Friday, March 10, 2017

မြန်မာမျိုးတို့ အသရေတိုးဖို့



လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်သူများအား လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းမှတစ်ဆင့် ကုန်တင်ယာဉ်များဖြင့် နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနေသည်ကို မတ် ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းနေလှိုင်)

ကျွန်တော်တို့ မြန်မာလူမျိုး၊  မြန်မာစာ၊ မြန်မာစကားမှာ အသုံးများပြီး လူအများလည်း လိုလားနှစ်သက်တဲ့ ဝေါဟာရတစ်ခု ရှိပါတယ်။ ထိုအသုံးအနှုန်းဝေါဟာရကို ကြားရသူတစ်ယောက်အတွက် ရင်တွင်းပီတိဖြစ်စေပြီး ရုပ်ပြင်မှာလည်း ကြည်နူးနှစ်သက်တဲ့ လက္ခဏာ ထင်ပေါ်စေပါတယ်။ တစ်ယောက်လောက်ကများ မိမိကို၊ မိမိကများ တစ်ပါးသူကို ထိုစကားလုံးပြောလိုက်မယ်၊ ကြားရမယ်ဆိုရင် လွန်စွာနှစ်ခြိုက်သဘောကျလေ့ ရှိပါတယ်။ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုစကားလုံးလေး သက်ရောက်ထိရိုက်ခံရသူရဲ့ မျက်နှာမှာ အပြုံးပန်းများ ဝေဆာသွားတတ်ပါတယ်။

မျက်နှာလေးက ကျက်သရေရှိလိုက်တာ၊ အသံလေးက ကျက်သရေမင်္ဂလာရှိလိုက်တာ၊ ၀တ်စားဆင်ယင်ထုံးဖွဲ့ထားတာ ကျက်သရေရှိလိုက်တာလို့ ပြောတတ်ကြတဲ့ မြန်မာလူမျိုးတွေဟာ မင်္ဂလာရှိရှိနေချင်၊ စားချင်၊ ၀တ်ချင်၊ မြင်ချင်ကြပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ လောက၀န်းကျင်အရသာနဲ့ ဘ၀တွေကို ရယူပိုင်ဆိုင်ချင်ကြပါတယ်။ မိမိကိုယ်တိုင်လည်း ကျက်သရေမင်္ဂလာရှိရှိ နေချင်ကြပြီးသူများရဲ့ အသိအမှတ်ပြု ချီးမွမ်းခံရခြင်းကိုလည်း လိုလားတပ်မက်လေ့ သာယာလေ့ရှိပါတယ်။ တကယ်တော့ မြန်မာသာမဟုတ်ပါဘူး။ ကမ္ဘာလောကတစ်ခုလုံးမှာရှိတဲ့ သက်ရှိသက်မဲ့ အရာအားလုံး ၀န်းကျင်တစ်ခုလုံးမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့  ပြည့်ဝတာကောင်းသလို လူသားတို့င်းလည်း လိုချင်ကြမှာပါ။

မြန်မာအဘိဓာန်စာအုပ်မှာ ကျက်သရေဆိုတာ အသရေနဲ့တူတယ်။ တင့်တယ်ခြင်း၊ မင်္ဂလာရှိခြင်း၊ တင့်တယ်သောအရာ၊ မင်္ဂလာရှိသောအရာလို့ ဆိုပါတယ်။ သီရိဆိုတာကလည်း တင့်တယ်ခြင်း၊ ကျက်သရေရှိခြင်းကို ဆိုပါတယ်။ သီရိနဲ့ကျက်သရေဟာ အဓိပ္ပာယ် ချင်းအတူတူဖြစ်တဲ့အတွက် ဂုဏ်ကိုဂုဏ်ချင်းထပ်ပြီး ပိုမိုပြည့်စုံအောင် ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။ အကယ်ဒမီတစ်ခုထက်စာရင် နှစ်ခုသုံးခုရတာက ပိုပြီးဝမ်းသာဂုဏ်ယူစရာ ဖြစ်တာမို့ ထပ်ဆင့်အကယ်ဒမီ၊ အကယ်ဒမီများရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို အနုပညာရှင်တိုင်း လိုချင်ကြပါတယ်။ လူတိုင်းဟာ အောင်မြင်မှုနဲ့ပတ်သက်လာရင် လောဘရှိကြပါတယ်။ ထပ်ကာထပ်ကာ လိုချင်ကြပါတယ်။

လောကမှာ ကျက်သရေအမျိုးမျိုးရှိပါတယ်။ ရုပ်ဆင်းအင်္ဂါရူပါရုံကျက်သရေ၊ အသံနဲ့ပတ်သက်တဲ့ သဒ္ဒါစုံကျက်သရေ၊ ပညာဥစ္စာ ဓနအောင်မြင်မှုနဲ့ ပတ်သက်တဲ့ ဂုဏ်ကျက်သရေအမျိုးမျိုးမှာ မြတ်စွာဘုရားရဲ့ ကျက်သရေတော်ကတော့ အသာဆုံး အမြတ်ဆုံးဖြစ်ပါတယ်။ ကျား၊ ခြင်္သေ့စတဲ့ ရန်သူကား အသက်လုပြေးနေရတဲ့ သမင်ဒရယ်စသော သတ္တ၀ါတွေ အသံသာယာလွန်းလို့ သေဘေးကိုမေ့ပြီး မိန်းမောနားထောင်ရတဲ့ စိတ်ငှက်မင်း အသံထက်လည်း ပိုမိုသာလွန်သောအသံ ကျက်သရေပိုင်ဆိုင်တော်မူသလို ၀င်ခါနီးနေမင်းကြီး ထွက်ပြူကာစ လပြည့်ဝန်းတို့ရဲ့ ကျက်သရေ ထက်လည်းသာလွန်၊ ရတနာအမျိုးမျိုးတို့ ထိန်ထိန်တောက်သော ကောသလမင်းကြီး ဈာန်ဝင်စားနေသော ရဟန္တာမထေရ်မြတ်တို့ရဲ့ ကျက်သရေတော်တို့ထက်လည်း ပိုမိုသာလွန်သော ကျက်သရေတော်ကို မြတ်စွာဘုရားက ရရှိပိုင်ဆိုင်တော်မူတာဟာ ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ခဲ့သော ပါရမီနဲ့ ကုသိုလ်တွေကြောင့် ဖြစ်ပါတယ်။

စာရေးသူကို မင်းမျက်နှာက ကျက်သရေမရှိဘူး။ မင်းရုပ်သွင်က မတင့်တယ်ဘူး။ မင်းအသံကြားရတာ မသာယာဘူး။ ငှက်ဆိုးထိုးသံလိုပဲ ကျက်သရေမင်္ဂလာကို မရှိဘူးဆိုရင် ခံချင်မှာမဟုတ် နှစ်သက်လိုလားမှာ မဟုတ်ပါဘူး။ ဒီထက်ဆိုးတဲ့ ခံစားမှု၊ မခံချင်မှု ရှိပါသေးတယ်။ မင်းတို့မြန်မာတွေ။ အဲဒီလို ဝေဖန်ကဲ့ရဲ့ ခံရတဲ့အခါ လက်ထိပ်နာသလို ခံစားရပါတယ်။ စာရေးသူတို့ လူမျိုးများ နေထိုင်ရာ အမိမြန်မာနိုင်ငံကို ပြန်လှည့်ကြည့် စူးစမ်းလေ့လာကြည့်မိပါတယ်။ သူတို့တွေဟာ တို့မြန်မာ၊ တို့နိုင်ငံကို အသရေဖျက်နေတာလား၊ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ရည်ရွယ်ပြီး လုပ်ကြံပြောဆိုတာလား၊ ဒါမှမဟုတ် သူတို့တွေပြောလောက်အောင်၊ အပြောခံအဝေဖန်ခံရ လောက်အောင်တို့ မြန်မာတွေရဲ့ ဥပဓိရုပ်သွင်နဲ့ စိတ်အစဉ်တွေ ဆိုးရွားနေသလေား။ တကယ်လား၊ ညာတာလား၊ လုပ်ကြံဖန်တီးတာလား။

အမိမြန်မာနိုင်ငံတော်ကြီးဟာ အရင်တုန်းက အစိမ်းရောင်ဥပဓိရုပ် (Green Land) ရှိခဲ့ပါတယ်။ အခုတော့ အစိမ်းရောင်ဥပဓိရုပ်က ဖျော့တော့တော့ ဖြစ်လာတယ်။ စိမ်းလန်းစိုပြည်ပြီး သာယာရှုမောဖွယ်ကောင်းတဲ့ ရုပ်သွင်ရှုခင်းတွေ အားလျော့လာတယ်။ ပူပြင်းခြောက်သွေ့ပြီး ရှုမောစရာတွေအစား ရင်မောစရာ မြင်ကွင်းတွေပေါ်လာတယ်။ ရာသီဝန်းကျင် အပူဒဏ်ကြောင့် မြန်မာတို့အသား အရေလည်း ခြောက်သွေ့ညှိုးမှိန်လာတယ်။ အရောင်တွေပြောင်းလာတယ်။ အသားအရေ တင်လားဆိုတော့ မဟုတ်ပါဘူး၊ ပူလောင်ဆူပွက်လာတဲ့ သွေးတွေကြောင့် မြန်မာတို့ရဲ့စိတ် အတွေး၊ စိတ်အကြံ၊ စိတ်အမြင်တွေဟာ ကြည်လင်ရှင်းပအေးမြ မလာတော့ဘူး။ နုပျိုလန်းဆန်း ရှုချင်စဖွယ်အသွင်တွေ မှေးမှိန်လာတယ်။

ပစ္စက္ခ မြန်မာမှာ မင်္ဂလာမရှိ သာယာနာပျော်ဖွယ်မကောင်းတဲ့ အသံတွေကြားနေရတယ်။ ကယ်ပါ၊ ကူညီပါ၊ ကိုယ်ချင်းစာပါ၊ သနားပါဆိုတဲ့ အသံတွေကြားနေရတယ်။ မချိမဆံ့ဝေဒနာခံစားနေရတဲ့ ဒုက္ခသည်တွေကို  မြင်နေရတယ်။ နိုင်ငံရေးဒုက္ခ၊ စီးပွားရေးဒုက္ခ၊ ပညာရေးဒုက္ခ၊ လူမှုရေးဒုက္ခတွေ များပြားလာတယ်။ ညီအစ်ကိုမသိတသိ အချိန်လိုမျိုး လူလုံးမကွဲရန်သူ မိတ်ဆွေမသေချာ၊ သံသယအစွဲနဲ့ ယုံကြည်စိတ်ချရမှု၊ စိတ်နှလုံး တုံးတုံးချနိုင်မှုကလည်း အားနည်းလှတဲ့ အခြေအနေကို ရောက်နေတယ်။

ကိုယ့်အိမ်အတွင်းရေးမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ညီညွတ်ရေး၊ ချစ်ကြည်ရေးတွေ ပျက်ပြားယိုယွင်းတဲ့အတွက် ပတ်ဝန်းကျင်က အထင်အမြင်သေးတာ၊ ဝေဖန်ကဲ့ရဲ့ ပြစ်တင်တာ၊ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံဖန်တီးပြောဆိုတာ၊ ဘ၀အခြေအနေ ယိုယွင်းအောင် စိတ်အကြံကြီးတာတွေနဲ့  ရင်ဆိုင်ရတဲ့  အိမ်တစ်အိမ်လိုမျိုး အမိမြန်မာများ ရင်ဆိုင်တွေ့ကြုံနေရတဲ့အတွက် အမိမြန်မာမှာလည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်လာရပါတယ်။

လောကနီတိမှာ ‘အသုခဿ ကုတောပုညံ’ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ပြုနိုင်အံ့နည်းလို့ပါ ပါတယ်။ ချမ်းသာနဲ့ ကောင်းမှုမင်္ဂလာ၊ ဆင်းရဲနဲ့ မကောင်းမှုဝေဒနာတို့ဟာ ဆက်စပ်ပတ်သက် နေတတ်ပါတယ်။ အမှီသဟဲပြုပါတယ်။ လောကတွင် ကြောက်လန့်ဖွယ်၊ မနှစ်သက်ဖွယ်သော ဘေးဆိုးဒုက္ခတွေရှိပါတယ်။ လူတွေကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေပါတယ်။ အဲဒီဘေးဆိုးတွေမှာ ပရာနုဝါဒဘေး (သူတစ်ပါးကို စွပ်စွဲခြင်း)၊ ဒဏ္ဍဘေး (အပြစ်ဒဏ်ခံရခြင်း) ၊ ဒုဂ္ဂတိဘေး (ဆင်းရဲနုံချာသည့် ဘ၀ကျရောက်ခြင်း)၊ အတ္တာနုဝါဒဘေး (မိမိကိုယ်ကိုယ် စွပ်စွဲပြစ်တင်ခြင်း) တို့ ဖြစ်ပါတယ်။ ထိုဘေးဆိုးတို့ အနည်းအများဟာ မြန်မာတို့ကို ကျရောက်နှိပ်စက်နေတယ်။ ဒါကြောင့် မြန်မာတို့မှာ ပီတိသော မနဿမဖြစ်နိုင်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတာကြောင့် လောကီကောင်းကျိုး၊ တမလွန် ကောင်းကျိုးတွေကို အပြည့်အ၀မရနိုင်၊ မစုဆောင်းနိုင် ဖြစ်နေတာတွေ့ရပါတယ်။ လောကနီတိရဲ့အဆိုနဲ့ ညီညွတ်နေပါတယ်။

အမိမြန်မာနိုင်ငံကြီး ချမ်းသာစီးပွားတိုးတက်ပြီး ငြိမ်းချမ်းသာယာရှိမယ်ဆိုရင် သူမရဲ့ ရုပ်ဆင်းသွင်ပြင်လက္ခဏာတွေ ကြည်လင်ရွှင်ပျကျက်သရေ မင်္ဂလာတိုးပွားလာမှာပဲ ဖြစ်ပါတယ်။ အမိမြန်မာမှာရှိတဲ့ သားသမီးနဲ့တူသော ပြည်သူတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်မိသားစုနဲ့ တစ်မိသားစု၊ တစ်အိမ်နဲ့ တစ်အိမ် ချစ်ခင်ကြင်နာစွာရှိကြမယ်၊ နားလည်မှုရှိမယ်၊ ကူညီရိုင်းပင်းကြမယ်၊ ကျန်းမာရွှင်လန်း စီးပွားရေးတိုးကြမယ်ဆိုရင် မိခင်မြန်မာလည်း ပီတိဝေဖြာ ၀မ်းသာခြင်းဖြစ်မိမှာပါ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲ၊ ယုံကြည်မှုကွဲ၊ ရန်လိုတကဲကဲ ဖြစ်နေကြမယ်၊ မတည့်အတူနေကြမည်ဆိုရင် ရူပါရုံ၊ သဒ္ဓါရုံစတဲ့ ကျက်သရေမင်္ဂလာတွေလည်း ညှိုးနွမ်းနေမှာပါ။

လောကမှာ ကောင်းတာ၊ ဆိုးတာ၊ မှန်တာမှားတာကို ခွဲခြားသိမြင် လုပ်ဆောင်တတ်ဖို့ သိသူမြင်သူ တတ်သူတွေက လမ်းညွှန်ဆုံးမ ပြုကြရပါတယ်။ ကျန်သူများက ကောင်းကျိုးလိုလားသူများက လိုက်နာသင်ယူကြရပါတယ်။ ထိုသို့ ဆုံးမလမ်းညွှန်ပြသတာကိုနာယူ၊ သင်ယူ၊ ပြင်သူ၊ လိုက်နာသူတွေများလာမှ သာလောကမှာ မကောင်းမှု ကောင်းမှု၊ မှန်မှု မှားမှု၊ အကျိုးအပြစ်ကို ခွဲခြားသိမြင်နိုင်သူ တိုးပွားလာမယ်။ အကုသိုလ်ကိုရှောင် ကုသိုလ်ကိုဆောင်သူများလာမယ်။ ကုသိုလ်အလုပ်တွေ များလာမှ အကုသိုလ်တရားတွေ လျော့ကျပပျောက်သွားပြီး ကုသိုလ်ချမ်းသာတွေ လက်ငင်းအကျိုးပေးမှာ ဖြစ်ပါတယ်။

လောကမှာ ပြုပြင်ပြောင်းလဲရန် ခက်ခဲတဲ့အကြောင်းတရားတွေက မြန်မာတို့ ကြီးပွားတိုးတက်ရေးမှာ အဟန့်အတား ဖြစ်စေပါတယ်။ မိခင်မြန်မာအတွက် စိတ်မကောင်းစရာ ဖြစ်စေပါတယ်။ တချို့က အမှန်ပြင် အမှားပြင်ဖို့ ခေါင်းမာနေကြ၊ ဆိုဆုံးမရခက်နေ ကြတဲ့အတွက် သောကများစရာ ဖြစ်စေပါတယ်။ ဆိုဆုံးမနာယူဖို့ ခက်ခဲတဲ့ လူတွေနဲ့ ပတ်သက်ပြီး စာပေမှာရှိတာက (၁) အလိုဆိုးရှိသူ၊ (၂) မိမိကိုယ်ကိုယ် မြှင့်တင်ပြီး သူတစ်ပါးကို ရှုတ်ချတတ်သူ၊ (၃) အမျက်ထွက် အမျက်ကြီးသူ၊ (၄) ရန်ငြိုးဖွဲ့တတ်သူ၊ (၅) အစွဲ အလမ်းကြီးတတ်သူ၊ (၆) အမျက်ဒေါသနှင့် ဆက်စပ်ပြောတတ်သူ၊ (၇) သူတစ်ပါးက မေးလျှင် ဆန့်ကျင်ဘက်စကားဆိုတတ်သူ၊ (၉) သူတစ်ပါးကို ကြိမ်းမောင်းတတ်သူ၊ (၁၀) သူ တစ်ပါးက မေးမြန်းသော် လွှဲဖယ်တတ်သူ၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်တတ်သူ၊ (၁၃) မနာလို ၀န်တိုတတ်သူ၊ (၁၄) စဉ်းလဲတတ်သူ၊ လှည့်ပတ်တတ်သူ၊ (၁၅) ခက်ထန်မောက်မာသူ၊ (၁၆) မိမိအယူကို စွဲလမ်းပြီး စွန့်လွှတ်နိုင်ခဲသူတို့ ဖြစ်ကြပါတယ်။ ထိုသူတွေများပြားနေရင် ကုသိုလ်ကောင်းမှု အကျိုးထက် မကောင်းမှု အကုသိုလ်ဆိုးကျိုးက စိုးမိုးအနိုင်ရနေဦးမယ်လို့ မှတ်သားရပါတယ်။

ကုသိုလ်ကံ အကျိုးပေးကောင်းအောင် ဆိုဆုံးမလွယ်ကူ၊ သင်ယူ၊ နာယူ၊ ပြုပြင်တတ်သူတွေ ဖြစ်ဖို့လိုပါတယ်။ အသိ၊ သတိဆင်ခြင်တုံတရား ရှိသူတို့အဖို့ ပြင်လို့မရနိုင်သော အမှားဆိုတာ ဘယ်တော့မှမရှိနိုင်ဘူး။ ထိုအမှားမျိုးကို အသိဥာဏ်နည်းပါးသူတွေပဲ ကျူးလွန်ကြတယ်လို့ ဆိုပါတယ်။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာလိုမျိုးကို နှလုံးသွင်းဆင်ခြင်ကြဖို့ အရေးကြီးပါတယ်။ ‘သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ’ ဆိုတဲ့ အတိုင်းမြန်မာတို့ ကျင့်ကြံနေထိုင်နိုင်ကြဖို့ လိုပါတယ်။ ‘ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသော ထွေမှန်လှစေ’ ဆိုတဲ့ အတိုင်းလေ့ကျင့်ပျိုးထောင် လိုက်နာကြမယ်ဆိုရင်တော့ မြန်မာမျိုးတို့မှာ အသေရေတိုးလာမှာ အသေအချာပါ။

Writer: 

သန်းထိုက် (သာကေတ)



အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Myanmar Youths Technology Group

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ Myanmar Youths