တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက် ရှိတယ်။သူတို့နှစ်ယောက်က တံငါသည်တွေ။ ပင်လယ်ပြင်ရဲ့ လှိုင်းသံ လေသံတွေကြားထဲမှာ သူတို့ရဲ့ဘဝကို တည်ဆောက်နေရတဲ့သူ။
မုန်တိုင်းနဲ့ ကျောက်ဆောင်ဆိုတာ သူတို့ရဲ့ မိတ်ဆွေ။ ငါးဖမ်းခြင်းဖြင့် အသက်ကို မွေးနေကြရတဲ့ သူတွေ။ နေ့စဉ်နေ့တိုင်း ပင်လယ်ပြင်ကြီးနဲ့ ဘဝကို အလောင်းအစား လုပ်နေရတဲ့သူတွေပေါ့။
ဒါပေမယ့် သူတို့နှစ်ယောက်မှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိတယ်။
တစ်ယောက်ကတော့ လှေမရှိ၊ ပိုက်ကွန်မရှိ၊ အလုပ်သမားမရှိ၊ ငါးမျှားတံထိပ်မှာ “ငါးစာ”ကိုတပ်ပြီး ပင်လယ်ကမ်းစပ်မှာ ငါးကိုရှာရတဲ့ တံငါသည်။ ကျောက်ဆောင်ကြို ကျောက်ဆောင်ကြားထဲမှာ ကဏန်းကိုနှိုက်ပြီး အသက်မွေးရတဲ့သူ။ တစ်ခါတစ်ရံတော့ သဲသောင်ပြင်ကို တူးဆွ၊ လိပ်ဥလေးတွေကို ရှာဖွေရောင်းချ. . .။
တစ်ခါတလေတော့လည်း . . . ပင်လယ်ရေထဲကိုငုပ်ပြီး ပုစွန်နှိုက်တဲ့အခါ နှိုက်. . .။ တစ်နေ့တာ ဝမ်းစာအတွက် အလျဉ်မမီရှာဘူး။ ငါးရတဲ့အခါ ရ၊ ပုစွန်ရတဲ့အခါ ရနဲ့ . . .ဘဝကို အားငယ်စွာ ဖြတ်သန်းနေရတဲ့သူ။ ရလာတဲ့ ငါးတွေ၊ ပုစွန်တွေကလည်း ဈေးကွက်မဝင်။ ဒီတော့ ရတဲ့ဈေးနဲ့ ဖြစ်သလိုရောင်း. . . ။ ဘဝဆိုတာ ဘာပဲဖြစ်ဖြစ် ကောင်းတယ်လို့ တွေးထားတဲ့သူ။
နောက်တစ်ယောက်ကတော့ . . .ပင်လယ်ပြင်ကို ထွက်ပြီး စက်လှေနဲ့ ပိုက်ချ ငါးရှာတဲ့ တံငါသည်ကြီး။ မနက်စောစော ဒီရေအတက်မှာ ပင်လယ်ပြင်ကို စက်လှေကြီးနဲ့ ထွက်ရတယ်။ စက်လှေပေါ်မှာလည်း စက်အပိုပစ္စည်းတွေ၊ ပိုက်တွေ၊ အလုပ်သမားတွေနဲ့ပေါ့။
ပင်လယ်ပြင်က ငါးဖမ်းပြီး ပြန်လာတယ်ဆိုရင် ငါးပိဿာ ချိန်ထောင်ချီပြီး ရတယ်။ ငါးတွေကလည်း လတ်လတ်ဆတ်ဆတ်. . .။ တံငါသည်ကြီးဆိုတော့ ချမ်းသာတာပေါ့။
သူတို့တစ်ရွာလုံးမှာ တိုက်တစ်လုံးပဲ ရှိတယ်။ အဲဒီ တံငါသည်ကြီးရဲ့တိုက်ပဲ။ သူ့အိမ်မှာ အလုပ်သမားတွေကလည်း အများကြီးပဲ။ သူ့ရဲ့ချမ်းသာမှုက အားကျစရာ ကောင်းလိုက်တာ။ ပင်လယ်ထဲက ပြန်လာမယ့်နေ့ ဆိုရင် တစ်ရွာလုံးက သူ့ရဲ့ စက်လှေကိုပဲ မျှော်နေကြရတယ်။
စက်လှေပေါ်က ငါးတွေကို ရေခဲရိုက်ရဦးမယ်။ ပြီးရင် မြို့ကြီးတော်ဆီက ဈေးကွက်ထဲရောက်ဖို့ ကားတွေပေါ် တင်ကြရဦးမယ်။ စက်လှေနဲ့ ပိုက်ကွန်ကြီးတွေ ပိုင်တဲ့ တံငါသည်ကြီးဆိုတော့ အားကျစရာကောင်းတာပေါ့။
ကမ်းစပ်မှာပဲ အသက်မွေးရတဲ့ တံငါသည်လေးက တံငါသည်ကြီးကို အားကျတယ်။ သူ့လို တိုက်ကြီးနဲ့ နေချင်တယ်။ သူ့လို နာမည်ကြီးချင်တယ်။ သူ့လို ဝင်ငွေတွေ ရချင်တယ်။ သူ့လိုလည်း စက်တပ်လှေတွေ ပိုင်ချင်တယ်။ သူ့လိုပဲ ပိုက်ကွန်တွေနဲ့ ပင်လယ်ထဲကို ထွက်ပြီး ငါးတွေ ရှာလိုက်ချင်တယ်။ တံငါသည်ကြီးရဲ့ဘဝကို လိုချင်တယ်။
တံငါသည် သူဌေးကြီးကလည်း သူ့ဘဝကို သူ တအား ကျေနပ်နေတယ်။ ဒီရွာမှာ သူ့လောက် ချမ်းသာတဲ့သူ မရှိဘူး။ သူ့လောက် သုံးနိုင်၊ ဖြုန်းနိုင်တဲ့သူ မရှိဘူး။ လှူဒါန်းနိုင်တဲ့သူ မရှိဘူး။ တစ်ရွာလုံး သူ့ဩဇာအောက်မှာ ရှိနေတာကို သူ ကျေနပ်တယ်။ သူ့ဘဝကလည်း ဘာမဆိုဖြစ်နေတာကိုး။
တစ်နေ့မှာ သူငယ်ချင်းနှစ်ယောက် တွေ့ကြတယ်။ တံငါသည်လေးက ပြောတယ်။”သူငယ်ချင်းရယ်၊ မင်းဘဝကတော့ အားကျလောက်ပါတယ်။ ဒီပင်လယ်ပြင်ကြီးဟာ မင်းအတွက် ရတနာသိုက်ကြီးပဲနော်။ မနက်ဆိုရင် ပင်လယ်ထဲကို ထွက်တယ်။(၂) ရက် (၃) ရက်နေရင် ပြန်လာတယ်။ ငါးတွေ ပါလာတယ်။ ရေခဲရိုက်ပြီး မြို့ကို ပို့တယ်။ မင်း သိပ်ချမ်းသာတာပဲနော်. . .”
“မင်း ထင်ထားတာထက်ကို ငါက ချမ်းသာတယ်။ မင်းလို ပင်လယ်ပြင်ဘေးမှာ ငါးမျှားလိုက်၊ ပုစွန်နှိုက်လိုက်ဘဝမျိုးက အောက်တန်းကျပါတယ်ကွာ။ ငါးစာကို ငါးမျှားတံမှာတပ်ပြီး ငါးဖမ်းတဲ့သူက ငါးတစ်ကောင်ပဲရမှာကွ။ ငါ့လို ပိုက်ကွန်ကြီးနဲ့ ဖမ်းတဲ့သူက ပိုက်တစ်ခါဆွဲရင် ငါးပိဿာချိန် ရာဂဏန်း ဆိုတာ အသာလေးပဲ။ ငါပြောတာတွေ မင်း နားလည်မှာ မဟုတ်ပါဘူး. . .”
ဒီလိုနဲ့ တစ်နေ့မှာ ပင်လယ်ပြင်ကို စက်လှေနဲ့ထွက်ပြီး တံငါသည်ကြီး ငါးဖမ်းထွက်သွားတယ်။ အဲဒီနေ့က ကံသိပ်ကောင်းတယ်။ ငါးတွေကလည်း ပိုက်ဆွဲလိုက်တိုင်း ငါးအများကြီးရတယ်။ စက်လှေပေါ်မှာ ဖမ်းမိတဲ့ ငါးတွေကိုတင်ရင်း . . . တင်ရင်းနဲ့ စက်လှေဟာ မြုပ်လုမြုပ်ခင်အထိကို ဖြစ်လာတယ်။ တံငါသည်ကြီး သိပ်ပျော် နေတယ်။
အဲဒီအချိန်မှာ ပိုက်ဆွဲရင်းနဲ့ ငါးအကြီးကြီးတစ်ကောင်ကို မိပါတော့တယ်။ ငါးက အတော်ကြီးကို ကြီးတယ်။ တစ်ခါမှ မဖမ်းမိဖူးတဲ့ ငါးကြီးပေါ့။ ငါးကြီးကိုလည်း မိရော တံငါသည်ကြီးက သိပ်ဝမ်းသာသွားတယ်။
“စက်လှေပေါ်ကို ဖြစ်အောင်တင်ကြဟေ့၊ ဒီလိုငါးကြီးမျိုး ဘယ်သူမှ မဖမ်းမိသေးဘူး၊ သေသေချာချာ တင်ကြစမ်း . . . “စက်လှေပေါ်က အလုပ်သမားတွေက ပြန်ပြောကြတယ်။
“သူဌေး၊ ဒီငါးကြီးကို တင်ရင် စက်လှေက ပင်လယ်ထဲကို မြုပ်သွားမှာ၊ တင်လို့ မဖြစ်ဘူးဗျ””ဖြစ်အောင် တင်ကွာ၊ ဒီလိုငါးကြီးမျိုး . . . ငါ့ကံကြောင့် မိတာ၊ ရတာ. . . မဖြစ်ဖြစ်အောင်တင်. . . ဒါပဲ. . .”
“ဒါဆိုရင် သူဌေးမင်းရယ်၊ စက်လှေပေါ်က ငါးတချို့ကို ပင်လယ်ထဲပြန်ချမှ ဖြစ်မယ်။ ဒါမှ ဒီငါးကြီးကို စက်လှေပေါ် တင်လို့ရမှာ. . . “”မလိုချင်ဘူးကွာ၊ ဖြစ်အောင်လုပ်။ မင်းတို့တစ်တွေ အဲဒီလို ဆင်ခြေဆင်လက်တွေ များလို့ ဒီလိုဘဝမှာ နေကြရတာ၊ မဖြစ်ဖြစ်အောင် လုပ်၊ ဖြစ်ကို ဖြစ်ရမယ် . . .”
“သူဌေးမင်းရယ်၊ ဟိုး . . . တောင်ဘက်ကို ကြည့်လိုက်စမ်းပါ၊ မှောင်မည်းလာပြီ၊ မုန်တိုင်းကျတော့မယ် ထင်တယ်။ မုန်တိုင်းကို လွတ်အောင် ဒီစက်လှေကိုမောင်းဖို့ဆိုရင် ဒီစက်လှေပေါ်က ငါးတော်တော်များများကို ပင်လယ်ထဲမှာ ပြန်ပြီး လွှင့်ပစ်မှ ဖြစ်မယ်. . . ”
“ဘာပဲဖြစ်ဖြစ်. . .၊ ဟောဒီငါးကြီးကို စက်လှေပေါ် ရောက်အောင်တင်။ ပြီးရင် မုန်တိုင်းကို လွတ်အောင်မောင်း၊ ပါးစပ်ပိတ်ထားကြ၊ ဒါပဲ. . . ”
စက်လှေပေါ်က အလုပ်သမားတွေ အားလုံးဟာ တံငါသည်ကြီး သူဌေးမင်းကို ကြည့်ပြီး စိတ်ညစ်နေကြတယ်။
ဒီမုန်တိုင်းရယ်. . . ၊
ဒီလှေရယ် . . .၊
ဒီလှေပေါ်က ငါးတွေရယ် . . .၊
ပြီးတော့ . . .ငါးကြီးကြီးတစ်ကောင်ရယ်. . .၊ ဘယ်လို စခန်းသွားကြမလဲ။
ပင်လယ်ကမ်းစပ်မှာရှိတဲ့ တံငါသည်လေးကတော့ ကမ်းစပ်မှာပဲ ငါးမျှားလိုက်၊ ပုစွန်နှိုက်လိုက်နဲ့ပေါ့။
နောက် (၃) (၄) ရက် ကြာတဲ့အထိ တံငါသည် သူဌေးမင်းရဲ့စက်လှေ ကမ်းကို ပြန်ပြီး ရောက်မလာဘူး။
နောက် . . . (၁)လ၊ (၂)လ။
နောက် . . . (၁)နှစ်၊ (၂)နှစ်။
ပင်လယ်ကမ်းစပ်မှာတော့ တံငါသည်လေးက ပင်လယ်ပြင်ကြီးကို ကြည့်ပြီး . . .”သူငယ်ချင်း သူဌေးမင်းရယ် . . . မင်းက ငွေကြေး ချမ်းသာသလို လောဘတွေလည်း ချမ်းသာတယ်။ ဒီပင်လယ်ကြီးထဲက ငါးတွေကို ပုံမှန်ကလေး ရှာစားနေရုံနဲ့ ဘဝတစ်ခု ဖြစ်နိုင်ပါတယ်ကွာ။
အခုတော့ မင်းက ရေတွေရှိတဲ့၊ ငါးတွေရှိတဲ့ ပင်လယ်ထဲမှာ သေဆုံးသွားရတာ မဟုတ်ဘူး။ မင်းက ငွေမုန်တိုင်း တွေ တိုက်နေတဲ့ ‘လောဘပင်လယ်’ ထဲမှာ ကူးရင်း ခပ်ရင်း၊ ရှာရင်းဖွေရင်း သေဆုံးသွားရတာ . . .”
တံငါသည်နှစ်ယောက်ဖြစ်ရပ်ကို ကြည့်ပြီး လူတွေရဲ့ ဘဝတွေနဲ့ ဆက်စပ်ပြီး စဉ်းစားကြည့်ကြရအောင်ဗျာ။
ဟော. . .ဟိုမှာ . . .။ အပွင့်အခက်တွေဝေနေတဲ့ သူဌေးမင်းကြီးတွေ . . .။ပင်လယ်ထဲကို ငါးရှာထွက်ကြပြန်ပြီ။
ဦးဘုန်း (ဓာတု)မန္တလေးပန်းသေနတ် (အတွေးရသစာစု) စာအုပ်မှ
Saturday, May 6, 2017
11:55 PM
မတူညီတဲ့တံငါသည်နှစ်ယောက်
MR: EDITOR
Unknown
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.
Related Posts
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment