
ငွေဆောင်ကမ်းခြေတွင် ဖေဖော်ဝါရီ ၉ ရက်က စုပေါင်းအမှိုက်ကောက်သိမ်းနေကြစဉ်
ဒီကနေ့ စာရေးသူတို့နိုင်ငံမှာ လူတစ်ဦးချင်း မလိုက်နာနိုင်ကြတာက စည်းကမ်းဖြစ်သလို လူတစ်ဦးချင်း လိုက်နာဖို့ အလိုအပ်ဆုံးအရာက စည်းကမ်းဖြစ်နေတာမို့ အခုဆောင်းပါးကိုရေးဖို့ စိတ်ကူးပေါ်ပေါက်လာခဲ့ပါတယ်။
- စည်းကမ်းလိုက်နာ ဘေးကင်းကွာ
- စည်းကမ်းသည်လူ၏ တန်ဖိုး
- စည်းကမ်းရှိမှ တိုးတက်မည်
အပါအ၀င် စည်းကမ်းနဲ့ပတ်သက်တဲ့ ဆောင်ပုဒ်တွေရှိနေပေမယ့် လူ့ဘ၀ရဲ့ ဖြတ်သန်းမှု နေရာတိုင်းမှာ လိုအပ်နေတဲ့ စည်းကမ်းကို စစ်အာဏာရှင်စနစ်ရဲ့ လွဲမှားတဲ့စီမံခန့်ခွဲ မှုအောက်မှာ နှစ်ပေါင်း ၆၀ ကျော် စည်းကမ်းတွေ လိုက်နာမှုမရှိဘဲ ယိုယွင်းပျက်စီးလာခဲ့တယ်။ စည်းကမ်းတွေ ကောင်းမွန်လာစေဖို့ တစ်ဦးချင်းမှာ ပြုပြင်ဖို့လိုအပ်တာက စည်းကမ်းလိုက်နာမှု၊ စည်းကမ်းကို လေးစားလိုက်နာ နိုင်စေမယ့် စိတ်ဓာတ် အရင်းခံဖြစ်ပါတယ်။
စာရေးသူတို့နိုင်ငံမှာ ဒီကနေ့ မိမိနိုင်ငံ တိုးတက်စေဖို့နဲ့ မိမိနိုင်ငံသားတွေ ဘ၀အရည်အသွေး မြင့်မားလာစေလို့ အများတောင့်တ မျှော်မှန်းနေကြတာက မိမိနိုငံအတွင်း နှစ်ပေါင်း (၆၀) ကျော်ဖြစ်ပွားနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းသွားစေမယ့် ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်နဲ့ လူမျိုးစု တိုင်းရင်းသားတွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မှန်ကန်တဲ့ စိတ်ဓာတ်ကို မွေးမြူ ကြပြီး၊ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် စည်းကမ်းချက်တွေနဲ့ ရုပ်လုံးဖော်လိုက်နိုင်ရင် နိုင်ငံလည်း တိုးတက်လာ၊ နိုင်ငံသားတွေလည်း ဘ၀အရည်အသွေး တိုးတက်လာပြီး နိုင်ငံက ဘက်ပေါင်းစုံ တိုးတက်လာမှာဖြစ်ပါတယ်။
ဒီနေရာမှာ စည်းကမ်းနဲ့ပတ်သက်ပြီး စာရေးသူကိုယ်တိုင် ကျင့်ကြံအားထုတ် လုပ်ဆောင်ခဲ့ရတဲ့ စည်းကမ်းရဲ့ ပတ်သက်တာကို အနည်းငယ် ရေးသား တင်ပြလိုပါတယ်။ စာရေးမယ်ဆိုပါလျှင် ကိုယ့်အကြောင်းကိုယ်က နေစရေးလို့ စာရေးဆရာကြီးတွေရဲ့ သြ၀ါဒစကားကို ကြားခဲ့ရပါတယ်။ စာရေးသူတို့ မြန်မာစကားမှာ တစ်ဖက်က ကိုယ့်ကိုယ်ကိုယ် ဖော်မသူတော်ဆိုတဲ့ စကားလည်း ရှိနေတော့ စာရေးသူတွေ အားလုံးက မသူတော်တွေ ဖြစ်ရမယ့်ကိန်း ဆိုက်နေတယ်။ သို့ပေမဲ့ စာရေးသူတွေရဲ့ စစ်မှန်တဲ့စိတ်ရင်းက အသိပညာကို မျှဝေခံစားစေလိုကြတဲ့ စေတနာမှန်ရှိနေတယ် ဆိုတာ ဖွစာတွေ ရေးကြသူတွေကလွဲလို့ အများစုက စေတနာမှန်သူတွေ များပါတယ်။
စာရေးသူ စာရေးတဲ့အခါ စာရေးသူ ငယ်စဉ်ကတည်းက လူကြားမတိုးရဲ၊ ကြောက်စိတ် များနေခဲ့တယ်။ ရှစ်တန်း အောင်မြင်ပြီးချိန် စာရေးသူက မြန်မာနဲ့ အင်္ဂလိပ် လက်နှိပ်စက် သင်တန်းတက်ရာမှာ လက်ကွက်ကို ဦးစွာကျက်မှတ်ရပြီး မြန်မာစာကြောင်း တစ်ကြောင်းဖြစ်တဲ့ “အောင်စိတ်ကိုမွေး ရဲသွေးပမာ” စာတမ်းကို ရိုက်ခိုင်းတယ်။ တစ်ပတ်လောက်ကြာတော့ အဲဒီစာတမ်းကို မျက်နှာလွှဲ ရိုက်တတ်ပါတယ်။ ဆရာကို မျက်နှာလွှဲရိုက်တတ်ပြီဆိုတဲ့ အကြောင်းပြောပြရာမှာ ဆရာကနောက်ထပ်တစ်ပတ် ဆက်ပြီး ရိုက်ခိုင်းရာကနေ အဲဒီစာကြောင်းက စာရေးသူရဲ့ကြောက်စိတ်ကို ဖယ်ရှားပေးလိုက်ပါတယ်။ ဘာပဲလုပ်လုပ် အောင်မြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်မွေးရမယ်။ ရဲရင့်ရမယ်။ သတ္တိရှိရမယ်ဆိုတာက စာရေးသူရဲ့ ဦးနှောက်ထဲကို ၀င်သွားရာကနေ စာရေးသူရဲ့ ကြောက်စိတ် ပျောက်သွားခဲ့ပါတယ်။ စည်ကမ်းနဲ့ပတ်သက်ပြီး နောက်တစ်ခု ထပ်ရေးပြချင်တာက စာရေးသူကနံနက်တိုင်း ကျိုက္ကဆံကွင်းကိုပတ်ပြီး လမ်းလျှောက်တယ်။ လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ စာရေးသူက (၈) လွှာမှာ နေပါတယ်။ နံနက်လမ်းလျှောက်ဖို့သွားရင် အိမ်အပေါ်ဆုံးကနေ အောက်ဆုံးအထိ တံမြက်စည်းလှည်းပြီး ဆင်းပါတယ်။ ပြန်လာရင်လည်း အတက်မှာ တစ်ခါထပ်လှည်းပါတယ်။ အမှိုက်တွေကို ထောင့်မှာ စုပုံထားပြီး တစ်ပတ်တစ်ခါ အမှိုက်တွေကို အမှိုက်ပုံးအတွင်း ပလတ်စတစ်အိတ်နဲ့ ထည့်ပြီးပစ်ပါတယ်။ အဲဒီလိုလုပ်နေတာကို မိမိတိုက်ခန်းမှာ နေသူတွေက မြင်ကြပြီး ယခင်က စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေ နည်းပါးလာတာတွေ့ရပါတယ်။ စာရေးသူတို့ တိုက်ခန်းကို တက်လာရင် အမှိုက်တွေ မတွေ့ ရတော့ပါ။ ဒါက စည်းကမ်းကောင်းလာတဲ့ သဘောကိုဖော်ညွှန်းပါတယ်။ မိမိရဲ့ လုပ်ဆောင်ချက်ကနေ အခြားသူတွေပါ စည်းကမ်းရှိလာရင် ၀မ်းသာရပါတယ်။
စည်းကမ်းဆိုတဲ့စကားလုံး နှစ်လုံးက စည်းနဲ့ကမ်းကို ပေါင်းထားတာဖြစ်ပါတယ်။ မြန်မာတူရိယာမှာ စည်းနဲ့ဝါးဆိုတာ ဂီတသံစဉ်တွေကို အချက်ကျစေဖို့ ခြားပေးလိုက်တဲ့ အချက်ပြသံဖြစ်ပါတယ်။ စည်းနဲ့ ၀ါးမှန်ပါမှ သီဆိုတဲ့သီချင်းနဲ့ ဂီတသံကို ကိုက်ညီမှု ရှိစေဖို့ နားထောင်သူတွေကို နားအကြား အာရုံခံစားမှု ကောင်းစေတာ ဖြစ်ပါတယ်။ ကပေါက်တိ ကပေါက်ချာ ဖြစ်နေရင် နားဝင်မချို တော့ပါ။ ဒီအတိုင်းကမ်းဆိုတာကလည်း မြစ်တွေချောင်းတွေမှာ ကမ်းပါးဆိုတာက ရေတိုက်စားရင် ပြိုကျမသွားအောင် ထိန်းထားပေးတာ ဖြစ်တယ်။ ကမ်းပါးခိုင်ခံ့ပါမှ မြစ်တွေရဲ့ ရေလမ်းကြောင်း စီးဆင်းမှုကောင်းစေမှာ ဖြစ်ပါတယ်။ အဲဒီကမ်းက စည်းနဲ့ပေါင်းစပ် လိုက်တဲ့အခါ လူသားတွေရဲ့ ဘ၀တိုးတက်ရေးအတွက် လိုက်နာကြမယ့် စည်းကမ်းဆိုတာ ဖြစ်လာတဲ့သဘောဖြစ်ပါတယ်။ တစ်ဦးချင်းဖြစ်စေ အဖွဲ့အစည်းဖြစ်စေ နိုင်ငံတွေမှာဖြစ်စေ စည်းကမ်းပျက်ရင် ဘက်ပေါင်းစုံမှာ ပျက်ယွင်းလာစေတော့တာ ဖြစ်ပါတယ်။
ဒါကြောင့် စည်းကမ်းတကျနေတတ်၊ ထိုင်တတ်၊ သွားတတ်၊ လာတတ်၊ စားတတ်ကြဖို့ လူကြီးတွေက အမြဲဆုံးမစကား ဆိုကြတာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ဘက်ပေါင်းစုံ နေရာစုံမှာ စည်းကမ်းတွေ ပျက်ယွင်းနေကြတယ်။ စာရေးသူတို့ ငယ်ရွယ်စဉ်က မိဘစကား ဆရာသမားတွေရဲ့ စကားတွေကို မြေ၀ယ်မကျ နားထောင်ကြရတယ်။ ဒီကနေ့ ခေတ်မှာ မိဘစကား၊ ဆရာသမားတွေရဲ့ စကားတွေကို နားထောင်ရာမှ အားပျော့လာ နေကြတယ်။ ရေသောက်ရင် ထမင်းစားရင်သော်မှ မိမိသောက်နိုင်သလောက် ရေပမာဏကိုသာ ထည့်သောက်ကြဖို့၊ ထမင်းစားရင်လည်း မိမိစားနိုင်သလောက် အလဟဿ မ ဖြစ်စေဘဲ ကုန်နိုင်သလောက်သာ ထည့်စားကြဖို့ ဆုံးမစကား ပြောခဲ့ကြပါတယ်။
မကြာမီရက်ကပဲ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာရဲ့ ဓမ္မမိသား စုဆုံစည်းပွဲ(အဋ္ဌမအကြိမ်) ကိုတက်ရောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီလိုဖေဖော်ဝါရီလမှာ ပဏ္ဍိတာရာမ ဆရာတော်ကြီး ခန္ဓာဝန်ချသွားတဲ့ တစ်နှစ်ပြည့်မြောက်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။ လက်ရှိ နာယကချုပ်ဆရာတော်ကြီးနဲ့ နာယက ဆရာတော်ကြီးတွေရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကို မိန့်ကြားသွားတဲ့အပြင် ဆရာတော်ကြီးရဲ့ ပရိယတ် မကင်းသော ပဋိပတ်၊ ပဋိပတ်မကင်းသော ပရိယတ်ကိုပါ ထည့်သွင်းမိန့်ကြားသွားပါတယ်။ ဆရာတော်ကြီးက ပရိယတ္တိကို သင်ယူလေ့လာမှု မပြုမီ ၀ိပဿနာဘာဝနာကို ဦးစွာ ကျင့်ကြံပွားများစေပါတယ်။ ဒီလို လုပ်ဆောင်ပေးတဲ့ ပထမငယ်၊ ပထမလတ်နဲ့ ပထမကြီးတန်းတွေမှာ ပဏ္ဍိတာရာမ သိက္ခာရှင်တွေက တောင်ကိုရီးယား နိုင်ငံသူတွေ ဖြစ်ပေမယ့် ပထမဆု ဆွတ်ခူးခဲ့တာတွေ့ရပါတယ်။ စာရေးသူလည်း အဲဒီသိက္ခာရှင်တွေကို အင်တာဗျူးလုပ်ခဲ့ရာမှာ ပရိယတ္တိကို ဦးစွာလုပ်ဆောင်ပြီးမှ ပရိယတ္တိကို လေ့လာသင်ယူရောမှာ သင်ယူပြီးတဲ့ စာတွေကို မမေ့တော့ ဘဲ ကောင်းမွန်စွာ ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။
ရိပ်သာပရိဝုဏ်မှာ အမှိုက်သရိုက်တွေ မရှိစေမှု၊ အမှိုက်တွေကို အမှိုက်တောင်းတွေ အတွင်းသာ ထည့်စေမှု၊ ယုတ်စွအဆုံး တံတွေး တွေးဖို့သော်မှ တံတွေးထွေးမယ့် ပုံးတွေထားပေးတယ်။ ဥပုသ်ရက်တွေမှာလည်း ယောဂီ တွေ ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သန့်ရှင်းရေး ဆောင်ရွက်ကြရတယ်။ ဆရာတော်ကြီးရဲ့ရိပ်သာမှာ တရားစခန်းဝင် ရောက်ဖူးသူတွေ ဆရာတော်ကြီးရဲ့ စည်းကမ်းကို လေးစား ကြည်ညိုနိုင်ကြမှာဖြစ်ပါတယ်။
လူငယ်တွေအတွက်လည်း စည်းကမ်း ကောင်းမွန်တဲ့ လူငယ်တွေဖြစ်လာဖို့ နှစ်စဉ် ကျောင်းပိတ်ရက်ရှည် နွေရာသီကာလမှာ ယဉ်ကျေးမှု သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပေးပါတယ်။ ယဉ်ကျေးမှုသင်တန်းသက်သက် မဟုတ်ဘဲ တရားရှုမှတ်တာတွေပါ တစ်ပါတည်း လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ အခုလည်းဆရာတော်ကြီး မရှိတော့ပေမယ့် ဆရာတော်ကြီး ချမှတ်ထားခဲ့တဲ့ စည်းကမ်းအတိုင်း ကျင့်သုံးဆောင်ရွက်နေပါတယ်။ မိဘတွေအနေနဲ့ သားသမီးငယ်စဉ် နွေရာသီ ကျောင်းပိတ်ရက်မှာ ရွှေတောင်ကုန်းသာသနာ့ရိပ်သာမှာ ဖွင့်လှစ်မယ့် ယဉ်ကျေးမှုသင်တန်းကို ပို့ပေးစေချင်ပါတယ်။ စည်းကမ်း ကောင်းမွန်တဲ့ လူငယ်တွေ ဖြစ်လာစေဖို့ပါ။ ဆရာတော်ကြီးက နိုင်ငံတိုးတက်စေလိုတယ်။ စည်းကမ်းပြည့်ဝတဲ့နိုင်ငံ ဖြစ်စေလိုတယ်။ စည်းကမ်းကောင်းပါမှ နိုင်ငံတိုးတက်မှာ ဖြစ်တယ်လို့ ဆရာတော်ကြီးက ယုံကြည်ထားပါတယ်။ စည်းကမ်းကောင်းမွန်စေမှုနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြပါလို့ ဆိုချင်ကြောင်းပါ။
Writer:
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
Saturday, February 11, 2017
6:38 AM
စည်းကမ်း
Myanmar Youths Technology Group
No comments
MR: EDITOR
Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment