သစ်သား ပန်းကန်လုံးကလေး
===================
တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာတစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမသူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။
စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာနေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာသူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိအချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာမိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့်တုန်ယင်နေခဲ့တယ် ။
တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါသားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။သူတို့တိုင်ပင်ကြတယ် ။
“ အဖေ့ရဲ့ ထမင်းစားတဲ့အခါဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေကထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲကြမ်းပြင်ပေါ်မှာလဲ ပေပွနေရောငါတို့တစ်ခုခုလုပ်ရအောင် ” လို့မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာအဖိုးအိုကိုထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲအခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ကျွေးပါတော့တယ် ။
အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်းခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက်သားဖြစ်သူက သစ်သားပန်းကန်လုံးကလေးလုပ်ပြီးအဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာတိတ်ဆိတ်စွာပဲ အခန်းထောင့်လေးကထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါသားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ်။
ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာအိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကိုစိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့သားဖြစ်သူဆီသွားပြီးမိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။
“ သား ဘာလုပ်နေတာလဲ ဟင် ”
သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကိုပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။
“ သားလည်း အဖေ့တို့အမေတို့လိုပဲအဖေအမေတို့ကြီးလာရင်ကျွေးဖို့သစ်သားခွက်ကလေးလုပ်နေတာပါ ”
အဲဒီလိုပြောပြီး သားဖြစ်သူကသူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာသားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူးတုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေမျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကိုသူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုကတိတ်ဆိတ်စွာ သူတို့ကိုငေးနေတာတွေ့လိုက်ရပါတော့တယ် ။
===================================
သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။မိဘတွေကိုချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက်မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာသင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ်..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာသင်တို့ထံပြန်လာပါလိမ့်မယ် ။
တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက်ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာသူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။လျောလျောရှူရှုဝင်ပါစေ ..။
“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”
(အင်္ဂလိပ်ပုံပြင် The Wooden Bowlကိုဘာသာပြန်ပါသည်။)
# ဝက်ဝံလေးblog
Credit: True Man
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment