တစ်ခါက ကျီးကန်းတစ်ကောင်ဟာ သစ်တောထဲမှာနေပြီး သူ့ဘဝကိုသူ အားရကျေနပ်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ
ငန်းတစ်ကောင်ကို တွေ့သွားခဲ့ပါတယ်။ ကျီးကန်းဟာငန်းရဲ့ နှစ်လိုဖွယ်ကောင်းတဲ့သွင်ပြင်ကို ငေးမောအားကျရင်း
"အဆွေ -----အဆွေကတော့ သိပ်ဖြူတာပဲ။ ကျုပ်ကတော့ သိပ်မည်းပါတယ်။ အဆွေကတော့ ဒီကမ္ဘာလောကကြီးမှာ ကံအကောင်းဆုံးနဲ့ အပျော်ဆုံးငှက်ဖြစ်ရမယ်" လို့
ငန်းကို သွားရောက်ပြောဆိုခဲ့ပါတယ်။ အဲဒီအခါမှာ ငန်းက ခေါင်းကို လေးတွဲ့စွာခါရမ်းပြီး "မဟုတ်ပါဘူး--- အဆွေ
ကျီးကန်း---- အရောင်နှစ်မျိုးစပ်ထားပြီး လှပတင့်တယ်တဲ့ရုပ်ရည်ရှိတဲ့ ကြက်တူရွေးကို မတွေ့ရသေးခင်ကတော့ ကျုပ်လည်း ကျုပ်ကို ကျုပ်အဆွေကျီးကန်းပြောသလိုပဲ
အလှပဆုံးလို့ ထင်ခဲ့တာပါ။ အခုတော့ ကြက်တူရွေးဟာ ဒီလောကကြီးမှာ အလှဆုံးသောငှက်ဆိုတာကို ကျုပ်လက်ခံလိုက်ပါပြီ"လို့ ကျီးကန်းကို ပြန်ပြောခဲ့ပါတယ်။
ငန်းက အဲဒီလိုပြောလိုက်တော့ ကျီးကန်းကလည်း ကြက်တူရွေးကို မတွေ့တွေ့အောင်ရှာဖွေပြီး ချဉ်းကပ်ပြန်ပါတယ်။ ကြက်တူရွေးဆီ ရောက်တော့
ကြက်တူရွေးရဲ့ တောက်ပတဲ့အရောင်အသွေးကို အားကျငေးမောကြည့်ပြီး ကျီးကန်းက ချီးမွမ်းစကားဆိုခဲ့ပါတယ်။ အဲဒီလိုချီးမွမ်းခံရတော့ ကြက်တူရွေးကလည်း
ခပ်ယဲ့ယဲ့ပြုံးပြီး "မိတ်ဆွေ ကျီးကန်း----- မိတ်ဆွေပြောသလို ကျုပ်ကလှတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် အလှဆုံးတော့
မဟုတ်ပါဘူးခင်ဗျ။ ကျုပ်ထက်ပိုလှပြီး ကျုပ်ထက် အရောင်အသွေးစုံလင်တဲ့ ဒေါင်းဆိုတဲ့ငှက်က တိရစ္ဆာန်ရုံထဲမှာ ရှိပါတယ်ခင်ဗျား"လို့ ပြန်ပြောခဲ့ပါတယ်။
အဲဒီတော့ ကျီးကန်းဟာ ဒေါင်းရှိတဲ့တိရစ္ဆာန်ရုံကို မရောက်ရောက်အောင် သွားပြီး လေ့လာအကဲခတ်ပြန်ပါတယ်။ ကျီးကန်းဟာ ဒေါင်းဆီရောက်သွားတဲ့အချိန်မှာတော့
လူပေါင်းများစွာက ဒေါင်းရဲ့လှောင်အိမ်ရှေ့မှာ ရပ်ပြီး ဒေါင်းကို အထူးအဆန်းနဲ့ ဝိုင်းကြည့်ရှုနေတာကို တွေ့ခဲ့ရပါတယ်။
ကျီးကန်းရဲ့စိတ်ထဲမှာတော့ ဒေါင်းရဲ့ဘဝကို အပြတ်အသတ်လေးစားပြီး အားကျနေမိပါတော့တယ်။
လူတွေ ထွက်သွားတဲ့ အခါကျမှ ကျီးကန်းက ဒေါင်းရှိတဲ့လှောင်အိမ်အနားကို အသာလေးကပ်သွားပြီး "ချစ်ခင်ရတဲ့အဆွေဒေါင်း----အဆွေက
သိပ်လှတာပဲနော်။ နေ့တိုင်းလိုလို လူပေါင်းများစွာက အဆွေ့ကို လာကြည့်ရတယ်နော်။ ကျုပ်ကိုကျတော့ လူတွေကတွေ့တာနဲ့ ခြောက်လှန့်နှင်လွှတ်
ကြတာဗျ။ အဆွေကတော့ ဒီကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ ကံအကောင်းဆုံးငှက်ပဲဆိုတာကို ကျုပ် လက်ခံသွားပါပြီ။ "လို့ ဒေါင်းကို သွားပြောခဲ့ပါတယ်။
ကျီးကန်းရဲ့စကားကိုလည်း ကြားရော ဒေါင်းက ညှိုးငယ်သော မျက်နှာထားနဲ့"အဆွေရဲ့အတွေးက မှားနေပါပြီ။ ကျုပ်လည်း ဒီတိရိစ္ဆာန်ရုံထဲကို
မရောက်ခင်အထိတော့ ကျုပ်ဟာ ဒီကမ္ဘာလောကကြီးထဲမှာ အလှပဆုံးနဲ့ အပျော်ရွှင်ဆုံးငှက်လို့ ကျုပ်ကိုယ်ကျုပ် ထင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့
ကျုပ်ရဲ့အလှကြောင့်ပဲ ဒီလှောင်အိမ်ထဲမှာ လှောင်ပိတ်ခံထားရတယ်လေ။ ဒီတိရိစ္ဆာန်ရုံထဲကို အဆွေ လေ့လာလှည့်ပတ်ကြည့်ပါဦး။
လှောင်အိမ်ထဲမှာ အကျဉ်းချခံမထားရတဲ့ငှက်ဆိုလို့ အဆွေကျီးကန်းလို ငှက်တစ်မျိုးတည်းရှိတာပါ။ ဒါကြောင့် ကျုပ်ကတော့ အခုချိန်မှာတော့
အရုပ်ဆိုးအကျည်းတန်ပါတယ်ဆိုတဲ့ ကျီးကန်တစ်ကောင်ပဲဖြစ်ချင်ပြီး နေရာတကာကို လွတ်လွတ်လပ်လပ် ပျံသန်းသွားလိုက်ချင်တော့တယ်ဗျာ"
လို့ပြန်ပြောခဲ့ပါတယ်။ အဲဒီတော့မှ ကျီးကန်းကလည်း သူ့ဘဝကိုသူ ပြန်လည်ဆန်းစစ်ပြီး သူ့မှာ
ရှိတဲ့အရည်အသွေးကို သူပြန်လည်မြင်ယောင်ကာ ကျေနပ်အားရကာ တောအုပ်ဆီသို့ပြန်လာခဲ့ပါတော့တယ်။
ကျွန်မတို့ရဲ့ လက်တွေ့ဘဝထဲမှာလည်း ဒီလိုပါပဲ။ ကျွန်မတို့ဟာ တစ်ခါတစ်လေမှာ ကျွန်မတို့ထက်
သာတဲ့သူတွေလို့ ထင်ရတဲ့ လူတွေကို အားကျငေးမောရင်း အချိန်ဖြုန်းမိနေတာမျိုး ရှိတတ်ပါ
တယ်။ တကယ်တမ်းတော့ လူတစ်ယောက်နဲ့တစ်ယောက်မှာ အပြတ်အသတ်ကြီး သာလွန်တယ်၊
ကောင်းမွန်တယ်ဆိုတာ မရှိပါဘူး။ ကွဲပြားခြားနားကြတာပဲ ရှိတာပါ။ အကောင်းအဆိုးတွေကိုချည်း
ပဲမစဉ်းစားကြဘဲ ဘာတွေက ဘယ်လိုကြောင့် ဒီလိုကွဲပြားနေရတာလဲဆိုတဲ့အကြောင်းအကျိုးကို
ပဲကြိုးစားချိန်ညှိကြရမှာပါ။ ကျွန်မဆိုလိုတာက ကိုယ့်ထက်သာတဲ့ အရည်အချင်းနဲ့အရည်အသွေး
ရှိသူတွေ၊ ထက်မြက်သူတွေ၊ ထူးချွန်သူတွေကို လေးစားပါ။ အားကျပါ။ အတုယူပါ။ ဒါပေမယ့်
အဲဒီလူတွေရဲ့ အရှိန်အဝါအောက်မှာ လောင်းရိပ်မမိပါစေနဲ့။ စိတ်ဓာတ်အားဖြင့် လောင်းရိပ်မိသွား
သူတွေဟာ ကိုယ့်မှာရှိနေတဲ့ကိုယ်ရည်ကိုယ်သွေးတွေကို မြင်အောင်မကြည့်နိုင်တော့ဘဲ
သူတပါးရဲ့ လက်ဝေခံဘဝနဲ့သာ ကိုယ့်အညွှန့်ကို ကိုယ်ပြန်ချိုးမိသွားတတ်ကြပါတယ်။
ဒါကြောင့် သူတပါးရဲ့လောင်းရိပ်အောက်မှာ လှောင်ပိတ်မိမနေအောင် ကိုယ့်စိတ်ကိုကိုယ်ပြန်
လည်ဆန်းစစ်ကာ ကိုယ့်တန်ဖိုးကိုကိုယ် အလေးထားမြှင့်တင်သင့်ပါတယ်။
Credit: မနောဖြူ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment