူ့အမေနဲ့ ဈေးဝယ်ဖို့ ဈေးကိုလိုက်သွားခဲ့ပါတယ်။ အဲဒီဈေးထဲမှာ အလွန်လှပတဲ့ ပုလဲ လည်ဆွဲလေးကို သူမ အရမ်းကို သဘောကျသွားခဲ့တယ်။ ဈေးက နှစ်ဒေါ်လာ ခွဲတဲ့။

ဒါနဲ့သူမလည်း အရမ်းလိုချင်လာတာနဲ့ သူမ မေမေကို ဝယ်ပေးပါလို့ ပူဆာခဲ့တယ်။ အမေဖြစ်သူက “အရမ်းလှတာတော့ ဟုတ်ပါတယ် သမီးရယ်။ ဒါပေမယ့် သမီး လည်ဆွဲက ဈေးကြီးလွန်းတယ်။ ဒါကြောင့် အခုဝယ်လို့တော့ မဖြစ်နိုင်သေးဘူး။

ဒါပေမယ့် သမီးမေ့မေ့ကို အိမ်အလုပ်တွေ ကူလုပ်ပေးမယ်ဆို မေမေသမီးကို မုန့်ဖိုးလေးတွေပေးမယ်။ သမီးစုပေါ့။ ဒါမှ မပြည့်သေးဘူးဆို သမီးမွေးနေ့ကျ သမီးအဖွားပေးမယ့် မုန့်ဖိုးနဲ့ ပေါင်းပြီး ဝယ်လိုက်လေ။” လို့ပြောလိုက်ပါတယ်။

ဒါနဲ့ ဂျင်နီလေးလည်း သူ့အမေပြောသလို အိမ်အလုပ်တွေ ကူလုပ်ရင်း ရလာတဲ့ မုန့်ဖိုးလေးတွေစု၊ မွေးနေ့အဖွားပေးတဲ့ မုန့်ဖိုးလေးနဲ့ ပေါင်းပြီး ပြည့်တဲ့နေ့မှာ လည်ဆွဲလေးကို သွားဝယ်ခဲ့တယ်။ ဂျင်နီလေးဟာ လည်ဆွဲလေးကို သဘောကျလွန်းတော့ ဘယ်နေရာသွားသွား ဝတ်ထားတော့တယ်။ အပြင်သွားတာပဲဖြစ်ဖြစ်၊ အိပ်ယာထဲမှာပဲ ဖြစ်ဖြစ်၊ ကျောင်းသွားတာဖြစ်ဖြစ်ပေါ့။ သူမ လည်ဆွဲလေးကို ရေချိုးတဲ့ အချိန်တစ်ချိန်ပဲ ချွတ်ထားတတ်တယ်။ ဒါတောင် သူ့မေမေက လည်ပင်းတွေ ထိခိုက်တတ်တယ်ဆိုလို့ ချွတ်လိုက်တာပါ။

ဂျင်နီ့မှာ သိပ်ချစ်စရာကောင်းတဲ့ အဖေတစ်ယောက်လည်း ရှိပါတယ်။ သူမ ဖေဖေဟာ အိပ်ယာဝင်တိုင်း ဂျင်နီနားထောင်ချင်တဲ့ ပုံပြင်လေးတွေ ပြောပြလေ့ရှိတယ်။ ပုံပြင်ပြောပြီးတဲ့ အခါ အဖေဖြစ်သူဟာ “သမီးဖေဖေ့ကို ချစ်လား” ဆိုမေးလေ့ရှိတယ်။

ဂျင်နီလေးကလည်း “ချစ်တာပေါ့ ဖေဖေသိပါတယ်။ သမီးဖေဖေ့ကို အရမ်းချစ်တာကို”ဆိုပြီး ပြန်ဖြေပါတယ်။ တစ်နေ့မှာတော့ အဖေဖြစ်သူက “ချစ်တယ်ဆို သမီးလည်ဆွဲလေး ဖေဖေကို ပေးလေ” လို့ တောင်းလိုက်ပါတယ်။

ဂျင်နီလေးကလည်း သူအရမ်းနှစ်သက်တဲ့ လည်ဆွဲလေး ဖြစ်နေတော့ “ဒါလေးတော့ မလုပ်ပါနဲ့ ဖေဖေ။ တစ်ခြားအရုပ်လေးယူလေ။ ရိုစီ အရုပ်လေးယူလေ ဒါလေးက သမီးမွေးနေ့တုန်းက ရတာ သမီးအရမ်းကြိုက်တဲ့ အရုပ်လေးလေ” ဆိုပြီး ပြောလိုက်ပါတယ်။

အဖေဖြစ်သူက နဖူးလေးကို ခပ်ဖွဖွ နမ်းပြီး “ရပါတယ်။ သမီးရယ်” ဆို အိပ်ယာဝင်သွားတယ်။ 

ဒီလိုနဲ့ ပုံပြင်လေးတွေပြောရင်း နောက်တစ်ပတ်ကြာပြီးတဲ့ ညမှာလည်း ထပ်မေးပြန်တယ်။ “သမီးဖေဖေ့ကို ချစ်လား” ဆိုပြီးတော့ပါ။ ဂျင်နီလေးကလည်း “ချစ်တာပေါ့ ဖေဖေသိပါတယ်။ သမီးဖေဖေ့ကို အရမ်းချစ်တာကို”ဆိုပြီး ပြန်ဖြေပြန်ပါတယ်။ တစ်ခါ လည်ဆွဲလေးကို ထပ်တောင်းပြန်တယ်။ ဂျင်နီလေးကလည်း သူအရမ်းနှစ်သက်တဲ့ လည်ဆွဲလေး ဖြစ်နေတော့ “ဒါလေးတော့ မလုပ်ပါနဲ့ ဖေဖေ ။ တစ်ခြားအရုပ်လေးယူလေ။ သမီးမြင်းရုပ်လေး ယူမလား။ ဖဲကြိုးအနီလေးတွေနဲ့ အရမ်းလှတဲ့ အရုပ်လေးလေ။ “ ဆိုပြီး ပြောပြန်ပါတယ်။

အဖေဖြစ်သူကလည်း “ရပါတယ် သမီးရယ်” ဆိုပြီး အိပ်သွားပြန်တယ်။

ဒီလိုနဲ့ ရက်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ ဂျင်းနီလေးက သူ့ဖေဖေပုံပြင်ပြောပြီးသွားတဲ့ အချိန်မှာ သူမလည်ဆွဲလေးကို သူ့ဖေဖေကို ကမ်းပေးလိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ သူ့အဖေဟာ အိတ်ကပ်ထဲက အလွန်လှပတဲ့ အပြာရောင် ဘူးလေးတစ်ဘူးကို ထုတ်လိုက်တယ်။ ပြီးတော့ သူ့သမီးလေးကို ပေးလိုက်ပြီး “ဖွင့်ကြည့်လေ” လို့ ပြောလိုက်ပါတယ်။

အထဲမှာ ပါလာတာက သိပ်ကိုလှပတဲ့ ပုလဲ လည်ဆွဲ အစစ်လေးဖြစ်နေပါတယ်။

သူ့အဖေဟာ လှပတဲ့ လည်ဆွဲအစစ်လေးကို ဆင်မြန်းပေးဖို့ ဂျင်နီလေး ဒီလည်ဆွဲအတုလေးကို ချွန်မယ့်နေ့ကို စောင့်နေခဲ့တာပါ။

ဒီလိုပါပဲ ကျွန်တော်တို့တွေလည်း ကိုယ့်အပေါ်မကောင်းတဲ့ လူတွေ၊ ဖမ်းဆုပ်မထားသင့်တဲ့ အရာတွေကို မစွန့်လွှတ်နိုင်သေးသရွေ့တော့ အကောင်းဆုံး ဆိုတဲ့ စစ်မှန်ခြင်းတွေ ကျွန်တော်တို့ဆီ ရောက်လာမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ပိုပြီးကောင်းမွန်တဲ့ အရာတွေကို လက်ခံချင်ရင် မကောင်းတဲ့ အရာတွေကို စွန့်လွှတ်နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

Credit: GandaWin Magazine


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths