အစားအစာတစ်ခုရဲ့ အရသာကို လျှာကသာ သိရှိပါတယ်။ ကောင်းတဲ့အရသာ ဆိုးတဲ့အရသာကို လျှာက ခွဲခြားစိစစ် ရွေးချယ်ပေးတယ်။
လျှာက အရသာခံပြီး မကောင်းတဲ့ဆိုးတဲ့အရသာကို လက်မခံဘဲ ကောင်းတဲ့အရသာကိုပဲ နှစ်သက်လက်ခံပေးတယ်။
လောကကြီးထဲက တချို့သော သူတွေဟာ လျှာနဲ့ တူတဲ့သူတွေဖြစ်တယ်။ ဘ၀မှာ တွေ့ကြုံရသမျှတွေအပေါ် အဆိုးအကောင်းကို နားလည်ကာ အကြောင်းသင့်အကျိုးသင့် ဖြေရှင်းတတ်သူဖြစ်ပြီး ကြုံရတဲ့ ပြဿနာနဲ့ အခက်ခဲတွေကြောင့်ပဲ အမှားအမှန်ကို ရှာဖွေသွားနိုင်ကြတယ်။
သူတို့ဟာ ကိုယ့်မနက်ဖြန်တွေ ရှေ့ဆက်ဖို့အတွက် ကောင်းမွန်သော အတွေ့အကြုံ သင်ခန်းစာတွေယူပြီး အမှားတွေပြင်ကာ ရှေ့ဆက်သွားလို့ လျှာနဲ့ တူတဲ့သူတွေသာ ဖြစ်တယ်။
ဟင်းခွက်တစ်ခွက် မျှတအကျက်ညီဖို့ ယောက်မဟာ အရေးကြီးလှပါတယ်။ အာဟာရရှိတဲ့ ဟင်းတစ်ခွက်၊ ကောင်းမွန်တဲ့ ဟင်းတစ်ခွက်ဖြစ်ဖို့ ယောက်မဟာ ဟင်းနဲ့အတူ အမြဲယှဉ်တွဲ မွှေခပ်နေလေ့ရှိပါတယ်။
ဒါပေမယ့် ယောက်မဟာ ဟင်းရဲ့အရသာကို မရသလို အာဟာရတွေ ရရှိတဲ့ သူလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အာဟာရပြည့် အရသာရှိတဲ့ ဟင်းနဲ့ ယှဉ်တွဲရှိခဲ့ပါရဲ့ သူ့အတွက်တော့ အချည်းနှီးသော တွေ့ဆုံမှုပါပဲ။
လောကကြီးထဲမှာ လူသားယောက်မများ များစွာရှိပြန်ပါတယ်။ သူများ အမှားကလည်း မသင်ယူတတ်၊ ကိုယ်မှားတော့လည်း မပြင်တတ်ဘဲ အမှားတောထဲ အမှားတွေနဲ့ နေသားတကျဖြစ်နေတဲ့သူတွေဟာ ယောက်မလို သူတွေပါပဲ။
လောကထဲ ရှင်သန်ရင်း သူတော်ကောင်းနဲ့ ဆုံတွေ့တဲ့အခါ အကောင်းအဆိုး၊ ကုသိုလ်၊ အကုသိုလ်တွေကို မေးမြန်းပြီး ပြုပြင်နိုင်သူတွေ၊ သင်ကြားလွယ်သူတွေဟာ မိမိကိုယ်ကို ချစ်မြတ်နိုးသူများဖြစ်ပါတယ်။
မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက မြတ်စွာဘုရားရဲ့ လက္ခဏာတော်ကြီး ၃၂ ပါးထဲမှာ ပါတဲ့ အသားအရေ၏ နုပျိုခြင်း၊ စိုပြေခြင်းနဲ့ သိမ်မွေ့ညက်ညောခြင်းဟာ ပါရမီဖြည့်ကျင့်ရာ ဘဝတိုင်း ပညာရှိကို ချဉ်းကပ်ပြီး ကုသိုလ် အကုသိုလ်ကို မေးမြန်းပြီး ရှောင်ကျဉ်ခဲ့လို့ပါ။ မြတ်စွာဘုရားအဖြစ်နဲ့ အရာရာ၌ သူတစ်ပါးထက် ကြီးကျယ်သော ဥာဏ်တော်ကိုလည်း ရရှိခြင်းဆိုတဲ့ အကျိုးကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
ယောက်မလို သူတချို့ကတော့ ရှင်သန်ကြရင်း သူတော်ကောင်းတွေနဲ့ ဘယ်လိုပင်ဆုံတွေ့လို့ ရှားပါးတဲ့ အခွင့်အရေးဖြစ်တဲ့ ဗုဒ္ဓရဲ့ သာသနာနဲ့ ကြုံတွေ့ခဲ့သည့်တိုင်အောင် အနှစ်သာရကို မသိလေတော့ အချည်းနှီးသော ကြုံကြိုက်မှုဖြစ်ရပြန်ပါတယ်။
မသင်ယူတတ်၊ အမှားတွေ မပြင်ဆင်တတ်၊ ကုသိုလ် အကုသိုလ်ကို မခွဲခြားတတ်ပါဘဲ အသက်ကြီးပေမယ့် ဥာဏ်ရင့်ကျက်သူတွေ မဖြစ်ဘဲရှင်သန်ကြလေ့ရှိပါတယ်။
ဆူးတို့မည်သည် အတားအဆီးကို ထိုးဖောက်ပြီး ထွက်နိုင်သလို သူတော်ကောင်းဆိုတာကလည်း ဘေးခပ်သိမ်းကို သိရှိကာ မိမိကိုယ်ကို ဒီဘဝအတွက်သာ ချစ်မြတ်နိုးခြင်းမဟုတ်ဘဲ နိဗ္ဗာန်မဝင်ခင် သံသရာတစ်လျှောက်လုံးအတွက် မျှော်တွေးပြီး စိတ်၏ ဆင်းရဲခြင်းနဲ့ ခန္ဓာ၏ ဆင်းရဲခြင်းကို ဖြစ်စေသော အကုသိုလ်တို့ကို ရှောင်ကျဉ်ကာ မကောင်းမှုဟူသမျှမှ ဖောက်ထွက်နိုင်ကြပါတယ်။
ဒါ့ကြောင့် ယောက်မနဲ့တူတဲ့ သူအဖြစ်မှရော ထိုသူများနဲ့ပါ ဝေးပါစေ။
တန်ဖိုးရှိသော လူသားများဖြစ်စေဖို့ သူကောင်းကောင်းများနှင့် တွေ့ဆုံရသောသူဖြစ်ပြီး ကိုယ်တိုင်လည်း သူတော်ကောင်းများဖြစ်ပါလို့ တောင်းဆုပြုပေးလိုက်ပါတယ်။
လေးစားလျှက်
ဒေါ်ကရုဏာ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment