Thursday, March 3, 2016

အထည်ကြီးပျက် မြန်မာနိုင်ငံ ပြန်လည် ကောင်းစားစေဖို့... (သို့) မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေ လျှင်လျှင်မြန်မြန် လွတ်မြောက်နိုင်စေဖို့ …

ပြီးခဲ့တဲ့ဖေဖော်ဝါရီလထဲမှာ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ တော်တော်လေး ဝမ်းနည်းစရာကောင်းတဲ့သတင်းပါ။ ၂၀၁၅ မှာ အာရှတိုက်ရဲ့  အဆင်းရဲဆုံးနိုင်ငံ (၁၅) နိုင်ငံမှာ မြန်မာနိုင်ငံဟာ နံပါတ် (၂) ချိတ်ပါတယ်။ မြန်မာနိုင်ငံထက် ပိုဆင်းရဲတာ အာဖဂန်နစ္စတန်နိုင်ငံပဲ ရှိပါတော့တယ်။
တစ်ချိန်က အရှေ့ တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့တဲ့ နိုင်ငံကနေ ယနေ့ အရှေ့ တောင်အာရှတင်မက အာရှတစ်တိုက်လုံးမှာ ဒုတိယအဆင်းရဲဆုံး နိုင်ငံဖြစ်သွားတာ ဝမ်းနည်းစရာကောင်းရုံတင်မက ရှက်စရာလည်း အလွန်ကောင်းပါတယ်။
နမူနာပြောရမယ်ဆိုရင် အရင်က လမ်းထဲမှာ အချမ်းသာအကြွယ်ဝဆုံး မိသားစု တစ်စုရှိတယ်ပေါ့။ ဒါပေမယ့် လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေကြောင့် နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်အတွင်းမှာ လမ်းထဲမှာတောင် မဟုတ်ပဲ ရပ်ကွက်တစ်ခုလုံးမှာ အဆင်းရဲဆုံး မိသားစုဘဝရောက်သွားပါတယ်။ အရင်က သူတို့အိမ်မှာ ဝင်ငွေကလည်းကောင်း၊ အကောင်းစား အစားအစာတွေ အလျှံအပယ်၊ ခေတ်ပေါ် အဝတ်အထည်မှန်သမျှ ဝတ်နိုင်၊ သားသမီးတွေကလည်း ပညာတတ်ကြီးတွေ။ အခုတော့ ဝင်ငွေကလည်း မည်မည်ရရ မရှိ၊ ဟင်းချက်ဖို့ ဆီတောင်မှ ဈေးအပေါဆုံး ရောဂါတွေအထပ်လိုက် ဖြစ်စေမယ့် စားအုန်းဆီ၊ ရှိတဲ့အဝတ်ကိုပဲ ဖြစ်သလို ဝတ်ရ၊ သားသမီးတွေ ပညာရေးက ရပ်ကွက်ထဲမှာ အနိမ့်ဆုံး။
သူတို့ မိသားစုမှာ ရှိတာဆိုလို့ ပရိဘောဂပစ္စည်းတွေ ဘလာနတ္ထိဖြစ်နေတဲ့ အခွံပဲကျန်တော့တဲ့ အိမ်အိုအိမ်ဟောင်းကြီးတစ်လုံးပဲရှိပါတော့တယ်။ အထည်ကြီးပျက်မိသားစုအနေနဲ့ ရပ်ကွက်ထဲမှာ ဘယ်လောက် ဂုဏ်ငယ်လိုက်မလဲ၊ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်မလဲ၊ ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ တွေးကြည့်နိုင်ပါတယ်။
မြန်မာနိုင်ငံလည်း အဲဒီလို အထည်ကြီးပျက်ဘဝ ရောက်နေတာပါ။
ဒီအချိန်မှာ ဒါတွေကို ပြန်ပြောလို့လည်း ဘာမှ မထူးတော့ပါဘူး။ အခုအချိန်မှာ အရေးကြီးတာက ဒီလို အခြေအနေကနေ ကြွယ်ဝချမ်းသာတဲ့ဘဝကို ဘယ်လိုပြန်ရောက်အောင် ကြိုးစားမလဲဆိုတာပါပဲ။
နိုင်ငံတစ်နိုင်ငံ ချမ်းသာကြွယ်ဝဖို့ဆိုတာ အဲဒီနိုင်ငံအတွင်းက လူ့စွမ်းအား အရင်းအမြစ်တွေက အရေးအကြီးဆုံးပါ။ ဒီအချက်ကိုလည်း စင်္ကာပူနိုင်ငံက သက်သေပြထားပါတယ်။ စင်္ကာပူဆိုတာ ရန်ကုန်မြို့ အကျယ်လောက်သာရှိတဲ့ နိုင်ငံသေးသေးလေး။ သဘာဝသယံဇာတဆိုတာ ဘာမှ မရှိဘူး။ ရေကိုတောင် မလေးရှားကနေ ဝယ်သောက်နေရတာပါ။ မြန်မာနိုင်ငံ ကောင်းစားစဉ်က စင်္ကာပူဆိုတာ တံငါရွာ အဆင့်သာ ရှိတာပါ။
ဒါပေမယ့် ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်းယူရဲ့  အမျှော်အမြင်နဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပါတယ်။ ဘယ်လိုလုပ်သလဲဆိုတော့ ပညာရေးကို ကမ္ဘာအဆင့်မှီဖြစ်အောင် အစွမ်းကုန်ကြိုးစားပါတယ်။
စင်္ကာပူရဲ့  ပညာရေး အသုံးစရိတ်က နိုင်ငံတော်ဘတ်ဂျက်တစ်ခုလုံးရဲ့  (၂၀) ရာခိုင်နှုန်းရှိပါတယ်။ ကျောင်းဆရာ ဆရာမတွေ၊ တက္ကသိုလ်က ပရော်ဖက်ဆာတွေကို လစာကောင်းကောင်း ပေးပါတယ်။ ပညာရေး ထောက်ပံ့စရိတ်တွေ ပေးပါတယ်။ တော်တဲ့သူတွေကို ငယ်ငယ်ကတည်းက ချီးမြှင့်မြောက်စားပါတယ်။ စာကြည့်တိုက်တွေကို မြို့ နယ်တိုင်းမှာ တည်ဆောက်ပေးပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့  ပညာရေးအသုံးစရိတ်က နိုင်ငံတော်ဘတ်ဂျက်ရဲ့  (၅) ရာခိုင်နှုန်းတောင် မရှိပါဘူး။ ကျောင်းဆရာ ဆရာမတွေရဲ့ လစာ မလောက်ငပါဘူး။ တစ်ချို့ နယ်တွေမှာ ကျောင်းဆိုတာ ဝါးခြမ်းပြားကာ ဓနိမိုးထားတဲ့ တဲအဆင့် သာသာပဲရှိပါတယ်။ သင်ကြားရေး အထောက်အကူပစ္စည်းတွေ မပြည့်စုံပါဘူး။ ဝမ်းနည်းစရာ အလွန်ကောင်းပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေ အလျှင်အမြန် လွတ်မြောက်ဖို့အတွက်…
(၁) အချက်။ ။ နောက်တက်လာမယ့် အစိုးရအသစ်ကို တောင်းဆိုချင်တာကတော့ ပညာရေးအသုံးစရိတ်ကို ယခုထက် အဆပေါင်းများစွာ မြှင့်တင်ပေးပါ။ ကျောင်းဆရာ ဆရာမတွေကို လစာ လောက်ငရုံတင်မဟုတ်ဘဲ ပိုလျှံအောင်ပေးပါ။ သင်ကြားရေး အထောက်အကူပစ္စည်းတွေ ပြည့်စုံအောင် ကျောင်းတိုင်းမှာ ထားပေးပါ။ စာကြည့်တိုက်တွေ နေရာအနှံမှာ ဖွင့်ပေးပါ။
(၂) အချက်။ ။ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးဖို့ဆိုတာ ကျောင်းပညာရေးတင် မဟုတ်ပါဘူး။ လူတစ်ယောက်ခြင်းစီရဲ့  အသိပညာဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ အဲဒီလိုတိုးတက်ဖို့ ဆိုတာလည်း စာဖတ်ခြင်းကနေ ရနိုင်ပါတယ်။ စာဖတ်တယ်ဆိုတာ အသိပညာ အတတ်ပညာတွေကို ဆရာကောင်း သမားကောင်းဆီက သင်ယူနေခြင်းနဲ့ တူပါတယ်။ ရာဇဝင်မှာ စာဖတ်လွန်းလို့ ဘဝမှာ ထိပ်ဆုံးရောက်သွားတဲ့သူတွေ အများကြီး ရှိပါတယ်။ လင်ကွန်းဆိုရင် စာဖတ်လွန်းလို့ အမေရိကန်နိုင်ငံရဲ့  သမ္မတကြီးဖြစ်သွားပါတယ်။ ကျွန်တော်တို့ မြန်မာရာဇဝင်မှာလည်း စာဖတ်လွန်းလို့ လယ်သမားဘဝကနေ ဝန်ကြီးဖြစ်သွားတဲ့ ဝန်ဇင်းမင်းရာဇာဆိုတာ ရှိပါတယ်။ စာဖတ်အားကောင်းတဲ့ လူတစ်ယောက်က အသိပညာ အတွေးအခေါ်ကအစ တစ်ခြားလူတွေထက် သာပါတယ်။
ကျွန်တော် ပြောခဲ့တဲ့ အချက် နှစ်ချက်မှာ ပထမအချက်က အစိုးရက ဖော်ဆောင်ပေးရမှာဖြစ်တဲ့အတွက် ကိုယ်နဲ့ သိပ်မဆိုင်ပါဘူး။ ကိုယ်နဲ့ဆိုင်တဲ့ ဒုတိယအချက်ကို ကိုယ်တတ်နိုင်သလောက်ကလေး စတင် အကောင်အထည် ဖော်နိုင်ပါတယ်။ စာကောင်းပေမွန်တွေကို ကိုယ်တတ်နိုင်သလောက်ကလေး စတင် ဖတ်ရှု့ နိုင်ပါတယ်။ ကိုယ့်ရဲ့  ပတ်ဝန်းကျင်ကိုလည်း စာများများ ဖတ်ကြဖို့ တိုက်တွန်းနိုင်ပါတယ်။
အဲဒီလို နိုင်ငံသားတစ်ယောက်ချင်းစီက ကြိုးစားမှသာလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေ လျှင်လျှင်မြန်မြန် ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။
အခုတော့ စာရှည်သွားပြီမို့ နောက်တစ်ခါ ရေးတော့မှ ဘယ်လို စာကောင်းပေမွန်တွေကို ဖတ်ရမလဲ၊ စာဖတ်ခြင်းအလေ့အထကို ဘယ်လို မွေးမြူရမလဲ ဆိုတာ အသေးစိတ် ရေးပေးပါမယ်။
မြန်မာနိုင်ငံ ဆင်းရဲတွင်းကနေ လွတ်မြောက်နိုင်ဖို့ လူတစ်ယောက်ချင်း စာများများ ဖတ်ကြပါစို့။
Nay Min Thu
iMyanmarHouse.com
Credit: မြန်မာအွန်လိုင်းစာအုပ်စင်



အောင်မြင့်မြတ်(Myanmar Youths)

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths