မိုဘိုင်းဖုန်း အသုံးပြုသူတချို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေမျိုးထွန်း)
ဖေ့ဘုတ်ကို အချို့လူတွေက FB လို့ အတိုကောက်ရေးတယ်။ မတ်ဇူကာဘာ့ခ်ျရဲ့ ဖေ့ဘုတ်ကို လူအတော်များများ သိကြတယ်။ သုံးကြပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဘီလျံကျော် သုံးတယ်လို့ စစ်တမ်းတွေမှာ တွေ့ရတယ်။
တစ်နေ့တွင် သတင်းထောက်အမျိုးသမီး တစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။
“ဆရာ ဖေ့ဘုတ်အပေါ် သဘောထားကို သိပါရစေ” တဲ့။
သတင်းဌာနတစ်ခုက ကျွန်တော့်ကို အင်တာဗျူးလုပ်ပါတယ်။ ကျွန်တော်က ထုံးစံအတိုင်း သူတို့ကိုမေးပါတယ်
“ဘာလို့ဒီလိုမေးတာလဲ”
“ကျွန်မတို့ဌာနက လူတွေရဲ့ သဘောထားကို သိချင်လို့ပါ ဆရာ၊ ဆရာ ဖေ့ဘုတ်ကို ကြိုက်ပါသလား”
သူတို့ရည်ရွယ်ချက် ကောင်းပါတယ်။ ကျွန်တော်ဖြေပါတယ်။
“ကျွန်တော် ဖေ့ဘုတ်ကို ကြိုက်ပါတယ်”
“ဘာလို့ကြိုက်တာလဲ”
“လူတွေဟာ Social Animals တွေလေ၊ ဖေ့ဘုတ်ဟာ လူမှုကွန်ရက်ပဲ၊ လူတွေ ဆက်သွယ်လွယ်အောင် ဒီနည်းလမ်းဟာ ကောင်းတာပေါ့”
“ဥပမာအနေနဲ့ ပြောပြလို့ရမလား”
“ကျွန်တော့်တူလေးဟာ နိုင်ငံခြားထွက်သွားတာ သူ့အမေ ဒီမှာဆုံးပြီးကတည်းက ပြန်ပြီးဆုံခွင့်မရဘူး။ အဆက်အသွယ် ပြတ်သွားတယ်။ နောက်တော့ ဖေ့ဘုတ်ကနေ သူ့ညီအစ်ကိုတွေနဲ့ ပြန်ပြီးဆက်သွယ်မိတယ်”
“အတော်ကောင်းတာပဲ”
“တစ်ခါတစ်ခါလည်း သတင်းဦးတွေရတယ်။ တစ်ခါက ကျွန်တော်တို့မိသားစုနဲ့ ခရီးထွက်တယ်။ ညဘက် ရန်ကုန်ကအထွက်မှာ မီးသတ်ကားတွေ အများကြီးတွေ့လိုက်တယ်။ ဒီတော့ ကျွန်တော့်သမီးဟာ ရန်ကုန်မီး (Fire in Yangon) လို့ ရိုက်ထည့်လိုက်ရော သတင်းတွေတက်လာတယ်၊ ဓာတ်ပုံတွေတက်လာတယ်။ အဲဒီတုန်းက မင်္ဂလာဈေးမီးလောင်တာ ထင်တယ်။ ကျွန်တော်တို့က ပန်းဘဲတန်းမှာနေတော့ ဘာပြဿနာမှမရှိဘူး။ စိတ်အေးအေး ခရီးထွက်နိုင်တာပေါ့”
“ဖေ့ဘုတ်ထဲမှာရေးတဲ့ စာတွေနဲ့ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပြပါ”
“ကျွန်တော်က စာရေးဆရာဆိုတော့ ဖေ့ဘုတ်ထဲမှာ လူတွေစာရေးတာကို သဘောကျတယ်။ အချို့ရေးထားတာတွေဟာ စာရေးဆရာထက်တောင် တော်သေးတယ်။ ကျွန်တော့်စိတ်ထင်တော့ သူတို့ ဒီလိုရေးနိုင်တာဟာ စိတ်ခံစားမှုများလို့ပဲ ထင်တယ်။ နောက်တစ်ချက်ကတော့ သူတို့ဟာ ရိုးရှင်းတဲ့အတွေးတွေကို ချပြတာပါပဲ”
“ဟုတ်ပါတယ် ဆရာ။ အချို့လူတွေ ရေးထားတာတွေဟာ အင်မတန်ဖတ်လို့ကောင်းတယ်”
“ကျွန်တော်တော့ ဖေ့ဘုတ်မှာ ရေးသားတာတွေ များလာရင် လူတွေဟာ စာရေးတဲ့အတတ် ပိုတတ်လာမယ်လို့ ထင်တာပဲ”
“ဒါပေမဲ့ ဆရာ၊ မြန်မာစာအရေးအသားတွေ ပျက်တယ်လို့ ဆိုနေကြတယ်”
“ဘယ်လိုမျိုးလဲ”
“ကွီးတို့ ခေးတို့ပေါ့ ဆရာ”
“အင်း သမီးတောင် ဒါတွေမှတ်မိနေတာပဲ။ အဓိပ္ပာယ်လည်း သိတယ်မဟုတ်လား”
“သိပါတယ်ဆရာ”
“ပုဂံခေတ်ကျောက်စာတွေထဲမှာ ဒီလိုအရေးတွေကွဲတာ ရှိတယ်လို့ ဆရာထင်တယ်။ ခုခေတ်အရေးနဲ့ မတူဘူး။ ဆရာက ကလေးတွေက ရေးတာကို အပြစ်တွေတင်နေမယ့်အစား သူတို့သဘောထားကို လေ့လာဖို့လိုတယ်လို့ ထင်တယ်။ ဒီခေတ်မှာ ပွင့်လင်းမြင်သာလာတယ်။ မြန်မာစာပေကိုလည်း အနည်းဆုံး ကွန်ပျူတာထက်မှာ တင်ထားလို့ရနေပြီပဲ၊ မြန်မာစာ မပျက်စီးပါဘူး။ သတ်ပုံကျမ်းတွေ အဘိဓာန်တွေကို အချိန်နဲ့တစ်ပြေးညီ ပြုစုနေရမယ်။ ဆရာဆိုလိုတာက လုံးဝသုံးလို့မရအောင်တော့ လူငယ်တွေ ဖျက်ဆီးမှာတော့ မဟုတ်ဘူး။ သူတို့လည်း မြန်မာစာ တန်ဖိုးသိကြမှာပါ”
“သူတို့ ဖေ့ဘုတ်မှာရေးတာထဲမှာ မကောင်းတာတွေ ပါတယ်ဆရာ၊ ဒါကိုရော ဆရာက ကောင်းတယ်လို့ထင်လား။ ဥပမာ ဆဲတာမျိုးပေါ့”
“ဆဲတာကတော့ ဘယ်တော့မှ မကောင်းဘူးလေ။ အမုန်းစကားတွေဟာလည်း ဆဲတာနဲ့ တူတာပါပဲ။ ဒါတွေကို ဆရာမကြိုက်ပါဘူး။ ဒါဟာ ဖေ့ဘုတ်ရဲ့ ၀ိသေသလက္ခဏာတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ဆရာလူတွေက ဒီလိုဆဲတာကိုပဲ အထူးပြု ပြောနေကြတယ်”
“ဖေ့ဘုတ်မှာ မကောင်းပြောတာတို့၊ သတင်းမှားတွေ ထုတ်ပြန်တာတို့ အများကြီးပဲ ဆရာ”
“ဖေ့ဘုတ်ကို အန္တရာယ်ရှိတယ်လို့ ပြောချင်တာလား”
“ဟုတ်ပါတယ်ဆရာ”
“ဖေ့ဘုတ်ဟာ တစ်နေရာကသတင်းကို နောက်တစ်နေရာရောက်အောင် ချက်ချင်းပို့ဆောင်နိုင်တာတော့ ကောင်းပါတယ်။ ဘယ်ခေတ်ဘယ်အခါမှာမှ ဖေ့ဘုတ်လောက်မြန်အောင် သတင်းမထုတ်ပြန်နိုင်ပါဘူး။ တစ်နေရာမှာ ဆန္ဒပြတယ်ဆို ဖေ့ဘုတ်ကနေတက်လာတယ်။ အစိုးရအဖွဲ့ဝင်လူကြီးတွေ ဘယ်နေရာရောက်နေလဲ ဆိုတာကိုလည်း ဖေ့ဘုတ်ကနေ ကြည့်လို့ရတယ်။ ဒါပေမဲ့ဒါတွေဟာ အတည်ပြုထားတဲ့ သတင်းတွေမဟုတ်ဘူး။ ဒီအတွက် ဒီသတင်းတွေကို အခြေခံပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချလို့မရဘူး။ အတည်ပြုတဲ့ သတင်းတွေကို ရယူရမှာဖြစ်တယ်”
“ဆရာစောစောက ပြောတဲ့အကြောင်းရာတစ်ခုကို ပြန်ကောက်ချင်တယ်ဆရာ၊ ဖေ့ဘုတ်မှာရေးတဲ့သူတွေဟာ လွတ်လပ်တယ်ဆိုရင် ဆရာကောဖေ့ဘုတ်မှာ ရေးဖူးလား”
“မရေးဖူးပါဘူး။ ဒါပေမဲ့ ခံစားကြည့်မိတာ အများကြီးပဲ၊ ခုလိုရန်ကုန်မှာ ရေခြောက်ရက်ပျက်မယ်ဆိုတာမျိုး၊ မီတာခ သုံးဆတက်မယ့်သတင်းတွေ ကြားတာမျိုးဆိုရင် ဆရာက ဖေ့ဘုတ်မှာ လွတ်လွတ်လပ်လပ် ရေးချင်တယ်”
“ဘယ်လိုရေးမှာလဲ ဆရာ”
“ဆရာက ရန်ကုန်မြို့လယ်ကောင်မှာ ဆရာ့ဇနီးနဲ့ အတူနေတယ်။ ဆရာတို့အခန်းက သုံးထပ်မှာပါ။ နှစ်ယောက်ထဲနေတယ်။ ဆရာတို့အိမ်မှာ ရေချိုးတဲ့ရေနွေးစက်လည်းရှိတယ်။ လက်ဆေးခွက်တွေလည်းရှိတယ်။ ကျန်းမာရေးအတွက် လိုအပ်ရင် ဆရာက လက်ခဏခဏဆေးတယ်။ အိမ်သာတက်တဲ့ အကြိမ်လည်းများတယ်။ နောက်ဘိုထိုင်ဆိုတော့ အိမ်သာတက်ပြီးရင် ရေဆွဲချရတယ်။ ရေအကုန်များတယ်။ ဆရာ့အိမ်မှာ တစ်ခါက မီးအတော်ကြာကြာပျက်တာနဲ့ ဆုံဖူးတယ်။ ရေမရဘူး။ အိမ်သာရေဆွဲချလို့ မရဘူး။ နောက်ဆုံး ရပ်ကွက်ထဲကို မီးစက်ကြီးရောက်လာတော့မှ ရေစုပ်စက်သုံးပြီး ရေတင်ရတယ်။ ဒီမီးစက်ကို နာရီနဲ့ငှားရတာ ဈေးအတော်ကြီးတယ်။ အဲဒီအချိန်က ဆရာက ဒီလောက်အသက်မကြီးသေးဘူး။ ခုတော့ ရေလည်းမဆွဲနိုင်ဘူး။ ရေခြောက်ရက်ပျက်မယ်ဆိုတော့ လူကြီးတွေအတွက် ဘယ်လောက်အခက်အခဲရှိမလဲ၊ ဆရာ့ အတွေ့အကြုံကို ရေးချင်တာပါ”
“ရေချိုးဖို့၊ အိမ်သာသုံးဖို့ လိုတာပေါ့”
“ထမင်းချက်တာတို့ ဟင်းချက်တာတို့လည်း ဒီလိုသုံးရတာပဲ”
“ဒါကို ဖေ့ဘုတ်မှာမှ ဆရာရေးချင်တာ ရေးလိုက်ပေါ့ဆရာ၊ ဘာကြောင့်မရေးတာလဲ”
“ဆရာ အလုပ်မအားတာလည်းပါတယ်။ သတင်းစာတွေမှာ ဒါကို ဆောင်းပါးတစ်ပုဒ် အနေနဲ့ ရေးလို့မကောင်းဘူးလေ၊ လူတွေအတွက်လည်း ဘာကိုမှပေးတာမှ မဟုတ်တာပဲ”
“ရန်ကုန်အခြေအနေ သိရတာပေါ့”
“ဆရာက ဒါကို ရန်ကုန်အခြေအနေလို့ ပြောချင်တာမဟုတ်ဘူး။ ဒီလိုဒုက္ခတွေရှိတယ်၊ ဖြစ်တယ်ဆိုတာကို ရေးလိုက်ရင် ရင်ထဲပေါ့သွားမလားလို့ ရေးချင်တာ”
“ဆရာက Emotional နဲ့ ရေးချင်တာပေါ့ ဟုတ်လားဆရာ”
“မှန်တယ်သမီး။ ဆရာတို့စာရေးဆရာတွေ အားလုံးဟာ စိတ်ခံစားမှုတွေနဲ့ပဲ ရေးတာပါ။ ဆယ်ကျော်သက်မှာ သစ်ရွက်လေတိုက်တာကိုလည်း ရယ်ချင်တဲ့ခံစားမှုတွေရှိတယ်ပြောတာ သမီးကြားဖူးမှာပါ။ စာရေးဆရာတွေလည်း ဒီလိုပဲ။ ရေပြတ်တာ၊ မီးပြတ်တာတို့ကို ခံစားတယ်။ မီတာခသုံးဆတက်မယ်ဆိုတဲ့ သတင်းလည်း ခံစားတာပါပဲ”
“ခု မီတာခသုံးဆ မတက်တော့ဘူးဆို”
“မတက်တော့ဘူးလို့ သတင်းထဲပြန်ပါလာတယ်။ ဒါပေမဲ့ အစိုးရက မီတာခအပေါ်ရှုံးတော့ တို့တစ်တွေလည်း ဒီဝန်ပိတာပဲပေါ့”
“မကြာသေးမီက ဖေ့ဘုတ်က ကြေညာချက်ထုတ်တာ ဆရာဖတ်လိုက်သေးလား”
“Mark Zuckerberg ရဲ့ Manifesto ဆိုတာ ဖတ်လိုက်ရပါတယ်။ ဖေ့ဘုတ်အနေအထားကို ဖော်ပြတာပါ။ သတင်းစာအချို့ကတော့ ဖေ့ဘုတ်ကြောင့် သတင်းဌာနတွေ ပျက်စီးသွားတယ်ဆိုတယ်”
“ဟုတ်တယ်ဆရာ၊ ဖေ့ဘုတ်ကတော့ ချမ်းသာပြီး ချမ်းသာရင်းပေါ့ ဆရာ”
“ဖေ့ဘုတ်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို သူဖော်ပြသွားတာပါ။ ဒါပေမဲ့ ဆရာက လွတ်လပ်စွာရေးတယ်လို့ ပြောပေမယ့် ဒီမှာလည်းသူများကို ထိခိုက်အောင်ရေးရင်တော့ တရားစွဲဆိုခံရမှာပဲ”
“ဒါတော့ဆရာ၊ လူအများသိအောင် ရေးတယ်ဆိုရင် တရားစွဲခံရမှာပေါ့။ အရင်ခေတ်ကလည်း ဒီလိုပဲလေ။ လမ်းလယ်အော်ဆဲရင်တောင် အသရေဖျက်မှုနဲ့ တရားစွဲသေးတာပဲ”
“အသရေဖျက်မှုထက် ပိုတာတွေရှိတယ်”
“ဆရာ့ကိုနောက်ဆုံးမေးခွန်းတစ်ခု မေးချင်တယ်။ ဖေ့ဘုတ်ကနေ စာပေမှာရနိုင်တဲ့ အကျိုးကျေးဇူကို ပြောပြပါလား”
“ဆရာကတော့ စာပေပုံစံတွေ ပြောင်းသွားမယ်၊ လူတွေဟာ ထိရောက်တဲ့ သတင်းပေးတဲ့စာမျိုး (Informative) ဖြစ်တဲ့စာတွေကို ရေးနိုင်လာလိမ့်မယ်။ စာပေဟာ ဘယ်နေရာမဆို အကျိုးပြုပါတယ်။ ဒါပေမဲ့ ဖေ့ဘုတ်ကြောင့် လူမှုရေးပုံစံ (Life Style) ပြောင်းသွားတာကို မြင်ရမယ်။ စာဖတ်တဲ့သူတွေ ပိုများလာမယ်။ ပညာတတ်တွေ ပိုပြီးပေါများလာလိမ့်မယ်၊ ဖေ့ဘုတ်နဲ့ Wikipedia လို စာပေတွေပေါင်းစုပြီး ကြည့်လာတဲ့အခါ ပိုပြီးတိုက်မယ်လို့ မျှော်လင့်တယ်”
“ကျေးဇူးဆရာ”
“ဆရာလည်း ကျေးဇူးတင်ပါတယ်”
Writer:
ဒေါက်တာခင်မောင်ညို
Credit-Eleven Media Group
အောင်မြင့်မြတ်(Myanmar Youths)
ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။
Tuesday, March 7, 2017
5:27 AM
ဖေ့ဘုတ်
Myanmar Youths Technology Group
No comments
MR: EDITOR

Myanmar Youths Technology Group
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment