Thursday, March 16, 2017

ကားစုတ်ကြီးနဲ့ခရီးသည်များ

တစ်ခါက လူ့ချမ်းသာ လူ့မလိုင်တစ်ဦးဟာ ဝေးလံခေါင်သီလှတဲ့နေရာတစ်ခုကို သွားဖို့ ကားလက်မှတ်ဝယ်ခဲ့ပါသတဲ့..။ သူသွားမယ့်နေရာဟာလည်း ခေါင်လွန်းလှတာကြောင့် စီးနင်းသွားလာရမယ့် အဝေးပြေးကားလိုင်းဟာလည်း ရှားရှားပါးပါး တစ်ခုတည်းသာလျင် ရှိတယ်။ အဝေးပြေးလိုင်းရဲ့ ကားတွေကို ကြည့်လိုက်တဲ့အခါမှာလည်း အင်မတန်စုတ်ချာလှပြီး အထဲက ခုံတွေဟာလည်း ညစ်တီးညစ်ပတ်နိုင်လှတာကို သူတွေ့လိုက်ရတယ်။

ကားတွေဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းမှုမရှိတဲ့ ကားဟောင်းကားစုတ်တွေချည်းသာဖြစ်နေတယ်။ အထက်တန်းကနေ ဇိမ်ကျကျ စီးနင်းလေ့၊ သွားလာလေ့ရှိတဲ့သူဟာ မတတ်သာတဲ့အဆုံးမှာတော့ ရှိတဲ့ကားလိုင်းနဲ့ပဲ သွားလာဖို့ ဆုံးဖြတ်လိုက်ပြီး ကားလက်မှတ်ဝယ်ဖို့ ကြိုးစားတယ်။ အဲဒီလိုနဲ့သူဟာ ကားဂိတ်ရဲ့ လက်မှတ်ရောင်းကောင်တာကို သွားပြီး လက်မှတ်ဝယ်ခဲ့တယ်။

သူက “ကားလက်မှတ်ဝယ်မယ်” လို့ အထက်စီးလေသံနဲ့ပြောလိုက်တယ်။ အဲဒီအခါ လက်မှတ်ရောင်းက”ချွေတာရေးလက်မှတ်လား၊ ရိုးရိုးလက်မှတ်လား၊ ထူးရှယ်လက်မှတ်လားဆရာ” လို့ လက်မှတ်ရောင်းကမေးလိုက်တယ်။ အဲဒီအခါ လူချမ်းသာက”ဟေ့ကောင် ရုပ်ကို သေချာကြည့်၊ ချွေတာရေးတွေ၊ ရိုးရိုးတွေစီးမယ့်လူလားဆိုတာ။ ထူးရှယ်ပဲပေး”


သူဟာ လက်မှတ်ရောင်းပေးလာတဲ့ လက်မှတ်ကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး အဝေးပြေးကားတွေရပ်ထားတဲ့ ကားဝင်းထဲကို ထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ သူဟာ ထူးရှယ်ကားလက်မှတ်ကိုကိုင်ပြီး အင်မတန်စုတ်ချာလှတဲ့ အဝေးပြေးကားစုတ်ကြီးပေါ်ကိုတက်လိုက်တယ်။ အဲဒီလို တက်လိုက်တယ်ဆိုရင်ပဲ ကွမ်းတဗျစ်ဗျစ် ၀ါးနေတဲ့ ဒရိုင်ဘာဟာ အပေါ်ပိုင်းဗလာကျင်းသောကိုယ်၊ အဆီပြောင်သော မျက်နှာပြင်တွေနဲ့ ချိုင်းမွှေးနှုတ်နေတာကို သူတွေ့လိုက်ရတယ်။




လူချမ်းသာဟာ “အင်မတန်စတင်းဒက်နိမ့်ပါးရှာတဲ့လူတွေပဲ” လို့ စိတ်ထဲက မှတ်ချက်ချလိုက်ပြီး သူ့နေရာကို ရှာဖွေတယ်။ ဒါပေမယ့်လည်း သူဝယ်လိုက်တဲ့ လက်မှတ်ဟာ “ထူးရှယ်တန်း” ဆိုတဲ့ စာတမ်းကလွဲရင် ထိုင်စရာခုံနံပတ်၊ အမှတ်အသား တစ်စုံတစ်ရာမှ မပါလာတာကို သူသိလိုက်ရတယ်။ အဲဒါကြောင့် သူက ကားဒရိုက်ဘာကို မေးလိုက်တယ်

“ဟေ့လူ ကျုပ်က ဘယ်နေရာမှာထိုင်ရမှာတုန်း”သူ့ရဲ့ မေးခွန်းကို ကြားတဲ့အခါ ဒရိုက်ဘာက ခါးကြားထဲက ကွမ်းထုတ်ကို ထုတ်ယူလိုက်ပြီး ကွမ်းနှစ်ယာပူးပါးစပ်ထဲကို ထည့်လိုက်တယ်။ ပြီးတဲ့အခါ”ခင်ဗျားက ဘာလက်မှတ်လဲ” လို့မေးလိုက်တယ်။ အဲဒီအခါ လူချမ်းသာက”ထူးရှယ်” လို့ ခပ်မာမာပဲဖြေလိုက်တယ်။ အဲဒီအခါ ဒရိုက်ဘာက
“ဒါဆို ကြိုက်တဲ့နေရာမှာထိုင်” လို့ သူ့ကိုပြောလိုက်တယ်။

အဲဒီအခါ လူချမ်းသာက”နေပါဦး၊ ရိုးရိုးတန်းဆိုရင်ကော” လို့ဆင်ခြေတက်ပြန်တယ်။ အဲဒီအခါ ဒရိုက်ဘာက
“ဒါလဲ ထိုင်ချင်တဲ့နေရာမှာထိုင်လို့ရတယ်” လို့ အရေးမကြီးတဲ့အမူအယာနဲ့ ပြန်ပြောလိုက်တယ်။ အဲဒီအခါလူချမ်းသာက”ဒါဖြင့် ချွေတာရေးဆိုရင်ကော” လို့ မေးပြန်တယ်။ အဲဒီအခါ ဒရိုက်ဘာက စိတ်မရှည်တဲ့အမူအယာနဲ့
“တော်တော် သောက်စကားများတဲ့ ပုဂ္ဂိုလ်ပဲ။

အဲဒါလည်းထိုင်ချင်တဲ့နေရာမှာထိုင်၊ ခင်ဗျား ဖာသာ ထိုင်မစီးချင်လို့ မတ်တပ်ရပ်ပဲစီးစီး၊ ဖင်ဘူးထောင်းထောင်ပဲစီးစီး၊ ကင်းမြီးကောက်ထောင်ပြီးပဲစီးစီး ကြိုက်သလိုစီးလို့ရတယ် ဟုတ်ပလား” လို့ပြောလိုက်တယ်။ဒရိုက်ဘာဟာ ပြောပြောဆိုဆိုနဲ့ ကားဘီးချွတ်ရာမှာသုံးတဲ့သံချောင်းတစ်ခုကို ကောက်ကိုင်လိုက်တယ်။

ပြီးတော့ ကားပြင်ဆင်တဲ့နေရာမှာသုံးတဲ့ လက်နက်ကိရိယာပုံးထဲကို ဂလောင်ခနဲ့ အသံထွက်အောင်ပစ်ထည့်လိုက်တယ်။ အဲဒီလို ဒရိုက်ဘာရဲ့ ဟန်ပန်ဟာ တစ်ခုခုလုပ်မယ့်ပုံပေါ်လာတာကြောင့် လူ့မလိုင်ဟာ ဘာမှ မပြောရဲတော့ဘဲ ခုံရွေးဖို့ကိုသာ အာရုံထားလိုက်တယ်။

သူဟာ ခုံတစ်ခုပေါ်မှာတက်ထိုင်ကြည့်လိုက် စိတ်တိုင်းမကျရင် နေရာပြောင်းလိုက်နဲ့ အတန်ကြာအောင် ရွေးချယ်နေတယ်။ သူရွေးချယ်နေစဉ်ခဏမှာပဲ ခရီးသည်တော်တော်များများ ကားပေါ်ကို တက်လာတာကြောင့် သူဟာ ပြတင်းပေါက်နဲ့နီးပြီး အသန့်ရှင်းဆုံးလို့ ထင်ရတဲ့တစ်နေရာကို အမြန်ရွေးချယ်နေရာဦးလိုက်တယ်။

သူယူဆောင်လာတဲ့အိတ်ကို အပေါ်မှာရှိတဲ့ ၀န်စည်စလည်တင်ရာ တန်းပေါ်ကို တင်ဖို့ လုပ်နေရင်းက “ဒီလို စတင်းဒင့်နိမ့်ကျတဲ့လူတွေထဲမှာ သူခိုးလည်းများမှာပဲ ငါ့အိတ်ကို ရင်ခွင်ထဲပိုက်ထားတာပဲကောင်းတယ်” လို့ စဉ်းစားမိပြီး အိတ်ကို ရင်ခွင်ထဲမှာသာ ပွေ့ပိုက်ထားလိုက်တယ်။

အဲဒီနောက်မှာတော့ လူချမ်းသာစီးနင်းလိုက်ပါလာတဲ့ အဝေးပြေးကားကြီးဟာ ခရီးသည်တွေအပြင် ကြက်သွန်အိတ်တွေ၊ ဆီပုံးတွေ၊ ဟင်းသီးဟင်းရွက် တောင်းတွေအပြည့်ကိုတင်ဆောင်ပြီး စတင်ထွက်ခွာလာတယ်။ မြို့တွေ တစ်ခုပြီးတစ်ခုကို ဖြတ်သန်းခဲ့တယ်။

လူ့မလိုင်ဟာလည်း ကုန်စည်တွေရဲ့အနံ့အသက်တွေ၊ ခရီးသည်တွေရဲ့ အနံ့အသက်တွေကို နှာခေါင်းရှုံ့ရင်း၊ အထင်သေးဟန်နဲ့ကြည့်ရှုရင်း လိုက်ပါလာတယ်။ လမ်းခုလတ်တစ်နေရာအရောက်မှာတော့ သူတို့အဝေးပြေးကားကြီးရဲ့ ဒရိုက်ဘာဟာ ကားကို ရပ်တန့်လိုက်တယ်။ ပြီးတဲ့အခါ ကြက်သွန်အိတ်တစ်ခုကို မှီပြီး အိပ်ပျော်နေတဲ့ ယဉ်နောက်လိုက်ကို လှုပ်နှိုးလိုက်တယ်

“အေရိုးလေး..ထစမ်း၊ မင်းပုထွေးအိမ်များမှတ်နေလား၊ တချိန်လုံးအိပ်နေတာပဲ။ နောက်ဘီးပေါက်နေပြီထင်တယ် ဆင်းကြည့်စမ်း”ယဉ်နောက်လိုက်ဟာ အိပ်ချင်မူတူးနဲ့အမြန်ထပြီး ကားအောက်ကိုပြေးဆင်းသွာတယ်.. ။ ကားဘီးတွေကို လက်နဲ့ထုပြီးအသံနားစွင့်ခြင်း၊ ငုံ့ကြည့်ခြင်း၊ စတဲ့ စစ်းဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ ယဉ်နောက်လိုက်က ဒရိုက်ဘာကို အော်ပြောလိုက်တယ်။

“ဘီး (၂) ဘီးလုံးပေါက်နေတယ်ဆရာရေ၊ လဲစရာ စပယ်ယာဘီး တစ်လုံးပဲပါတယ်၊ နောက်တစ်လုံးက ချွတ်ပြီး ကိုယ့်ဟာကိုယ် ပြင်ရမှရမယ်”ကားဒရိုက်ဘာဟာ ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုတ်လိုက်တယ်။ ပြီးတဲ့အခါ သူဟာ ခရီးသည်တွေဖက်ကို လှည့်လိုက်ပြီး ဒီလိုပြောတယ်

“ကဲ ကားပေါ်က ချွေတာရေးသမားတွေထဲက တချို့က နီးစပ်ရာရွာကိုသွားပြီး ရေတောင်းချည် ဘီးဖာပြီးလုံမလုံ ရေစိမ်ကြည့်ဖို့လိုတယ်။ တချို့ချွေတာရေးတွေက ဂျိုက်နဲ့ ဂွရှင်ယူပြီး ကားဘီးချွတ်ဖို့လုပ်ကြ။ ပုံမှန်သမားတွေပါလိုက်သွား ချွေတာရေးသမားတွေ ဘယ်လိုလုပ်ရမယ်ဆိုတာ ကြီးကြပ်ညွှန်ကြားကြ၊ ထူးရှယ်သမားတွေကတော့ ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေနိုင်တယ်။ ချွေတာရေးက ဘီးလဲ၊ ပုံမှန်က ညွှန်ကြား၊ ထူးရှယ်က ထိုင်နေပေါ့ဗျာ”

အဲဒီလို ဒရိုက်ဘာရဲ့စကားအဆုံးမှာတော့ ကားပေါ်က ခရီးသည်တွေဟာ ကိုယ်လုပ်စရာရှိတာလုပ်ကြဖို့အတွက် ကားပေါ်ကနေဆင်းသွားကြတယ်။ အဲဒီအခါမှာတော့ လူ့မလိုင်ဟာ ကားပေါ်မှာတစ်ယောက်ထဲပဲ ကျန်ခဲ့ရှာတယ်။

ဒီအဖြစ်အပျက်လေးထဲက ကားစုတ်ကြီးဟာ ကျွန်တော်တို့ အမိနိုင်ငံတော်ကြီးနဲ့တူတယ်လို့ဆိုချင်တယ်။ နှစ်ပေါင်းများစွာထိန်းသိမ်းမှုကင်းတဲ့ ကားစုတ်ကြီးလို အရာရာဟာ လိုအပ်ချက်တွေ၊ မညီမျှမှုတွေ၊ ပြုပြင်စရာတွေ များလွန်းနေတယ်။ ထူးရှယ်တန်းတွေ၊ ပုံမှန်တွေ၊ ချွေတာရေးတွေ ဘယ်လိုပဲ ကွဲပြားနေပါစေ ကားစုတ်ကြီးကို စီးနင်းပြီး တူညီသောခရီးကို သွားနေကြတဲ့ခရီးသည်တွေလို ကျွန်တော်တို့နိုင်ငံမှာလည်း အောက်ခြေလူတန်းစားတွေ၊ လူလတ်တန်းစားတွေ၊ အထက်တန်းလွှာတွေ ဘယ်လိုပဲ ကွဲပြားနေပါစေ အားလုံးဟာ “နိုင်ငံတော်အေးချမ်းသာယာတိုးတက်ရေး” ခရီးကို အတူတကွ သွားကြတဲ့ ခရီးသွားတွေချည်းပဲဖြစ်ကြတယ်။

ကားစုတ်ကြီးဖြတ်သန်းသွားလာတဲ့နေရာတိုင်းက သာယာနဲ့ရှုခင်းတွေ၊ မကောင်းတဲ့အနံ့အသက်တွေ စတဲ့ ကောင်းခြင်း/ဆိုးခြင်းတွေကို ကားပေါ်ကသူတွေအားလုံးခံစားကြရသလို ကျွန်တော်တို့နိုင်ငံရဲ့ဖြတ်သန်းသွားရာ ခေတ်ကာလတွေရဲ့ ကောင်းခြင်း/ဆိုးခြင်း တွေကိုလည်း လူထုလူတန်းစားတွေအားလုံး အနည်းအများအလိုက် ခံစားခဲ့ကြရတာချည်းပဲဖြစ်တယ်။

အဲဒီလို ခရီးသွားလာရင် ကားစုတ်ကြီးဘီးပေါက်တတ်သလို ကျွန်တော်တို့နိုင်ငံတော်ကြီးဟာလည်း မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်တွေ၊ နိုင်ငံရေး အကြပ်အတည်းတွေ၊ စီးပွားရေးအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြန်တယ်။ အဲဒီလို အခက်အခဲတစ်ခုနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာလည်း ကျွန်တော်တို့နိုင်ငံသားတွေဟာ သုံးမျိုးသုံးစား မျိုးကွဲပြားနေလေ့ရှိပြန်တယ်။

ဆိုလိုတာက ပြဿနာတစ်ခု ဖြစ်တိုင်းမှာ ကျွန်တော်တို့တွေအားလုံးဟာ တုံ့ပြန်ပုံ (၃) မျိုးနဲ့ တုံ့ပြန်လေ့ရှိကြသူများပဲဖြစ်တယ်။ ချွေတာရေးနဲ့ တူတဲ့ “လက်တွေ့သမား”၊ ရိုးရိုးတန်းနဲ့တူတဲ့ “အပြောသမား” နဲ့၊ ထူးရှယ်နဲ့ တူတဲ့ “ကိုယ်နဲ့မဆိုင်သလိုနေတတ်သူ” တွေပဲဖြစ်တယ်။

ချွေတာရေးသမားတွေ ။ ။ ကားဘီးပေါက်တဲ့အခါ ကားဘီးချွတ်ခြင်း၊ ရေရှာဖွေခြင်းတွေကို ချွေတာရေးသမားတွေဟာ ပြုလုပ်ရသလို နိုင်ငံမှာကျရောက်လာတဲ့အခက်အခဲတွေရဲ့ ဒဏ်တွေကို ၊ အောက်ခြေလူတန်းစားတွေက အများဆုံးခံကြရတယ်။ သဘာဝဘေးအန္တရယ်လို ရေကြီးရေလျှံခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်းစတဲ့အရာတွေကို အံတုရင်း ခက်ခဲလှတဲ့ဘ၀ခရီးကို အန်တုကြရပြန်တယ်။

ကားဘီးလဲလှယ်ခြင်းနဲ့တူတဲ့ အဲဒီအရာတွေကို ပြင်ဆင်ဖို့၊ ပပျောက်ဖို့၊ ပြုပြင်ပြောင်းလဲဖို့ကိုလည်း သူတို့တွေရဲ့ ခွန်အားတွေ၊ ကြိုးပမ်းမှုတွေ၊ ချွေးတွေ၊ အသက်ဇီဝိန်တွေနဲ့ ရင်းနှီးပေးဆပ်ကြရသူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် သူတို့ဟာ လက်တွေ့လုပ်ကိုင်သူ၊ ခေါင်းဆောင်ပါဝင်သူ၊ လက်တွေ့လှုပ်ရှားပြောင်းလည်းစေသူတွေပဲဖြစ်ကြတယ်။

ပုံမှန်သမားများ။ ။ သူတို့တွေကတော့ အပြောသမားတွေပဲဖြစ်တယ်။ ဘယ်အရာကိုမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား” ဆိုတဲ့ စီစဉ်ညွှန်ကြားမှုတွေ ပေးတတ်သူတွေ၊ အပြောသက်သက်သူတွေပဲဖြစ်တယ်။ ချွေတာရေးတွေရဲ့ ဘီးလဲလှယ်တပ်ဆင်ခြင်းကို လိုက်ပါကြည့်ရှုပြီး ညွှန်ကြားနေတတ်တဲ့ပုံမှန်သမားလို မိမိကိုယ်တိုင်က ဘာတစ်ခုမှ ၀င်ရောက်လုပ်ကိုင်ပေးခြင်းမရှိဘဲ ဝေဖန်ကြသူများပဲဖြစ်တယ်။ အဲဒီလို လက်တွေ့မပါဘဲ အပြောချည်းသက်သက်ဖြစ်တဲ့အတွက်လည်း သူတို့ရဲ့ဝေဖန်ခြင်းတွေဟာ လက်တွေ့မှာအသုံးမ၀င်တတ်ဘူးလို့ဆိုတယ်။

ထူးရှယ်။ ။ ဒီအဖြစ်အပျက်မှာပါတဲ့ ထူးရှယ်သမားတွေကတော့၊ ကိုယ်တိုင်လဲမလုပ်၊ ဝေလည်းမဝေဖန်ဘဲ “ဘယ်သူ့တက်တက်၊ ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုတဲ့လူစားမျိုးပဲဖြစ်တယ်။ ကိုယ်နဲ့ပတ်သက်နေသမျှ အရာတိုင်းဟာ ကိုယ့်တာဝန်ဖြစ်တယ် ဆိုတဲ့ “တာဝန်ယူလိုစိတ်” ကို လုံးလုံး မေ့လျော့ထားကြသူတွေဖြစ်ပြီး အကျိုးအမြတ်ရမှသာ လုပ်ကိုင်တတ်ကြသူတွေပဲဖြစ်တယ်။

ဘယ်ခေတ်၊ ဘယ်ကာလကိုပဲရောက်ရောက် သက်သာရာ၊ ချောင်ရာနည်းလမ်းကိုသာရှာဖွေတတ်ကြသူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် “ရေသာခို” တတ်တဲ့ အချောင်သမားတွေပဲဖြစ်တယ်။ သူတို့တွေဟာ အထုပ်ကိုပိုက်ပြီး စိတ်မချစွာစီးနင်းလိုက်ပါလာတဲ့ လူ့မလိုင်လို၊ ခေတ်ကာလအပြောင်းအလဲကြောင့် မိမိရဲ့စည်းစိမ်ဥစ္စာပျက်ယွင်းသွားမှာ၊ ဆုံးရှုံးသွားမှာကိုလည်း ကြောက်ရွံ့နေကြတဲ့သူတွေပဲဖြစ်တယ်။

နိုင်ငံတိုင်းဟာ အထက်ကဆိုခဲ့တဲ့ လူသုံးမျိုးရဲ့ အချိုးအဆပေါ်မူတည်ပြီး တိုးတက်ခြင်း/ဆုတ်ယုတ်ခြင်း အပေါ် အကျိုးသက်ရောက်လေ့ရှိတယ်လို့ဆိုတယ်။ ဆိုလိုတာက နိုင်ငံတစ်ခုဟာ အပြောသမားချည်းများနေပြီး၊ လက်တွေ့သမား နည်းတဲ့အခါမှာလည်းမတိုးတက်တတ်သလို၊ ရေသာခိုများပြီး၊ လက်တွေ့ နည်းပြန်ရင်လည်း ခရီးမတွင်တတ်ဘူးလို့ဆိုတယ်။ အဲဒီလို လူသုံးမျိုးရဲ့ အချိုးအစားထဲမှာမှ လက်တွေ့သမားတွေများပြားတဲ့နိုင်ငံဟာ အလျင်အမြန်ပဲတိုးတက်လာမယ်လို့ဆိုလိုတာပဲဖြစ်တယ်။

ကွန်တော်တို့တွေဟာလည်း မိမိရဲ့ကျရာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာပေ စတဲ့နယ်ပယ်အသီးသီးရဲ့ ကျရာ အခန်းကဏ္ဍတိုင်းမှာ ကျွန်တော်တို့အမိမြေရဲ့ ကောင်းကျိုးကိုရှေ့ရှုပြီး တာဝန်ကျေအောင်ထမ်းဆောင်ကြမှသာ “လက်တွေ့သမား”ရယ်လို့ ခေါ်ဆိုနိုင်မှာပဲဖြစ်တယ်။

“Talk less, work more”ဆိုတဲ့စကားလို ကျွန်တော်တို့တွေဟာ အရာရာကို ရေသာခိုပြီး ပါးစပ်ပြော ပြောနေကြမယ့်အစား နိုင်ငံတော်ရဲ့ ရှေ့ဆက်နိုင်မယ့်ခရီးကြမ်းရဲ့ ပေါက်သောဘီးကို ကိုယ်တိုင်ရဲ့စွမ်းပကားနဲ့ လဲလှယ်တပ်ဆင်ဖို့လိုအပ်နေကြသူတွေပဲဖြစ်တယ်။ ကျွန်တော်တို့တွေဟာ အလုပ်ကို ပိုမိုသက်သေပြလုပ်ဆောင်ဖို့ လိုအပ်နေကြသူများပဲဖြစ်တယ်။

Credit to ဖြိုးသုတ
----------------------------------------
👉တိကျမှန်​ကန်​တဲ့သတင်းအချက်​အလက်​များ

👉​ခေတ်​နဲ့အညီ​ပြောင်းလဲတိုးတတ်​​နေ​သော နည်းပညာများ

👉သုတ၊ရသ၊ဟာသ၊က​ဗျာ စာပ​ဒေသာများ

👉ကျန်းမာ​ရေး ​ဗဟုသုတများ

👉​တေးသီချင်းများ

👉​ဗုဒ္ဓစာ​ပေများ

👉Modelအလှဓာတ်​ပုံများ

တို့ကို သင့်​ဖုန်းနဲ့ သွား​လေရာ အလွယ်တကူ ဖတ်​ရှုနိုင်​ပါပြီ ဂျာနယ်​တစ်​​စောင်​ ၇၀၀ ​ပေးဖတ်​စရာမလိုပဲ တစ်​ရက်​ အင်​တာနက်​ ၅မိနစ်​​လောက်​ဖွင့်​​ပေးရုံနဲ့ အားလုံး က သင့်​ထံ​ရောက်​လာပါပြီ။

မြန်​မာလူငယ်​သတင်းစုံ ​နေက်​ဆုံးဗားရှင်းရဲ့ Mobile Data Saving System ​ကြောင့်​ မိမိမနှစ်​သက်​တဲ့ သတင်းလိုင်း​တွေကို ဖြုတ်​ ပြီး ဖုန်း​ဘေ ကို ​ချွေတာနိုင်​ပါပြီ။

တစ်​ခုတည်းနဲ့ပြီးပြည့်​စုံတဲ့ မြန်​မာလူငယ်​သတင်းစုံ ကိုဒီနေရာလေးနှိပ်ပြီး ခုပဲရယူလိုက်​ပါ။


Share​ပေးခြင်းဖြင့်​ကူညီပါ
ကျေးဇူးတင်​ပါတယ်
ကျွန်တော်သိကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ

ကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်

ကျွန်တော့်ပို့ စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါသည်။

ဖြိုးလေး (Myanmar Youth) ph-09791169860




Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths