Thursday, February 11, 2016

ပြည်ထောင်စုနေ့ကိုဘယ်အခါမှမမေ့ပါနှင့်

၁၉၄၇ ခုနှစ် ဇန္န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့သွားရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုကြရာ အင်္ဂလိပ်တို့က တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန်သဘောတူပါက တပြိုင်တည်း လွတ်လပ်ရေးပေးမည်ဟုပြောဆိုကာ အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့ကြသည်။

 ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိကာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။ 

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့ ပြည်နယ်ပြည်မပူးပေါင်းရေး သဘောတူသော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ ( ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ) ကို “ ပြည်ထောင်စုနေ့ ” ဟု ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်လေသည်။

ပြည်ထောင်စုနေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း အခမ်းအနားများကျင်းပခဲ့ကြသည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ် များတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။


 ပြည်နယ်အသီးသီးမှ ဧည့်သည်တော်ကိုယ်စားများတက်ရောက်၍ တခမ်းတနားကျင်းပကာ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံကို အလှည့်ကျပြည်နယ်များမှ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ အပ်နှင်းခဲ့ကြသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် အထူးအရေးပါသော လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူ အုတ်မြစ်ချနိုင်ခဲ့သော “ ပြည်ထောင်စုနေ့ ” ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကား မြန်မာပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။


Credit - သုတကမ္ဘာ




 



 



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths