တစ်ခါက ကလေးလေး ညီအကို နှစ်ယောက်ဟာ မိဘမဲ့ ဘ၀နဲ့ နေကြရရှာပါသတဲ့။ ညီက မျက်မမြင်လေး ဖြစ်ပါတယ်။ အကိုလုပ်သူကပဲ ညီလေးကို စောင့်ရှောက်နေရတာပေါ့။
အကိုလုပ်တဲ့သူဟာ သူ့ ဘ၀ကို သူ့ ညီလေးအတွက် ပေးဆပ်ပြီး လောကဓံကို အံတုနေလေရဲ့။ ဘ၀ကလည်း ဆင်းရဲနုံချာလှပါတယ်။
တစ်နေ့ တော့ မျက်မမြင်ညီလေးဟာအကို လုပ်သူကို ပူဆာပါတဲ့။
သူ့ ဘ၀မှာ အသပြာ အဖိုးတစ်သောင်းထိုက်တဲ့ တန်ဖိုးကြီး အ၀တ်တန်ဆာကို ၀တ်ဖူးချင်ပါသတဲ့။ အကိုလုပ်သူလည်း သနားစရာကောင်းတဲ့ ညီလေးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးပါ့မယ်လို့ ကတိပေးလိုက်ပါတယ်။
ဒီလိုနဲ့ အကို လုပ်သူဟာ သူဌေးတစ်ယောက်ဆီမှာ တစ်နှစ် အလုပ်ဝင် လုပ်ပါတယ်။ အလုပ်မှာ ရက်တွေ၊ လတွေ တရွေ့ ရွေ့ ကုန်ဆုံးသွားပေမယ့် ကောင်လေးက ပိုက်ဆံမယူသေးပဲ ထမင်းလေးပဲ ညီအကို နှစ်ယောက်စာ တောင်းယူစားသောက်ပါတယ်။
သူဌေးကြီးလည်း ထူးဆန်းတဲ့ကောင်လေးရဲ့ ဘ၀ကို စိတ်ဝင်စားသွားပါတယ်။ ဒီသူဆင်းရဲ ကောင်လေးက အသပြာလည်း မယူပဲ တစ်နှစ်ကုန်မှ ယူမယ်ဆိုပဲ။ ဘယ်လို အကြောင်းရှိလည်း ငါမေးအံ့လို့ ကြံပါတယ်။
" မောင်ရင်... အဘယ်နည်းကြောင့် သုံးဖို့ ပိုက်ဆံကို သူများနည်းတူ မယူပဲ၊ တစ်နှစ်ပြည့်မှ ယူရတာလဲ။ အဘယ့်ကြောင့်လဲ...."
" သူဌေးကြီး ...အကျွန်ုပ်၌ မျက်မမြင် ဒုက္ခိတ လူမမယ် ညီလေး တစ်ယောက်ရှိပါတယ်..အကျွန်ုပ်တို့ ဟာ မိဘလည်း မဲ့တဲ့ အပြင် ဆင်းရဲ
တာကလည်း လွန်ပါရေ... သနားစရာကောင်းတဲ့ ညီလေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့  ဒီအလုပ်ကို လုပ်ရခြင်းပါ..."
" ဘယ်လို ဆန္ဒတွေများ အသင့်ညီမှာ ရှိလို့ ပါတုန်း..ကျွန်ုပ် သိပါရစေ..."
" ဆင်းရဲတဲ့ အပြင် ဒုက္ခိတ ဖြစ်တဲ့ ညီလေးလေးဟာ သူ့ ဘ၀မှာ အဖြစ်ချင်ဆုံးက အသပြာ အဖိုး တစ်သောင်းထိုက်တန်တဲ့ အ၀တ်ကို ၀တ်ချင်
ပါတယ်လို့  ပြောလို့ ပါ..."
" အင်း....ဖြစ်ရလေ....ဒီလိုဆို အသင်တို့ ဆင်းရဲတာပဲ ဒီလောက်တန်ဖိုးကို ရှာ ဖို့ ဘယ်လွယ်ပါ့မလဲ...အသင့်ညီလေးက မျက်စိမှ မမြင်ပဲ.....
ပြီးတော့ လူမမယ် လေးပဲ...သာမန် အ၀တ်တစ်ထည်ကို ၀ယ်စေပြီး အဖိုး တစ်သောင်းထိုက်တဲ့ အ၀တ်လို့ ပြောပြီး ပေးဝတ်စေလိုက်ပေါ့...သူမှ
မမြင်ရတာပဲ..နားလည်း မလည်ပါဘူးလေ.."
" အသင် သူဌေးမင်းကြီး..လောကမှာ ရှိသမျှ သူတွေဟာ..မျက်စိ နှစ်လုံး မြင်နေကြရတာတောင် အချင်းချင်း လိမ်လည် လှည့်ဖြားနေကြတယ်....
ကောက်ကျစ်စဉ်းလဲကြတယ်...အကျွန်ုပ် ညီလေးဟ မျက်စိ မမြင်ပါဘူး...လူလားလည်း မမြောက်သေးပါဘူး...သူမမြင်ရပေမယ့် ကျွန်ုပ် မျက်စိတွေ
က မြင်ရပါတယ်..သူမသိပေမယ့် ကျွန်ုပ်သိပါတယ်... သူများကို လှည့်ဖြားတတ်ဖို့ ကိုယ့်စိတ်ကို အရင် လှည့်ဖြားရပါတယ်...မိမိကိုယ်ကို လိမ်တဲ့သူ
ဟာ လောကမှာ မကြီးပွား မအောင်မြင်နိုင်ပါဘူး...မြင် သိ နေတဲ့ ကျွန်ုပ် ဟာ ရိုးရိုးသားသား တောင်းဆိုမိတဲ့ ဒုက္ခိတ ကျွန်ုပ်ညီလေးကို ကျွန်ုပ်ကိုယ်
တိုင်က ရိုးသားစွာ ဖြည့်ဆည်းပေးသင့်တာပေါ့...လိမ်တယ်ဆိုတာ ရယ်စရာ အနေနဲ့ တောင် အသုံးမပြုသင့်ပေဘူး...ဒါကြောင့် စစ်မှန်တဲ့ အဖိုးတန်
အ၀တ်စားပဲ ညီလေးကို အကျွန်ုပ် ပေးပါ့မယ်...သူဌေးကြီး"
" သင့်စိတ်ထား မြင့်မြတ်လိုက်တာ...ငါ့တစ်သက် သင့်လိုလူ မတွေ့ ဖူးဘူး...ရိုးသားပြီး အများသူငါကို အစစ်မှန်တွေသာ ပေးချင်တဲ့ စိတ်ဓာတ်ကို
လေးစားလွန်းလို့  ယခုပင် အဖိုး တစ်သောင်းတန်တဲ့ အ၀တ်အစားကို သင့်ညီလေးအတွက် ဆုချီးမြှင့်လိုက်ပါမယ်..."
ဒါနဲ့  ကောင်လေးလည်း ၀မ်းသာလွန်းလို့  သူဌေးကြီးကို ထိုင်ကန်တော့ပြီး အဖိုးတန် အ၀တ်စားကို ယူကာ ညီလုပ်သူကို ပေးဝတ်စေခဲ့ပါတယ်။
ဒီနေရာမှာ ပေးချင်တဲ့ သင်ခန်းစာလေးက အကိုလုပ်တဲ့ ကောင်လေးဟာ လောကမှာ မျက်စိမမြင် ဒုက္ခိဖြစ်တဲ့ သူ့ ညီလေး အပေါ်မှာတောင် သစ္စာရှိ
တယ်။ မလှည့်ဖြားဘူး။ ရိုးသားတယ်။ ကတိတစ်လုံးကို တည်အောင် ကျင့်ကြံပါတယ် ဆိုတာကိုပါ။
ကောင်လေးရဲ့ စိတ်ထားလို ကျင့်ကြံနိုင်ရင် သိပ်ကောင်းမှာပါ။ ကိုယ်က သူတစ်ပါးကို စစ်မှန်တဲ့ အရာတွေ ပေးတဲ့အခါ သူတို့ ရင်ထဲက စစ်မှန်တဲ့
မေတ္တာ စေတနာတွေလည်း ကိုယ်ပြန်ရမှာပေါ့။ တကယ့် စစ်မှန်တဲ့ တန်ဖိုးဆိုတာ ရင်ဘတ်နဲ့ တိုင်းတာမှ ရနိုင်ပါမယ်။
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment