Tuesday, September 20, 2016

ကံတရားတန်ဖိုး ၁ ဒေါ်လာ၁၁ပြား



တက်စ်ဟာ ၈ နှစ် အရွယ်ကောင်မလေး တစ်ယောက်ပါ။ တစ်နေ့ သူ့အဖေ နဲ့ အမေဖြစ်သူ ပြောနေတဲ့ စကားကို နားထောင်မိပါတယ်။ သူ့ရဲ့မောင်လေးဟာ အလွန်နေမကောင်းဖြစ်နေပြီး ခွဲစိတ်မှုအကြီးစားလုပ်ရမယ် ဆိုတဲ့အကြောင်းပါ။ ကုသစရိတ်တွေအတွက် နောက်လဆို အိမ်ပေါ်က ဆင်းပေးရတော့မှာပါ။ အဲဒီတော့ အခု ခွဲစိတ်မှုအကြီးစား ပြုလုပ်ဖို့ ဘယ်လိုမှ မတတ်နိုင်တော့ပါဘူး။ သူ့အဖေရဲ့စကားတစ်ခွန်းကို သူကြားလိုက်ပါတယ်။ "ကံတရားက လွဲပြီး ငါတို့သားလေးကို မကယ်နိုင်တော့ဘူး" ဆိုတဲ့ စကားပါ။

အဲဒီနောက်တော့ တက်စ် ဟာ သူ့အခန်းလေးထဲကို ပြန်လာပြီး သူ့ရဲ့စုဗူးလေးကို ဖောက်လိုက်ပါတယ်။ ရလာတဲ့အကြွေစေ့လေးတွေကို ကိုင်ပြီး အိမ်ပေါ်ကနေ တိတ်တဆိတ် ဆင်းသွားပါတယ်။ သူတို့လမ်းထိပ်က ဆေးဆိုင်ကြီး ဆီကိုပါ။ ဆေးဆိုင်ရှေ့မှာ သူရပ်ပေမယ့် သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဒါကြောင့် သူဟာ ခြေကို ရှပ်တိုက်ပြီး အသံမြည်အောင်လုပ်ပါတယ်။ ဒါလည်း မထူးပါဘူး ၊ ဘယ်သူမှ လှည့်မကြည့်တာက မကြည့်တာပါပဲ။ အဲဒီတော့ သူ စူးစူးဝါးဝါးအော်ဟစ်လိုက်ပါတယ်။ အဲဒီတော့မှ အလုပ်ရှုပ်နေတဲ့ ဆေးရောင်းသူဟာ သူ့ကို သတိထားမိသွားပါတယ်။

"မင်းဘာယူမှာလဲ ၊ မြန်မြန်ပြော ၊ ငါ ငါ့အစ်ကိုနဲ့ တွေ့ရဦးမယ် ၊ သူနဲ့မတွေ့ရတာ နှစ်တွေကြာပြီ" လို့ စိတ်မရှည်တဲ့ အသံနဲ့အော်လိုက်တယ်။
" ကောင်းပြီ ရှင့်ကို ကျွန်မပြောပြမယ် ၊ ကျွန်မမောင်လေး နေမကောင်းဖြစ်နေတယ် ၊ ကျွန်မအဖေက ကံတရား က ပဲ သူ့ကိုကယ်နိုင်တော့မယ် လို့ပြောတယ် ၊ ဒါကြောင့် ကံတရားဆိုတဲ့ဆေး ကျွန်မကို ရောင်းပါ" လို့ တက်စ် က ပြန်အော်တယ်။

ဒီတော့မှ ဆေးရောင်းတဲ့သူဟာ သဘောပေါက်သွားပြီး ကလေးကို သနားသွားတယ်။
"တောင်းပန်ပါတယ် ကလေး ၊ ဦးတို့ဆိုင်မှာ ကံတရား ဆိုတဲ့ဆေးမရှိဘူးကွဲ့" လို့ ညှင်ညှင်သာသာလေး ပြန်ပြောတယ်။

"ဘာလဲ ရှင်က ကျွန်မပိုက်ဆံ မပေးနိုင်ဘူးထင်လို့လား ၊ ကံတရားရဲ့တန်ဖိုးကို ပြောပါ ကျွန်မတတ်နိုင်ပါတယ် ၊ ကျွန်မမှာ ပိုက်ဆံရှိပါတယ်" လို့ တက်စ်က ပြန်အော်တယ်။

ဒီအချိန်မှာပဲ ဆေးရောင်းသူ ရဲ့ အစ်ကိုဖြစ်တဲ့ သားသားနားနားဝတ်ထားသူဟာ တက်စ်ဆီကို လျှောက်လာပြီး တက်စ် ကို ပြောလိုက်တယ်။
"သမီးက ကံတရားကို ၀ယ်ချင်လို့ ဟုတ်လား"
" ဟုတ်ပါတယ် ၊ သမီးမောင်လေးကို အကြီးစားခွဲစိတ်မှု လုပ်ပြီးမှ နေပြန်ကောင်းမယ်တဲ့ ၊ အဲဒီတော့ ကံတရားကပဲ ကယ်နိုင်မယ်လို့အဖေက ပြောတယ် ၊ အဖေတို့မှာ ပိုက်ဆံမရှိတော့လို့ ကံတရားကို မ၀ယ်နိုင်တာ သမီးသိတယ် ၊ ဒါကြောင့် သမီးစုထားတဲ့ပိုက်ဆံနဲ့ လာဝယ်တာပါ" လို့ တက်စ်က ပြန်ဖြေတယ်။

"သမီးမှာ ကံတရားကို ၀ယ်ဖို့ ပိုက်ဆံဘယ်လောက်ရှိလဲ"
" ဒီမှာ ၊ ၁ဒေါ်လာ နဲ့ ၁၁ပြား ရှိပါတယ်" ဆိုပြီးတက်စ်က သူယူလာတဲ့ အကြွေစေ့တွေကို ကမ်းပေးလိုက်တယ်။

ဆေးရောင်းသူရဲ့ အစ်ကိုဖြစ်သူဟာ တက်စ်ပေးတဲ့ငွေကို လက်တစ်ဖက် နဲ့ ယူလိုက်ပြီး ကျန်တစ်ဖက်နဲ့ တက်စ်ရဲ့လက်ကို ကိုင်လိုက်ပါတယ်။
"ကဲ ဦးမှာကံတရားရှိတယ် ၊ သမီးတို့အိမ်ကိုပြပြီး သမီးမိဘတွေနဲ့တွေ့ပေး ၊ သွားကြရအောင် "

အဲဒီနောက်တော့ တက်စ်ရဲ့မောင်လေးဟာ ခွဲစိတ်မှုကြီးကို အခမဲ့ လုပ်ဆောင်လိုက်နိုင်ပါတယ်။ ဆေးရောင်းသူရဲ့ အစ်ကို ဟာ ခွဲစိတ်အထူးကု ဆရာဝန်ကြီးဖြစ်ပြီး တက်စ်ကိုသနားတာကြောင့် တစ်ပြားမှမယူပဲ ခွဲစိတ်မှုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

တက်စ်ရဲ့ မောင်လေးကျန်းမာသွားသလို အဖေနဲ့ အမေဖြစ်သူဟာလည်း အလွန်ပျော်ရွှင်သွားကြပါတယ်။
"သမီး ခွဲစိတ်ဆရာဝန်ကြီးက ကံတရားပေါ့နော် ၊ ကံတရားတန်ဖိုး ဘယ်လောက်ပေးရလဲ" လို့ အမေဖြစ်သူက တက်စ်ကို တိုးတိုးလေး မေးလိုက်တယ်။

တက်စ် ပြုံးပြီးပြန်ဖြေလိုက်ပါတယ်။
" ကံတရားရဲ့ တန်ဖိုးဟာ ၁ဒေါ်လာနဲ့ ၁၁ပြားပါ ၊ ပြီးတော့ကလေးလေးတစ်ယောက်ရဲ့ ယုံကြည်မှုရောပေါ့"

Credit: သုတဇုန်


ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths