အိမ်တစ်အိမ်မှာ အိမ်အကူ လာလုပ်နေတဲ့သူကို အိမ်ရှင်တွေက ဆူမယ်၊ ကြိမ်းမောင်းမယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေရဲ့ ထုံးစံအရ အားနည်းသူကို သနားတတ်ကြတယ်၊ စိတ်မကောင်းဖြစ်ကြတယ်။ အိမ်ရှင်တွေက ဘယ်လိုဆိုးတယ်၊ အဆင့်အတန်းခွဲခြားတယ် စသဖြင့် ဝေဖန်တတ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ရပ်တိုင်းမှာ အိမ်ရှင်တွေဘက်ကပဲ လွန်ကြတာမဟုတ်ဘူးဆိုတာတော့ အိမ်အကူခေါ်ဖူးတဲ့သူတိုင်း သိကြမှာပါ။
အလုပ်မလုပ်တာ၊ ပျင်းတာ၊ တာဝန်မကျေတာတွေထက် အဓိက စိတ်ပျက်စရာကောင်းတာက ဒီအိမ်မှာ ငါမရှိလို့ မဖြစ်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်လာကြတာပဲ။ အိမ်မှာ သက်ကြီးရွယ်အို ဒါမှမဟုတ် အသေးစိတ်ဂရုစိုက်ပေးရမဲ့လူ ရှိတယ်၊ ကျန်တဲ့အတူနေ သားသမီးတွေကလည်း အလုပ်လုပ်နေကြရတော့ အနီးကပ်မပြုစုနိုင်ဘူး၊ ဒီအခါမှာ အဲဒီလူက ဒီအိမ်မှာ ငါမရှိလို့ မဖြစ်ပါဘူးဆိုပြီး အလုပ်ကို ပေါ့ပျက်ပျက် လုပ်လာတယ်။ မလေးမစား ဆက်ဆံလာတယ်။ ထစ်ခနဲရှိ ရွာပြန်မယ်၊ မြို့ပြန်တော့မယ်နဲ့ ခြိမ်းခြောက်တယ်။ ဒီအိမ်က အလုပ်ပေးထားလို့ ငါအဆင်ပြေနေတာ ဆိုတဲ့ ကျေးဇူးကို မေ့ပြီး ဒီအိမ်အပေါ်မှာပဲ သူ့ကျေးဇူးတွေ ရှိနေသလို မြင်လာတယ်။
အဲဒီလိုလူတွေကို အချိန်တစ်ခုပေးပြီး စောင့်ကြည့်လိုက်တဲ့အခါမှာ ဘာမှလောက်လောက်လားလား ဖြစ်လာတာလည်း မတွေ့ရဘူး။ သူ့စေတနာ သူ့အကျိုးပေးတယ် ပြောရမှာပေါ့။ ကိုယ့်ကိုမွေးထားတဲ့မိဘ၊ စာသင်ပေးထားတဲ့ဆရာရဲ့ ကျေးဇူးတွေတောင် မသိတဲ့သူတွေ အများကြီးဆိုတော့ ဒီလိုလူတွေရှိတာလည်း သိပ်တော့မဆန်းပါဘူး။
Big Bag အဖွဲ့က သူတို့ရှိုးပွဲတွေကို အချိန်ပေး၊ ငွေပေးပြီး မကြည့်ဖြစ်တဲ့ ပရိသတ်တွေအတွက် Free ကြည့်လို့ရအောင် Surprise show တွေလုပ်တယ်ဆိုတဲ့ သတင်း၊ နောက်ပြီး သူတို့အဖွဲ့ကို တက်တူးတောင် ထိုးထားတဲ့အထိ အရူးအမူးအားပေးတဲ့ ပရိသတ်တွေကို လာမဲ့ရှိုးပွဲမှာ တက်တူးပြနိုင်ရုံနဲ့တင် ၀င်ကြေးအခမဲ့နဲ့ ကြည့်ခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေ ဖတ်လိုက်ရတော့ အင်မတန်ကြည်နူးမိပါတယ်။
အောင်မြင်သွားရင် ပရိသတ်တွေကို လူမထင်ကြတော့တဲ့ အနုပညာရှင်တွေ များလှတဲ့အချိန်မှာ သူတို့ရဲ့စိတ်ဓါတ်နဲ့ လုပ်ရပ်က အတုယူစရာကောင်းပါတယ်။ ရှိုးပွဲအလကားကြည့်ရပါစေတော့ ဆိုပြီး တက်တူးတွေထိုးခဲ့ကြတာမဟုတ်ဘူး၊ တကယ်ကို အရူးအမူးအားပေးလို့ ထိုးခဲ့ကြတာ၊ ခု အဲဒါကို အနုပညာရှင်ဘက်က ဒီလိုတုံ့ပြန်ပေးလိုက်တဲ့အခါမှာ အဲဒီပရိသတ်တွေ ဘယ်လောက်များ ပီတိဖြစ်နေကြမလဲ တွေးကြည့်လို့တောင် ရပါတယ်။
တကယ်တော့ ကျွန်တော်တို့မြင်နေကျ မဟုတ်တဲ့ ရှုထောင့်တစ်မျိုးက လှည့်တွေးကြည့်ရင်
စာဖတ်သူမရှိဘဲ စာရေးဆရာဆိုတာ မရှိဘူး
လူနာမရှိဘဲ ဆရာဝန် မရှိဘူး
ကျောင်းသားမရှိတဲ့နေရာမှာ ကျောင်းဆရာ သွားလုပ်လို့ မရဘူး
ပရိသတ်မရှိဘဲ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ အားကစားသမား လုပ်လို့မရဘူး
စားသုံးသူမရှိဘဲ လုပ်ငန်းရှင်ဆိုတာလည်း မရှိဘူး
ဒီလိုပဲ ပြည်သူတွေပေးတဲ့ အခွန်အခ မရှိဘဲနဲ့ အစိုးရဆိုတာ လည်ပတ်လို့မရဘူး။
ဒါကြောင့် ငါတို့ရေးမှ သူတို့မှာ ဥာဏ်အလင်းပွင့်ရှာတာ၊ ငါတို့ကုပေးမှ သူတို့ရောဂါပျောက်တာ၊ ငါတို့ရှိလို့ သူတို့တွေ စားသောက်၊ သုံးစွဲနေရတာ၊ ငါတို့က သူတို့ကို အုပ်ချုပ်နေတာ ဆိုတဲ့ အမြင်မျိုးထက် ဒီလို ကျေးဇူးတင်တတ်၊ အသိအမှတ်ပြုတတ်တဲ့ အလေ့အထ ရှိဖို့လိုတယ်။
အဲဒီလိုကျေးဇူးတင်တတ်ပြီဆိုရင် ကိုယ့်ရဲ့ဖန်တီးမှုတိုင်း၊ လုပ်ရပ်တိုင်းဟာ စေတနာပါလာတော့တာပါပဲ။
Credit: Dr. Phio Thiha
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment