Thursday, October 22, 2015

ရုံးဒုက္ခ



ရုံးတွင်း အလုပ်လုပ်သူ အများစုဟာ သူတို့ရဲ့ စားပွဲမှာသာ အချိန် ကုန်ဆုံးကြတာ များပါတယ်။ ကွန်ပျူတာ၊ အင်တာနက်တွေ သုံးစွဲလို့ရတဲ့ ဒီကနေ့ အချိန်မှာ အလုပ်စားပွဲ ကြာကြာ ထိုင်ကြတာ ဆန်းတော့ မဆန်းပါဘူး။ အလုပ်စားပွဲမှာ အချိန်ကြာကြာ ထိုင်တာကြောင့် သင့်ကျန်းမာရေးကို ခြိမ်းခြောက်နေတယ် ဆိုတာကိုကော သင် သတိထားမိပါရဲ့လား။ ခါးနာတာ၊ မျက်လုံးညောင်းတာ၊ စိတ်ဖိစီးမှု များတာကြောင့် သင်ရဲ့ အိပ်တဲ့ပုံစံ ပြောင်းလဲလာတာ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ရုံးအတွင်း နေရင်း သင့်ကို ရောဂါ ရစေနိုင်တာတွေကို သိရှိနိုင်စေဖို့ ရေးသားလိုက်ပါတယ်။

(၁) ခါးနာခြင်း
အလုပ်စားပွဲမှာ ထိုင်တဲ့ပုံစံ မမှန်ကန်ဘဲ အချိန်ကြာကြာ ထိုင်နေတာကြောင့် သင့်ကျောရိုးကို ဒဏ်ဖြစ်စေပါတယ်။ သုတေသန ပြုလုပ်မှုအရ အလုပ်ကနေ အများဆုံး ခွင့်ယူဖြစ်တဲ့ အကြောင်းက ခါးနာတာကြောင့် ဆိုတာ တွေ့ရပါတယ်။ ကိုယ်ဟန် အနေအထား မှန်မှန်ကန်ကန် ထိုင်တယ်ဆိုရင်တောင် ခန္ဓာကိုယ် အလေးချိန်ရဲ့ တစ်ဝက်က ခါးပေါ် သက်ရောက်နေတာကြောင့် ခါးကို ဒဏ်ပိစေပါတယ်။

လိုက်နာရန်
ကိုယ်ဟန် အနေအထား မှန်မှန်ကန်ကန် ထိုင်ပါ။ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပါ။ ဗိုက်ချပ်စေတဲ့ လေ့ကျင့်ခန်းတွေကလည်း ခါးနာတာကို သက်သာစေပါတယ်။

(၂) အကြောအဆစ်များ နာခြင်း

အချိန်ကြာကြာ ထိုင်နေတာကြောင့် သင်ရဲ့ အကြောအဆစ်တွေကို တောင့်တင်းနေစေပါတယ်။

လိုက်နာရန်
ဒါကြောင့် မကြာခဏ မတ်တတ်ရပ်ပေးတာ၊ လမ်းထလျှောက်ပေးတာတွေ ပြုလုပ်ပေးပါ။

(၃) မျက်စိညောင်းခြင်း
ကွန်ပျူတာကို အချိန်ကြာကြာ ကြည့်တာကြောင့် သင့်မျက်လုံးကို ထိခိုက်စေပါတယ်။ မျက်လုံး ခြောက်သွေ့တာ၊ မျက်ရည်ပူကျတာ၊ ခေါင်းကိုက်တာ၊ လည်ပင်းနာတာတွေဟာ သင့်မျက်လုံး ညောင်းတာကြောင့် ဖြစ်လာတာလို့ Mayo Clinic က ဆိုပါတယ်။

လိုက်နာရန်

မျက်လုံးညောင်းတာ မဖြစ်အောင် ကွန်ပျူတာက စာလုံးတွေကို အရွယ်အစား ကြီးကြီးနဲ့ မြင်သာအောင် လုပ်ပါ။ ကွန်ပျူတာကိုပဲ တစ်ချိန်လုံး ကြည့်မနေဘဲ အဝေးမှာ ရှိတဲ့ ရှုခင်းတွေကိုလည်း ငေးကြည့်ပေးပါ။

(၄) ဘက်တီးရီးယား ကူးစက်ခံရခြင်း
သင်ဟာ သန့်ရှင်း သပ်ရပ်စွာ နေတတ်သူ တစ်ယောက်သာ မဟုတ်ခဲ့ရင် သင့်အလုပ်စားပွဲမှာ ဘက်တီးရီးယား ပိုးပေါင်းများစွာ ကပ်ငြိနေနိုင်ပါတယ်။ စားပွဲမှာပဲ အလုပ်လုပ်၊ ထမင်းစားတော့လည်း ဒီစားပွဲ၊ စားစရာတွေ ထားသိုရာ၊ ပစ္စည်းတွေ သိမ်းဆည်းရာ အားလုံးကို သင့်အလုပ်စားပွဲမှာပဲ ပြုလုပ်တာကြောင့် ဘက်တီးရီးယားတွေ ခိုအောင်းရာ နေရာတစ်ခု ဖြစ်လာပါတယ်လို့ အရီဇိုးနား တက္ကသိုလ်ရဲ့ အဏုဇီဝဗေဒ ပညာရှင် ဒေါက်တာ ချာလီဂါဘာက ပြောပါတယ်။

လိုက်နာရန်
အလုပ်စားပွဲမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိတာကို ရှောင်ရှားနိုင်ဖို့ သင့်အလုပ်စားပွဲကို နေ့စဉ် ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးပါ။ ပိုးသန့်စင်ဆေးရည် အသုံးပြုပြီး သန့်ရှင်းပေးပါ။

(၅) စိတ်ဖိစီးမှုများခြင်း
အမေရိကန်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ခြောက်ယောက်မှာ တစ်ယောက်က ရုံးမှာ စိတ်အနှောင့်အယှက် ဖြစ်တာ၊ စိတ်ဆိုး စိတ်တိုတာတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ ကျန်းမာရေး ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

လိုက်နာရန်
အလုပ်မှာ စိတ်ဖိစီးမှုများတာနဲ့ တွန်းအားပေးခံရတာတွေ သက်သာစေဖို့ စိတ်ရှုပ်စရာတွေ ကြုံတွေ့လာတဲ့အခါ အသက်ကို ဖြည်းဖြည်း လေးလေး ရှူသွင်း၊ ရှူထုတ် လုပ်ပေးပါ။ သင့်အလုပ်စားပွဲမှာတင် သင့်စိတ်ကို ဖြေဖျောက်နိုင်အောင် ကြိုးစားပါ။

(၆) လက်ချောင်းများ နာကျင်ခြင်း
အလုပ်ဖိစီးမှု များတာ၊ ကွန်ပျူတာ အသုံးပြုပြီး စာရိုက်ရ များတာတွေကြောင့် သင့်လက်ချောင်းလေးတွေ နာကျင်တာ၊ တဆစ်ဆစ် ကိုက်တာ၊ လက်ချောင်းလေးတွေ ထိန်းချုပ်မရဘဲ လှုပ်နေတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

လိုက်နာရန်
ဖိစီးမှုတွေကို လျှော့ချနိုင်အောင် ကြိုးစားပါ။ စာရိုက်ပြီးတိုင်း သင့်လက်ချောင်းတွေကို အနားပေးပါ။ အလုပ်အကိုင် ပျက်လောက်အောင် နာကျင်တာ၊ တဆစ်ဆစ် ကိုက်တာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။

Credit: Good Health
K.K(ကနောင်)
အောင်မြင့်မြတ်

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths