တစ်ခါက လူတစ်ဦးရှိတယ်။ သူဟာ တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရလို့ ဒေါသထွက်တိုင်း အိမ်ကိုအမြန်ပြန်ပြေးပြီး နေအိမ်ကို ၃ပတ်ပတ်တတ်တယ်။
သူဟာ အလုပ်အရမ်းကြိုးစားသူဖြစ်တာကြောင့်
နေအိမ်သေးလေးကနေ အိမ်ကြီး၊ ခြံမြေကြီးတွေကို ပိုင်ဆိုင်ခဲ့တယ်။ နေအိမ်ဘယ်လောက်ကြီးကြီး တခြားလူနဲ့ ငြင်းခုန်ရန်ဖြစ်ရတိုင်း
သူဟာ နေအိမ်နဲ့ခြံမြေကို ၃ပတ်ပတ်တိုင်းဖြစ်တယ်။
ရန်ဖြစ်တိုင်း၊ ဒေါသထွက်တိုင်း နေအိမ်နဲ့ ခြံမြေတွေကို ၃ပတ်ပတ်တတ်တဲ့သူ့ကို မိတ်ဆွေတွေက နားမလည်ခဲ့ဘူး။
ဒါကို မိတ်ဆွေတွေက ဘယ်လိုမေးမေး သူပြန်မရှင်းပြခဲ့ဘူး။
နောက်တော့ အသက်ကြီးပြီး တဖြေးဖြေး သူအိုမင်းလာခဲ့တယ်။ ပိုင်ဆိုင်တဲ့ခြံမြေကလည်း ပိုပိုကျယ်လာခဲ့တယ်။ ဒါတောင် သူဟာ ဒေါသထွက်တိုင်း တုတ်ကောက်ကိုကိုင်ပြီး ခြံမြေကို ၃ပတ်ပတ်တုန်းဖြစ်တယ်။ ကျယ်ပြန့်တဲ့ခြံမြေကို သူပတ်ပြီးရင် နေလည်းဝင်ပါပြီ။
တစ်နေ့မှာ မြေးဖြစ်သူက သူ့ကို မေးတယ်။
"ဘိုးဘိုး အသက်ကြီးပြီ။ ဒီပတ်ဝန်းကျင်မှာ အဘိုးပိုင်တဲ့ခြံမြေက အကျယ်ဆုံးပဲ။ ဒါကြောင့် အရင်ကလို ဒေါသထွက်တိုင်း
အဘိုးခြံတွေကို မပတ်သင့်တော့ဘူး။ အဘိုးဘာဖြစ်လို့ စိတ်တိုဒေါသထွက်တိုင်း နေအိမ် ခြံတွေကို ၃ပတ်ပတ်ရတာလဲ?
မြေးကို ပြောပြပါ"
မြေးရဲ့တောင်းဆိုမှုကြောင့် နှစ်လကြာ ရင်ထဲထည့်သိမ်းထားတဲ့ လျှို့ဝှက်ချက်ကို သူပြောပြလိုက်တယ်။
"အဘိုး ငယ်ရွယ်စဉ်တုန်းက တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်တိုင်း
နေအိမ်ကို ၃ပတ်ပတ်တယ်။ ပတ်နေတုန်းမှာ စဉ်းစားတယ်။
ငါ့အိမ် ဒီလောက်ငယ်တာ၊ ပိုင်တဲ့မြေ ဒီလောက်နည်းတာ တခြားလူနဲ့ရန်ဖြစ်ငြင်းခုန်ဖို့ ဘယ်မှာအချိန်၊ ဘယ်မှာအရည်အချင်းရှိလိမ့်မလဲ? ဒီလိုစဉ်းစားလိုက်ရင် ဒေါသစိတ်ကပြေသွားတယ်။ ကျန်ရှိနေတဲ့အချိန်နဲ့ အလုပ်ကို ပိုကြီးစားလုပ်လိုက်တယ်"
"ဒါပေမယ့် အခု ဘိုးဘိုးအသက်ကြီးပြီ ပိုင်ဆိုင်တဲ့ခြံမြေတွေလည်း ကျယ်သထက်ကျယ်လာခဲ့ပြီ။ ဒါတောင် ဘိုးဘိုးက စိတ်တိုတိုင်း ခြံမြေတွေကို ပတ်တုန်းပဲ။ ဘာဖြစ်လို့လဲ?"
"ဒီအရွယ်ရောက်လည်း ဘိုးဘိုးစိတ်တို ဒေါသထွက်တတ်တုန်းပဲ။
စိတ်တိုလို့ အိမ်ခြံကို ၃ပတ်ပတ်တိုင်း ဘိုးဘိုးစဉ်းစားတယ်။ ငါ့အိမ်ဒီလောက်ကြီးတာ၊ ငါ့ခြံဒီလောက်ကျယ်တာ တခြားလူနဲ့
မလိုအပ်ဘဲ ရေးကြီးခွင့်ကျယ်လုပ်နေဦးမလဲပေါ့။ အဲဒီလို
စဉ်းစားလိုက်ရင် ဒေါသစိတ်က ပြယ်သွားတယ်"
အဘိုးအိုဟာ ဘဝကိုနားလည်တဲ့ အသိဉာဏ်ရှိသူဖြစ်တယ်။
ဒေါသစိတ်ကို ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာကို
သိသူဖြစ်တယ်။
လူတွေဟာ စိတ်တိုဒေါသထွက်နေချိန်မှာ မကောင်းတဲ့
စိတ်ခံစားချက်က ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဟိုမုန်း ဒါမှမဟုတ် တခြားဓာတု
ပစ္စည်းတွေကို ထုတ်လွတ်တတ်တယ်။ ဒါတွေက
ခန္ဓာကိုယ်ကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေပါတယ်။
စိတ်ပညာရှင်တစ်ဦးက ရေခဲရေဖန်ခွက်ထဲ ဖန်ပိုက်
တစ်ချောင်းထိုးထည့်ပြီး စမ်းသပ်မှုတစ်ခုလုပ်ခဲ့တယ်။
စမ်းသပ်မှုမှာ အစမ်းသပ်ခံသူက ဖန်ပိုက်ထဲ အသက်ရှု
ထုတ်လိုက်တယ်။ ရှုသွင်းလိုက်တဲ့လေက ရေခဲပိုက်ထဲ
အစိုင်အခဲအဖြစ် စုထွေးသွားတယ်။ သာမန်စိတ်နဲ့လူတစ်ယောက် ရှုထုတ်လိုက်တဲ့ အစိုင်အခဲက ကြည်လင်ပြီး အရောင်၊
အဆိပ်မရှိဘူး။ စိတ်တိုဒေါသထွက်နေသူတစ်ယောက်
ရှုထုတ်လိုက်တဲ့ အစိုင်အခဲမှာတော့ အဆိပ်တွေရှိနေတာကို
တွေ့ရတယ်။ တစ်နာရီလောက် ရှုထုတ်တဲ့အစိုင်အခဲက
လူကိုတောင် သေစေနိုင်တယ်လို့ ဆိုပါတယ်။
စိတ်တိုဒေါသထွက်ရင် တခြားသူနဲ့ အလွယ်တကူ
ရန်သူဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်ဖြစ်ဖြစ်၊ တခြားသူကြောင့်ဖြစ်ဖြစ် အလွယ်တကူ ဒေါသ
မထွက်သင့်ပါဘူး။
ဒေါသစိတ်ကို ဖြေလျော့နည်းတချို့က...
(၁) စိတ်တိုဒေါသထွက်ရတဲ့ ရင်းမြစ်ကို အရင်ဆန်းစစ်ပါ။ ရည်ရွယ်ချက်ဖြစ်မြောက်ချင်ရင် တခြားနည်းကို စိတ်အေးအေးနဲ့ တွေးတောပါ။
(၂) ရေတွက်တာဖြစ်ဖြစ်၊ အနှေးပြေးဖြစ်ဖြစ်၊ လူမရှိတဲ့အရပ်မှာ အသံကုန်အော်ဟစ်တာမျိုးဖြစ်ဖြစ် စိတ်ထွက်ပေါက်ကိုရှာပါ။
ကိုယ့်ကိုယ်ကို စိတ်ဖိအားအရမ်းမပေးပါနဲ့။
(၃) သူ့ဖက်ကနေပြီး ပြဿနာကို တွေးတောကြည့်ပါ။
(၄) မေတ္တာရနိုင်တဲ့ နည်းမျိုးကိုရှာပါ။
(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ရင်ဘတ်ကျယ်ကျယ် ထားပါ။
(၆) မကျေနပ်တာကို အမှန်အတိုင်း ရိုးသားမှုအပြည့်နဲ့
တာဝန်သိသိပြောပါ။ စိတ်တိုဒေါသထွက်တဲ့နည်းကို
အသုံးမပြုပါနဲ့။
(၇) ကိစ္စရပ်ကို ဖြေရှင်းပါ။ ပုဂ္ဂိုလ်ရေးကို မထိခိုက်ပါနဲ့
(၈) အတွေ့အကြုံ သင်ခန်းစာကို ရယူပါ။
စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။
စိတ်တိုဒေါသစိတ်တွေ လေနဲ့အတူ လွင့်ပါးခွင့်ပေးလိုက်ပါ....
မူရင်း-- Hu Bao Lin (胡寶林)ပြုစုရေးသားသော "မိမိကိုယ်ကိုယ်ကောင်းမွန်အောင် ဆက်ဆံနည်း"စာအုပ်ထဲက
ဖြစ်ပါတယ်။
Credit:နိုင်းနိုင်းစနေ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment