Saturday, February 18, 2017

#၅ဝဝတန်တစ်ရွက်က ပေးလိုက်တဲ့ သင်ခန်းစာ



ကျနော် စားပွဲထိုးလုပ်နေတဲ့ ရေခဲမုန့်ဆိုင်ကို စုတ်တီးစုတ်ပြတ်နဲ့ ၉နှစ်အရွယ်ကောင်လေးတစ်ယောက် ရောက်လာတယ်။ ရုပ်ကြည့်ရတာတော့ ရေခဲမုန့်စားနိုင်မယ့်ပုံ မပေါ်ပါဘူး။ အလစ်သမားများလား။ စားပြီး ပိုက်ဆံမရှင်းပဲ ထပြေးရင် ဒုက္ခ။ ဒါပေမယ့် ကိုယ်က စားပွဲထိုးဆိုတော့ Customer တွေကို ဧည့်ဝတ်ကျေအောင် သူထိုင်နေတဲ့ စားပွဲကို Menu လေးကိုင်ပြီး ခပ်ပြတ်ပြတ်ပဲ သွားမေးလိုက်တယ်။

“ဘာစားမှာလဲ”

ငနဲလေး Menu ထဲက ဝေဖာရေခဲမုန့်ကို အသားငမ်းငမ်းကြည့်နေတယ်။ ပြီးတော့မှ

“ဒီဝေဖာရေခဲမုန့်က ဘယ်လောက်ကျလဲဗျ”

ဟွန့် ထင်တဲ့ အတိုင်းပဲလေ။ ပိုက်ဆံမှ သိပ်မပါတာကို ဈေးမေးပြီးမှ စားတော့မယ်ဆိုတာ သိနေတယ်လေ။ကျနော်လည်း အထင်သေးလာတာနဲ့ တိုတိုတုတ်တုတ် ပြန်ပြောလိုက်တယ်။

“၁၅ဝဝ”

ကျနော်လည်း ဈေးပြောလိုက်ရော ကောင်လေးက ပါလာတဲ့ အိတ်ထဲက တစ်ရာတန်လေးတွေ၊ နှစ်ရာတန်လေးတွေ၊ ငါးဆယ်တန်လေးတွေကို တစ်ရွက်ချင်း ထုတ်ရေနေတယ်။ ပိုက်ဆံမလောက်ဘဲနဲ့များ၊ စိတ်ပျက်စရာကောင်းလိုက်တာလေ။ ပိုက်ဆံနွမ်းနွမ်းလေးတွေကို ရေတွက်ပြီးတော့မှ မျက်နှာနွမ်းနွမ်းလေးနဲ့ ထပ်မေးလိုက်တယ်။

“အကို ရေခဲမုန့်ကို ဝေဖာမထည့်ဘဲနဲ့ အလွတ်စားမယ်ဆိုရင် ဘယ်လောက်လဲ”

ထင်သားပဲ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားတဲ့ကောင်။ လူရှုပ်ရတဲ့ကြားထဲ အာရုံလာနောက်နေသေးတယ်။ ကျနော်လည်း စိတ်မရှည်တော့ဘူး။

“၁ဝဝဝ ကွာ”

“အဲဒီလိုဆိုရင် ကျနော့်ကို ဝေဖာမပါတဲ့ ရေခဲမုန့်ပဲ ပေးပါ / ၁ဝဝဝနော်”

ရွံဖို့ကောင်းလိုက်တာ။ ရေခဲမုန့်တောင် ဝေဖာမပါဘဲ စားမတဲ့။ သူစားတာ အရေးမကြီးဘူး။ မရှင်းပဲ ထထွက်သွားရင် ဆိုင်ရှင်က ကိုယ့်ကိုပဲဆူမှာ။ ဒီကောင်လေးကို မျက်ချည်မပြတ်ကြည့်ထားမှ ဖြစ်မယ်။ ရှင်းခါနီးကျမှ ဝေ့လည်ကြောင်ပတ်လုပ်နေရင်တော့ နာပြီသာမှတ်ကွာ။

ကောင်လေးက ရေခဲမုန့်ကို ကုန်အောင်စားပြီးတော့ ကောင်တာမှာ ပိုက်ဆံလာရှင်းသွားတယ်။
သိတဲ့အတိုင်းပဲ ပိုက်ဆံအနွမ်းလေးတွေလေ။မကြိုက်ပေမယ့် လက်ခံလိုက်ရတယ်။ ပိုက်ဆံဟောင်းနေလို့ အသစ်နဲ့လဲခိုင်းရင်လည်း လဲစရာပိုက်ဆံပါဦးမှ ဖြစ်တာ။ ထားလိုက်တော့။

ကောင်လေးပြန်သွားမှ သူစားထားတဲ့ ရေခဲမုန့်ခွက်ကို
သိမ်းဖို့ မလိုက်တယ်။ ရေခဲမုန့်ခွက်အောက်မှာ ၅ဝဝတန်ငွေစက္ကူတစ်ရွက်။ ဘေးနားက စာရွက်ပေါ်မှာ ခဲတံလေးနဲ့ မလှမပရေးထားတဲ့ စာလေးတစ်ကြောင်းက ကျနော့်ကို မှင်သက်သွားစေတယ်။

“အကိုကြီးအတွက် ဘောက်ဆူး ၅ဝဝ”

စာရွက်လေးကို ကိုင်ပြီး ကျနော် တွေဝေသွားတယ်။ ရင်ထဲမှာတော့ ရှက်ရွံ့တဲ့စိတ်တွေ၊ ကောင်လေးကို အထင်ကြီးတဲ့စိတ်တွေနဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိပါတယ်။ သူ့မုန့်ဖိုးလေးတွေ စုပြီးတော့ သူအရမ်းစားချင်တဲ့ ဝေဖာပါတဲ့ ရေခဲမုန့်ကိုတောင် မစားဘဲနဲ့ ကျနော့်အတွက်ဘောက်ဆူး ၅ဝဝ
ချန်ထားပြီး ရိုးရိုးရေခဲမုန့်ကို စားသွားတယ်။ ဒါကို မသိတဲ့ ကျနော်က ကောင်လေးကို အထင်တွေသေးနေတာ။ ကောင်လေးကို လေးစားမိသလောက် ကျနော့်ကိုယ် ကျနော် ရှက်မိတယ်။ ဘောက်ဆူးပေးတဲ့ ပိုက်ဆံ ၅ဝဝကိုတော့ အမှတ်တရ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားလိုက်တယ်။ လူတိုင်းကို အထင်မသေးဖို့၊ စာနာစိတ်ထားဖို့၊ သနားကြင်နာတတ်ဖို့တွေကို ၅ဝဝတန်လေးက
ကျနော့်ကို ပညာပေးနေသလိုပဲ။ ကောင်လေးကို ကျနော်အမြဲတမ်း မျှော်နေတယ်။ ဒီတစ်ခါ ဆိုင်ကိုရောက်လာရင်တော့ သူအရမ်းစားချင်တဲ့ ဝေဖာရေခဲမုန့်လေးကို ဝယ်ကျွေးဖို့ပေါ့။



www.becomingminimalist.com မှ စာရေးဆရာ Joshua Becker ရဲ့ The Boy and the Sundae ကို မြန်မာမှုပြုထားပါတယ်။

ကျော်စိုးအောင် (အခရာ)

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါ။
ကျွန်တော်လေ့လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။
ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက်မူရင်းရေးသားသူများအားအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(Myanmar Youth)ph-09791169860


Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths