Wednesday, February 8, 2017

တပို့တွဲလနှင့်မီးဖုန်းမီးကုသိုလ်ပွဲတော်



ယခင်နှစ် တပို့တွဲလပြည့်နေ့က မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် မီးပုံးထင်း ကပ်လှူပူဇော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)

ချမ်းအေးလှတဲ့ မြောက်ပြန်လေနဲ့အတူ ဆောင်းရာသီရဲ့ ပုံရိပ်ဖြစ်တဲ့ ငွေနှင်းမှုန်ကလေးများဟာ အရပ်ရှစ်ခွင်တိုင်းမှာ အုံ့ဆိုင်းခြုံသိုင်းလို့ နေချေပြီ၊ ငွေနှင်းမှုန်ကလေးများနဲ့ မြောက်ပြန်လေအေးတို့မှာ ဆောင်းရဲ့ဖွားဖက်တော်များလို့ ဆိုနိုင်ပါတယ်။

အမိမြန်မာနိုင်ငံမှာ ဥတုရာသီသုံးမျိုးရှိ ရာဆောင်းရာသီကို နှစ်သက်သဘောကျသူ အများဆုံးဖြစ်ပါတယ်။ အနှစ်သက်သဘော ကျဆုံးဖြစ်မည်ဆိုပါက ဖြစ်ထိုက်ပါပေတယ်။ အကြောင်းဆိုက ဆောင်းရာသီဟာ မိုးရာသီလို မစိုစွတ်၊ မထိုင်းမှိုင်း၊ နွေရာသီလိုလည်း မပူပြင်း၊ မခြောက်သွေ့ဘဲ အပူအအေးမျှတကာ ဆွတ်ပျံ့ကြည်နူးစရာ သဘာဝရာသီဖြစ်ပါတယ်။

မြန်မာ့ ၁၂ လရာသီ ပွဲတော်တွေထဲက တပို့တွဲလဟာ ထမနဲပွဲဖြစ်တယ်။ တပို့တွဲလဟာ ကောက်ဦးပေါ်ချိန် ကာလဖြစ်လို့ လဆန်းရက်ကစလို့ လပြည့်နေ့တိုင်အောင် တောရောမြို့ပါမကျန် ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပလေ့ ရှိကြတယ်။ ဒီထမနဲပွဲဟာ ရှေးမြန်မာ ဘုရင်များလက်ထက်က စတင်ကျင်းပခဲ့တဲ့ ရိုးရာအစဉ်အလာပွဲ တစ်ခုဖြစ်ပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှုအနေနဲ့ပါ အနှစ်သာ ရရှိတဲ့ ပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့်

“ထမနဲထိုးစေဖို့ စာချိုးလို့မှာခဲ့မယ်၊ တစ်စိတ်ကယ် ဆန်ကောက်ညှင်းရယ်နှင့် တစ်ပိဿာ ဆီကိုသွင်းပါလို့၊ ဂျင်း (ချင်း) ကသုံးဆယ်၊ မြေပဲဆန်လှော် တစ်ခွက်ကယ်နှင့်၊ နှမ်းလှော်ကိုတူစွာ ဖက်ပါလို့၊ ဆားမြက်မြက်ထည့်ပါကွယ်၊ အမျှကယ်စုပေါင်း၊ အုန်းသီးမှာ နှစ်လုံးလှီးကာ တစ်ဖန်နှောပါကွဲ့၊ ဇောသန်သန် အားမာန်ကြိုးလို့ရယ်၊ ထိုးတတ်မှကောင်း”

ဆိုပြီး ရှေးရှေးပညာရှိကြီးတွေက ထမနဲအထိုးမမှားရအောင် လေးချိုးကဗျာ ရေးဖွဲ့ခဲ့ကြပါတယ်။ တပို့တွဲမှာ ကျင်းပတဲ့ တခြားပွဲတော်တစ်ခုမှာ မီးဖုန်းပွဲဖြစ်တယ်။ တပို့တွဲ လပြည့်ညမှာ ကျင်းပလေ့ရှိပါတယ်။ ဆီးနှင်းများ ပြင်းထန်စွာကျသဖြင့် ခိုက်ခိုက်တုန်မျှ ချမ်းအေးလှတဲ့ အချိန်ကာလပါ။ ဒီလိုညများမှာ မြတ်ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးပင် အအေးဒဏ်ကို ခံနိုင်စေဖို့ မီးအိုးကင်းမှာ ရွှေလက်တော်ကင်ကာ မီးလှုံခဲ့ရဖူးကြောင်း ကုန်းဘောင်ခေတ် မဟာရာဇ၀င်တော်ကြီးမှာ မှတ်တမ်းထားတာ လေ့လာမှတ်သားရပါတယ်။ ဒီအဖြစ်အပျက်ကို အကြောင်းပြုပြီး တပို့တွဲလမှာ မီးအလှူပွဲ၊ သို့မဟုတ် မီးကုသိုလ်ပွဲ (မီးဖုန်းပွဲ) တွေကို မြန်မာဘုရင်များ ကိုယ်တော်တိုင် ဦးဆောင်ကာ ပြုလုပ်ခဲ့ကြပါတယ်။

ယနေ့ ခေတ်ကာလမှာ ဒီမီးဖုန်းပွဲကို မြန်မာနိုင်ငံအထက်ပိုင်း ပခုက္ကူ၊ မုံရွာ၊ ရွှေဘိုစတဲ့ မြို့ရွာဒေသအချို့နဲ့ အထူးသဖြင့်မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမှာ ကျင်းပလေ့ရှိနေတာ ယနေ့တိုင်အောင်ပါပဲ။ မြတ်ဗုဒ္ဓ ရုပ်ပွားတော်ရှေ့နဲ့ စေတီတော်ခြေရင်းတွေမှာ စဥ့်အိုး အင်တုံထဲထည့်ပြီး နံ့သာမျိုးငါးမျိုး မီးပုံရှို့ကာ ပူဇော်ကြ၊ တချို့ကလည်း သင်ပုတ်ပလင်ပေါ် နဲ့စဥ့်ခွက်များပေါ် သနပ်ခါးတုံးတွေ၊ ခွဲခြမ်းစိတ်လွှာကာ မီးရှို့ပြီး လှူဒါန်းပူဇော်ကြတဲ့ အလေ့အထတွေ တွေ့မြင်ရဆဲပါ။ ယခုအချိန်မှာတော့ မြတ်ဗုဒ္ဓအား တပို့တွဲလ ထင်းမီးပူဇော်ပွဲ (မီးဖုန်းပွဲ) ဆိုပြီး အထူးစည်ကားလှပါတယ်။

ရှေးနှစ်ပေါင်း တစ်ထောင်ကျော်ကစလို့ ဒီတပို့တွဲလမှာ မီးဖုန်းပွဲ (မီးကုသိုလ်ပွဲတော်) ကို မြန်မာတို့က စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြပါတယ်။ ပုဂံခေတ် စောလှဝန် ကျောက်စာမှာ မီးဖုန်းသင်္ကြန်၊ ညောင်ရိယ်စတဲ့ ဝေါဟာရများကိုတွေ့ရသဖြင့် မီးကုသိုလ်ပွဲဟာ ပုဂံခေတ်မှာကျင်းပနေပြီလို့ ယူဆမိပါတယ်။

ပုဂံခေတ် ထိုးကျောက်စာများမှာ ဖုန်းရစေ (ကုသိုလ်ရစေ)၊ ဖုန်းဟာ-(ကုသိုလ်ရှင်၊ ကောင်းမှုရှင်)၊ ဖုန်းပေး-(ကုသိုလ်ပေး ၊ အလှူပေး)၊ ဖုန်းမှု- (ကုသိုလ်မှု ၊ ကောင်းမှု) စသည် ရေးသားသုံးနှုန်းထားသဖြင့် ဖုန်းပုဒ်ကို ကုသိုလ်ကောင်းမှုအဖြစ် သုံးစွဲခဲ့ကြတယ်။ ဒီ့အတွက် မီးဖုန်းဆိုတဲ့ဝေါဟာရဟာ မီးကုသိုလ်ပွဲကို ဆိုလိုခြင်းဖြစ်တယ်။

“တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါ” ဆိုတာနဲ့အညီ အလွန်အေးမြတဲ့ လရာသီအချိန် အခါဖြစ်လို့ ရှေးခေတ်မြန်မာကြီးများက မြတ်ဗုဒ္ဓအား ရည်စူးပြီး မီးဖုန်းကုသိုလ်အလှူပွဲကို ကုသိုလ်တစ်မျိုးရကြစေဖို့ တီထွင်ခဲ့ကြတယ်လို့ ယူဆမိပါတယ်။ မြတ်ဗုဒ္ဓအား အနွေးဓာတရစေဖို့ပြုတဲ့ ကုသိုလ်ပွဲဆိုက မမှားပါ။

“ထန်ရည်နင်း ပေါက်ကင်းတဲ့လဲငုံ၊ ဆက်ရက်ကယ်သာရကာနှင့် ရော်ရွက်ဝါတမာနု လွမ်းသူ့ပူပုံ” စာဆိုကြီးဦးကြင်ဥက စပ်ဆိုထားသလို တပို့တွဲလမှာ ပေါက်ပန်းနဲ့လဲပန်းတို့ အလှချင်းဆိုင် အပြိုင်ပွင့်ကြတယ်။ ပေါက်ပန်းကို ပေါက်ပင်ကပွင့်တယ်၊ လဲပန်းကိုလက်ပံက ပွင့်ပေမယ့် လက်ပန်ပန်းလို့ မခေါ်ကြဘဲလဲ ပန်းလို့သာခေါ်ကြတယ်။ လေ့လာသုံးသပ် ကြည့်တော့လက်ပံသီးထဲက လဲမှို့ကိုရရှိတာကြောင့်လို့ သိရပါတယ်။ 

တပို့တွဲလဟာ မြန်မာလ ၁၂ လထဲက ၁၁ ခုမြောက် လဖြစ်တယ်။ ပုဂံခေတ် ကျောက်စာတွေမှာ ‘တပိုစ်တွယ်၊ တပိုတွဲ၊ တပိုင်တွယ်၊ တပိုင်တွဲ’ ဆိုပြီး အမျိုးမျိုးရေးထိုးထားတာ တွေ့ရတယ်။ ရှေးမြန်မာတွေကလဲ ဒီလရာသီမှာ ထန်းဖူးတံ၊ ထန်းခိုင်တံတွေအောက်ကို ညွတ်ကျနေတာကို ရည်ရွယ်ပြီးတပို့ (ထန်းပို့)လို့ အဓိပ္ပာယ်ပြည့်ဝစွာ အမည်ပေးခဲ့ကြတယ်။ ထန်းဖိုဦးရာသီလို့လည်း ဆိုကြတယ်။ တပို့ တွဲလရာသီမှာ ထန်းဖိုပင်က ထန်းရည်စတင် ခံယူရတာကြောင့်လည်း ဖြစ်တယ်။ ထန်းရည်ကို ကျိုပြီးသကာရည်နဲ့ ထန်းလျက်ခဲများ ချက်လုပ်ကြတယ်။ ဒီလုပ်ငန်းကို ထန်းပင်ပေါများတဲ့ မြန်မာနိုင်ငံ မြေလတ်ပိုင်းဒေသတွေနဲ့အထက် အညာဒေသတွေမှာ လုပ်ကိုင်ကြပါတယ်။

တပို့တွဲလဟာ ခေတ်သစ်ပြက္ခဒိန်မှာ ဒုတိယမြောက် ဖေဖော်ဝါရီလဖြစ်တယ်။ ဖေဖော်ဝါရီလဟာ သာမန်နှစ်များမှာ ရက်ပေါင်း၂၈ ရက်ရှိတယ်။ လေးနှစ်တစ်ကြိမ် ရက်ထပ်တဲ့နှစ်သို့ရောက်တိုင်း ဒီလမှာရက် ပေါင်း၂၉ ရက်ရှိပါတယ်။ ဖေဖော်ဝါရီလ (February) က လက်တင်စကားဖြစ်တယ်။ အဓိပ္ပာယ်မှာ ‘သန့်ရှင်းစင်ကြယ်သည်’ လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းမှာ ဖေဖော်ဝါရီလနဲ့ ပတ်သက်ပြီး အလေးအမြတ်ထားရာ သမိုင်းဝင် နေ့တစ်နေ့ရှိခဲ့တယ်။ ဒါကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ ဟာနယ်ချဲ့ဝါဒီနဲ့ ဖက်ဆစ်ဝါဒီတွေကို ဆန့်ကျင်တော်လှန်ကြဖို့  ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့မှာ ညီလာခံကြီးတစ်ရပ်ကို ကျင်းပကာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တယ်။ အဆိုပါနေ့ကို ပြည်ထောင်စုနေ့ရယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအဖို့ ‘ပြည်ထောင်စုနေ့’ ဟာအရေးပါလှတဲ့ သမိုင်းမှတ်တိုင်ကြီး တစ်ခုဆိုပါက ဘယ်သူကမှ အငြင်းမပွားနိုင်ပါ။ ဘာကြောင့်လဲလို့ဆိုရပါမူ အမိမြန်မာ ပြည်ရဲ့ ‘လွတ်လပ်ရေးနေ့’ ဖြစ်ဖို့အတွက် ‘ပြည်ထောင်စုနေ့’ ဟာ အကြောင်းရင်းခံခဲ့ သောကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။

တပို့တွဲပေမို့

“တပို့တွဲပေမို့၊ ယှဉ်တွဲကာစန္ဒာနှင့်၊ မှန်မကွာ ကြယ်မာဃတို့မှာ၊ ၀င်းပရောင်လျှံ။ ဟေမာမြိုင်ဆင့် မောက်ကဲပုံက၊ ဝေဖြာလှိုင်ပွင့်ပေါက်နှင့် လဲရယ်တို့၊ တင်လျှောက်တွဲပါလို့ ပင်ထက်ယံသြော်.. ရွှင်လျက်စံပါလို့ ၀င့်ကာပဲ။  ပြောင်းကြွ ယိုင်ဝေ၊ ယောက်မကိုင်မွှေလို့၊ ထိုင်မနေ ရိုးရာပွဲပေမို့၊ ပိုင်ပိုင်လေ၊ ကိုးစရာ အမြဲသာပ အိုကွယ်...ထိုးကြ ထမနဲ”              (ဆရာ သတိုးသောင်း)

Writer: 

အောင်မြင့်မြတ် (ပြည်ရွှေဘို)


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths